** တရုတ် လူမျိုး သက်ကြီးပိုင်း အရွယ် ဆယ်ဦးလျှင် တစ်ဦးမှာ ဆီးချို ရောဂါခံစားနေရ **
တရုတ် လူမျိုး သက်ကြီးပိုင်း အရွယ် ဆယ်ဦးလျှင် တစ်ဦးမှာ ဆီးချို ရောဂါကို ခံစား နေရရုံ မျှမက နောက်ထပ် ၁၆% မှာလည်း အဆိုပါ ရောဂါ ဖြစ်ပေါ် လာရန် အစပျိုး နေကြောင်း ဆေးပညာ ဆိုင်ရာ နယူး အင်္ဂလန် မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိသည်။ ယခု သိရှိ ရသည့် နှုန်းထားသည် အမေရိကန် နိုင်ငံတွင် ဖြစ်ပေါ် နေသည့် နှုန်းထား နှင့် တူညီ နေကာ အခြား အနောက် နိုင်ငံများ ဖြစ်ကြသော ဂျာမနီ နိုင်ငံ နှင့် ကနေဒါ နိုင်ငံတို့ထက် ရောဂါ ပိုမိုဖြစ်ပေါ် နေခြင်း ဖြစ်ကြောင်း လေ့လာ သိရှိ ရသည်။ လူပေါင်း ငါးသောင်း ခန့်အား သုတေသန ပြုလုပ် ခဲ့ခြင်း ဖြစ်ကာ ယခင် နှစ်များက လေ့လာ ခဲ့မှုထက် ရောဂါ ဖြစ်ပွားသူ ပိုမို များပြား လာသည်ကို လေ့လာ တွေ့ရှိ ခဲ့သည်။ ယခု ပြောင်းလဲ မှုမှာ ၄င်းတို့၏ စီးပွားရေး အခြေ အနေနှင့် ကျန်းမာရေး အပေါ် သက်ရောက် မှုများ၌ မူတည်နေ ပါကြောင်း၊ ရောဂါ တိုးတက် ဖြစ်ပွားလာမှု နှုန်းမှာ ဥရောပ နှင့် အမေရိကန် နိုင်ငံ များထက် ပိုမို မြန်ဆန်ကြောင်း
အပြည်ပြည်ဆိုင်ရာ ဆီးချို ဖယ်ဒရေးရှင်း မှ David Whiting က ပြောကြား ခဲ့သည်။ ယခုကဲ့သို့ ဆီးချို ရောဂါ ပိုမိုဖြစ်ပွား လာရခြင်းမှာ ကယ်လိုရီ မြင့်မားစွာ ပါဝင်သော အစား အစာ များကို ပိုမို စားသောက် လာသည့် အပြင် ကိုယ်လက် လှူပ်ရှား သွားလာမှု ပိုမို နည်းပါး လာခြင်းကြောင့် ဖြစ်ပါကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်က ပြည်သူ များသည် နေ့ခင်း နေ့လည် တစ်ရေး အိပ်စက် နားနေမှု ရှိခဲ့ကြောင်း၊ ယခုမူ မိသားစုအား ထောက်ပံ နိုင်ရန်နှင့် အိုးအိမ်ဝယ်ယူ နိုင်ရန် အတွက် ငွေကြေး ပိုမို ရရှိရန် ကြိုးပမ်း နေရသဖြင့် နားနေမှု မရရှိ နိုင်ဘဲ ရှိနေကြောင်း တရုတ် နိုင်ငံ အရှေ့ပိုင်းရှိ ကျန်စုပြည်နယ်၊ နန်ကျင်းမြို့ရှိ ကျန်စုပြည်သူ့ ဆေးရုံမှ နှလုံး သွေးကြော ရောဂါ ပါမောက္ခ Huang Jun က ရှင်းလင်း ပြောကြား ခဲ့သည်။ ယခု ဆီးချို ရောဂါရှိ မရှိ လေ့လာ ဆန်းစစ်သည့် နည်းလမ်းအား ကမ္ဘာ့ ကျန်းမာရေး အဖွဲ့မှ ထောက်ခံ အတည်ပြုပြီး ဖြစ်ကြောင်း သိရသည်။ လေ့လာမှု အရ ရောဂါ ရှိနေသူ ထက်ဝက် ကျော်သည် ၄င်းတို့၌ အဆိုပါ ရောဂါ ဖြစ်ပွား နေသည်ကို သိရှိခြင်း မရှိပေ။
