(နယူးယောက်၊ အောက်တိုဘာလ ၃၀-ရက်)
ဗြိတိန်နိုင်ငံရှိ ဒေသဆိုင်ရာလေဆိပ်တစ်ခု၌ အမေရိကန်ကုန်တင်လေယာဉ်တစ်စင်းပေါ်တွင် မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားနိုင်ငံတကာလေဆိပ်နှင့် နီးဝပ်လစ်ဘာတီလေဆိပ်တို့ရှိ ကုန်တင်လေယာဉ်များကို ဗုံးကျွမ်းကျင်သူများက ရှာဖွေစစ်ဆေးခဲ့ရကြောင်း မြို့ပြလေကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ၀ါရှင်တန်ဒေသ၀န်းကျင်ရှိ စစ်ဘက်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှု အက်ဖ်ဘီအိုင် စုံစမ်းစစ်ဆေး **
(၀ါရှင်တန်၊ အောက်တိုဘာလ ၃၀-ရက်)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ဒေသ အနီးဝန်းကျင်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို မည်သူမည်ဝါမှန်း မသိရသူတစ်ဦးက ညဘက်တွင် ချောင်းမြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့သည်မှာ လေးကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို(အက်ဖ်ဘီအိုင်)က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အမေဇုန်မိုးသစ်တော၌ သတ္တ၀ါမျိုးစိတ်အသစ်များ တွေ့ရှိ **
(နာဂိုရာ၊ အောက်တိုဘာလ ၃၀-ရက်)
ယခင်ကတွေ့ဖူး၊ ကြားဖူးခြင်းမရှိသေးသော တိရစ္ဆာန်မျိုးစိတ်သစ်များကို အမေဇုန် မိုးသစ်တောထဲတွင် ကမ္ဘာ့သားရိုင်းတိရစ္ဆာန်ကာကွယ်ထိန်းသိမ်းရေးအဖွဲ့ (ဒဗလျူဒဗလျူအက်ဖ်)က ရှာဖွေတွေ့ရှိခဲ့ကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ တွေ့ရှိခဲ့ရသော တိရစ္ဆာန်မျိုးစိတ်သစ်များထဲတွင် ဆီဒင်ဘတ်စ်ကားတစ်စီးစာမျှ အလျားရှည်သော အင်နာကွန်ဒါ မြွေကြီးမျိုးများ၊ မျောက်များကိုပင် ဖမ်းဆီးစားသောက်သည့် ဧရာမ သားစားငါးခူကြီးများ၊ အစွယ်ပါ အပြာရောင်ပင့်ကူများနှင့် အဆိပ်ရှိ ဖားသတ္တ၀ါများ ပါဝင်သည်ဟု ဆိုသည်။ (အင်တာနက်)
** တိုက်ချင်းပစ်ဒုံးကျည် ရုရှားအောင်မြင်စွာစမ်းသပ် **
(မော်စကို၊ အောက်တိုဘာလ ၃၀-ရက်)
တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတစ်ရပ်ကို ရုရှားနိုင်ငံက အောင်မြင်စွာ ဆောက်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန အာအိုင်အေက အောက်တိုဘာလ ၂၉ ရက်နေ့တွင် သတင်း၌ ဖော်ပြသည်။ အဆိုပါ တိုက်ချင်းပစ်ဒုံးကျည် အောက်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်မှုသည် လာမည့် ၁၀ နှစ်အတွင်း ညူကလီးယားဒုံးကျည်အစီအစဉ်အတွက် အခြေခံအုတ်မြစ်ဖြစ်လာလိမ့်မည်ဟု မော်စကိုက မျှော်လင့်ထားသည်။ (အင်တာနက်)
** ပင်လယ်ဓားပြနှိမ်နင်းရေး ပူးပေါင်းပါဝင်ရန် ပြင်သစ်လေယာဉ်တင်သင်္ဘော စေလွှတ် **
(ပါရီ၊ အောက်တိုဘာလ ၃၀-ရက်)
ပင်လယ်ဓားပြနှိမ်နင်းရေးအပါအ၀င် ပါရှားပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ရေတပ်နှင့် လေတပ်အင်အား မကြုံစဖူးတည်ဆောက်မှုတွင် တစ်တပ်တစ်အားပါဝင်ရန် ပြင်သစ်နိုင်ငံက ညူကလီးယားစွမ်းအင်သုံး စစ်သင်္ဘောတစ်စင်းကို ပါရှားပင်လယ်ကွေ့သို့ အောက်တိုဘာလ ၂၉ ရက်နေ့၌ စေလွှတ်လိုက်ပြီဖြစ်သည်။ (အင်တာနက်)
** ဆက်သွယ်ရေးဂြိုဟ်တုများကို သယ်ဆောင်သွားသည့် အာရီယန်ဒုံးပျံ အောင်မြင်စွာလွှတ်တင် **
(ပါရီ၊ အောက်တိုဘာလ ၃၀-ရက်)
ရုပ်မြင်သံကြားနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် ဂြိုဟ်တုနှစ်လုံးကို သယ်ဆောင်သွားသည့် အာရီယန်ဒုံးပျံတစ်စင်းကို အောက်တိုဘာလ ၂၈ ရက်နေ့က ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ပေးနိုင်ခဲ့ကြောင်း ဥရောပအာကာသ အေဂျင်စီမှ တာဝန်ရိသူများက ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ချစ်ကြည် **
** မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ်တွေ့ရှိုကြောင့် အမေရိကန်ကုန်တင်လေယာဉ်များ ဗုံးလန့်မှုဖြစ်ပွား **

No comments:
Post a Comment