** လမ်းဘေးတွင် ရောင်းချသည့် အသားကင်များတွင် အန္တရာယ်ရှိ ရောဂါပိုးတွေ့ **
ရန်ကုန်မြို့၊ လမ်းဘေး တွင် ရောင်းချ နေသော အသား ကင်များ အတွင်း လူကို အန္တရာယ် ဖြစ်စေသည့် ရောဂါပိုး တစ်မျိုးအား တွေ့ရှိ ခဲ့ကြောင်း သိရသည်။ E-Coli (Escherichia Coli) ခေါ် ဘက်တီးရီးယား မျိုးကို လသာမြို့နယ် အတွင်း၊ လမ်းဘေး ပလက်ဖောင်း ၌ ရောင်းချသော အသား ကင်များ အတွင်း ဆေးသုတေသန ဦးစီးဌာန(အောက်မြန်မာပြည်) က တွေ့ရှိ ခဲ့ကြောင်း The Voice ဂျာနယ်တွင် ဖော်ပြ ထားသည်။ ယင်း E-Coliသည် အူမကြီး ရောင်ရမ်းခြင်း၊ သွေးဝမ်းသွားခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း ကြောင့် ဆီးထဲတွင် သွေးပါခြင်း စသည် တို့ကို ဖြစ်ပေါ် နိုင်စေ သလို အသက် အန္တရာယ် ဖြစ်စေ နိုင်လောက်အောင် ပြင်းထန် ဆိုးရွားစေ တတ်ကြောင်း သုတေသန ပညာရှင် ဒေါက်တာ သိင်္ဂီဝင်းမြတ် က The Voice သို့ ပြောကြား ခဲ့သည်။
Verotixoic အဆိပ် ထုတ်ပေးသော ယင်း ဘက်တီးရီးယား သည် အစား အသောက် နှင့် ရေတို့မှ တဆင့် ကူးစက် တတ်ကြောင်း သိရသည်။ အဆိုပါ ဘက်တီးရီးယား သည် သာမန် အားဖြင့် အူနံရံ တွင် တွယ်ကပ် နေထိုင်ပြီး လူကို အကျိုးပြုသည့် အခြေအနေမျိုးဖြင့် ရပ်တည်နေကြောင်း၊ သို့သော်လည်း သွေးနီဥများကို ပျက်စီးစေသည့် Verotoxic အဆိပ်များကိုလည်း ထုတ်ပေး တတ်ကြောင်း သိရသည်။ အသားကင် အပြင် အသားကို သေချာ ကျက်အောင် ချက်ပြုတ်ခြင်း မရှိ ပါကလည်း E-Coli ကူးစက် နိုင်ကြောင်း၊ အသား အပြင် မကျက် သေးသည့် နွားနို့ နှင့် ဟင်းသီး ဟင်းရွက် များ၌လည်း အလားတူ ဘက်တီးရီးယားများ ပျံ့နှံ့ ပေါက်ဖွား နိုင်သဖြင့် အစား အသောက် များကို သေချာစွာ ချက်ပြုတ်မှ သာ ရောဂါ ကူးစက် မှုကို ကာကွယ် နိုင်ကြောင်း ဒေါက်တာ သိင်္ဂီဝင်းမြတ် က ဆိုသည်။ ယခုE-Coliသည် ကမ္ဘာနှင့်တ၀ှမ်း အစားအသောက်မှ လူကိုအန္တရာယ်ဖြစ်အောင် ကူးစက်တတ်သည့် ရောဂါပိုးအဖြစ် သတ်မှတ်လာခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ အသိပညာတိုးပွားအောင် ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သင့်ကြောင်းလည်း ဒေါက်တာသိင်္ဂီဝင်းမြတ်က ပြောကြားကြောင်း The Voice Weekly ဂျာနယ်တွင် ဖော်ပြထားသည်။
** ကင်ဆာရောဂါကို ကြိုတင်ကာကွယ်နိုင် **
ကင်ဆာရောဂါ အမျိုး အစား အားလုံး၏ (၄၀)ရာခိုင်နှုန်းကို မဖြစ်ပွားမီ ကတည်းက ကြိုတင် ကာကွယ် နိုင်ကြောင်း ဆရာဝန် များက ထုတ်ဖော် ပြောဆို လိုက်သည်။ လူအများအနေနှင့် ဆေးလိပ်သောက်ခြင်း၊ အလွန်အကျွံ စားသောက်ခြင်း တို့ကို ရှောင်ကြဉ်ပြီး အရက်ကို အချိန် အဆနှင့် သောက်ခြင်း၊ လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း၊ ကင်ဆာကို တားဆီးနိုင်သည့် ဆေးဝါးများ မှီဝဲခြင်းတို့ဖြင့် ကင်ဆာရောဂါ အများစုကို မဖြစ်မီကတည်းက ကြိုတင်ဟန့်တားထားနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ခံခဲ့သည်။ ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကင်ဆာရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားအတွက် ကင်ဆာဆန့်ကျင်ရေး နိုင်ငံတကာ ယူနီယံ အဖွဲ့ကြီး (IUAC)က ယခုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ကင်ဆာရောဂါပေါင်းစုံကြောင့် ကမ္ဘာပေါ်ရှိ လူ(၈)ဦးတွင် (၁)ဦးသေဆုံးနေကြောင်း ကြေညာထားခဲ့သည်။ ယင်းပမာဏသည် AIDS၊ တီဘီနှင့် ငှက်ဖျားရောဂါ(၃)ခုပေါင်း သေဆုံးသူ ပမာဏထက် ပိုများသည်။ WHOက ကြီးကြီးမားမား အပြောင်းအလဲမျိုး ဖြစ်မလာဘဲ ယခုအတိုင်း ဆက်သွားနေပါက လက်ရှိအချိန်တွင် လူပေါင်း(၇.၆)သန်းမျှ ကင်ဆာဖြင့် နှစ်စဉ်သေဆုံးနေရာမှ (၂၀၃၀)ခုနှစ်တွင် နှစ်စဉ်လူ(၁၇)သန်းထိ ကင်ဆာကြောင့် အသက်ဆုံးရှုံးမည်ဖြစ်ကြောင်း သတိပေးထားသည်။ IUACမှ ပညာရှင်များက ကင်ဆာရောဂါ အားလုံး၏ (၂၁)ရာခိုင်နှုန်းသည် ရောဂါပိုးမွှားများ ၀င်ရောက်ခြင်းကြောင့် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဥပမာအားဖြင့် သားအိမ်ခေါင်းကင်ဆာ၊ အစာ အိမ်ကင်ဆာ နှင့် အသည်း ကင်ဆာတို့သည် ယင်းသို့ ပိုးဝင်ခြင်း (Infection) ကြောင့် ဖြစ်လာ ရခြင်းဟု သိရသည်။ ထိုကဲ့သို့ ကင်ဆာများအတွက် ကာကွယ်ဆေးများသည် အနောက်နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေပြီဖြစ်သော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် လက်လှမ်းမမီသော အခြေအနေ၌သာ ရှိနေသေးသည်။ ထို့ကြောင့်လည်း ယင်းသို့သော Infectionကြောင့်ဖြစ်ရသည့် ကင်ဆာဖြင့် သေဆုံးသူ အများစုမှာ ဆင်းရဲနွမ်းပါးသော နိုင်ငံများတွင် ရှိနေကြောင်း စစ်တမ်းများအရ သိရသည်။ ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် သားအိမ်ခေါင်းကင်ဆာဖြင့် အသက်ဆုံးရှုံးရသည့် အမျိုးသမီးအားလုံး၏ (၈၀)ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးသည့် နိုင်ငံများမှဖြစ်သည်။ “နိုင်ငံတကာ အစိုးရတွေရဲ့ ကျန်းမာရေး မူဝါဒတွေမှာ နိုင်ငံသားတိုင်းအတွက် ကင်ဆာရောဂါ တားဆီးနိုင်မယ့် ဆေးဝါးတွေ ပိုပြီးမှီဝဲခွင့်ရဖို့ ကြိုးစားပေးရပါမယ်။ လူတွေကို ပညာပေး လုပ်ငန်းတွေ၊ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ပေးရင်း အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ လိုနေပါပြီ”ဟု IUACမှ အမှုဆောင်ချုပ် ကယ်ရီအဒမ်စ်က ပြောကြားသွားသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဓိက အန္တရာယ်အများဆုံး ကင်ဆာရောဂါများမှာ အဆုပ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် အူမကြီးကင်ဆာတို့ ဖြစ်ကြပြီး ယင်းကင်ဆာများမှာ လူသားတို့၏ နေ့စဉ်လူနေမှုဘ၀ အလေ့အထများကို ဆင်ခြင်နေထိုင်ခြင်းဖြင့် ရှောင်လွှဲနိုင်သည့် ရာခိုင်နှုန်း အတော်များများ ရှိနေသည်။ ယင်း ကင်ဆာများ မဖြစ်အောင် အရက်နှင့် ဆေးလိပ် လျှော့သောက်ရန်၊ နေပူစာလှုံမှုကို အလွန်အကျွံ မပြုလုပ်ရန်၊ ကိုယ်အလေးချိန်ကို အစားဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့် ထိန်းညှိထားရန် IUACက အကြံပြု တင်ပြထားသည်။
** The Mirror Online Newspaper မှ ကူးယူဖော်ပြသည်။ **
/span>
** Public Health **

No comments:
Post a Comment