** ဘီယာကြိုက်နှစ်သူများအတွက် သတင်းကောင်း **
ဘီယာ ကြိုက်နှစ်သက်သူများ အတွက် သတင်းကောင်း တစ်ခုကို သုတေသီ များက ထုတ်ဖော် ကြေညာ လိုက်သည်။ ပညာရှင်များ၏ အဆိုအရ ဘီယာသည် အရိုးများကို သန်မာစေပြီး အရိုးတွင် ဖြစ်တတ်သည့် ရောဂါ များကို ကာကွယ် ပေးနိုင်မည်ဟု သိရသည်။ သုတေသီ များက ဘီယာတွင် ပါဝင်သည့် အာဟာရပြု ဆီလီကွန် ဓာတ်ပေါင်း များသည် အရိုး ပျော့ခြင်းနှင့် အရိုး ကြွတ်ဆတ်ခြင်းစသည့် ရောဂါများအား တားဆီးရာတွင် များစွာ အထောက် အကူ ပြုနိုင်ကြောင်း ထောက်ခံ ပြောဆို ထားသည်။ ခန္ဓာကိုယ်က စုပ်ယူထားသည့် ဆီလီကွန်ပမာဏ၏ ထက်ဝက်ခန့်ကို အရိုးများသန်မာ ကြံ့ခိုင်စေရန် သဘာဝအလျောက် အသုံးချလေ့ရှိပြီး ဘီယာတွင် အရိုးအတွက် အားဖြစ်စေမည့် အာဟာရပြု ဆီလီကွန်ပမာဏ အမြောက်အမြား ပါဝင်နေကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ချားလ်စ်ဘမ်းဖို့သ်က “ဘီယာမှာ အရည်ပျော်နေတဲ့ ဆီလီကွန်ဒြပ်ပေါင်းတွေ များများစားစားကို ပါနေတာပါ။ နောက်ပြီးတော့ ဘီယာထဲက ဆီလီကွန်တွေဟာ အချိန်တော်တော်ကြာတဲ့ထိ မပျက်စီးဘဲ ကြာရှည်ခံနေတတ်တာကိုလည်း တွေ့ရပါတယ်”ဟု ပြောကြားခဲ့သည်။ အများအားဖြင့် အစားအသောက် အတော်များများတွင် ပါဝင်သည့် ဆီလီကွန်ဓာတ်မှာ အလွယ်တကူ ပျက်သုဉ်းသွားတတ်ကြောင်းလည်း ဘမ်းဖို့သ်ကဆိုသည်။ သို့သော်လည်း ဆရာဝန်များကမူ ယခုကိစ္စသည် တန်ဆေးလွန်ဘေးဆိုသော စကားအတိုင်း သင့်တင့်မျှတသော ပမာဏမျှသာရှိသည့် ဘီယာကို ပုံမှန်သောက်သုံးမှသာ အကျိုးရှိနိုင်မည်ဟု ထောက်ပြထားသည်။ National Osteoporosis Societyမှာ ဒေါက်တာကလဲဘောရင်းက “ခပ်ပျော့ပျော့ အယ်လ်ကိုဟောဟာ အရိုးသန်မာရေးအတွက် အကျိုးရှိတာ အမှန်ပါပဲ။ ဒါပေမယ့် အကြီးအကျယ် သောက်မယ်ဆိုရင်တော့ ပြောင်းပြန်ဖြစ်လာမှာပါ။ အရိုးရဲ့ သန်စွမ်းမှုကို လျော့ကျစေမှာဖြစ်ပြီး အရမ်းဆိုးရင်တော့ အလွယ်တကူ အရိုးကျိုးလောက်အောင် ဖြစ်သွားစေပါလိမ့်မယ်”ဟု သတိပေး ပြောဆိုထားသည်။
** ဆေးလိပ်ဖြတ်ခြင်းကြောင့် သွေးလွှတ်ကြောများ ကျန်းမာလာနိုင် ကြောင်းသိရ **
ဆေးလိပ် သောက်သုံး မှုအား စွန့်လွှတ် လိုက်ပါက တစ်နှစ် အတွင်း သွေးလွှတ်ကြောများ ပိုမို ကျန်းမာ လာသည်ကို လေ့လာ တွေ့ရှိ ရသည်။ နှလုံး သွေးကြော ရောဂါ ဖြစ်ပွား နိုင်ချေ ကိုလည်း ၁၄% အထိ လျော့ချ ပေးကြောင်း Wisconsin-Madison တက္ကသိုလ် မှ လေ့လာ တွေ့ရှိ ခဲ့သည်။ ယခု သုတေသန အား ဦးဆောင်သူ Wisconsin-Madison တက္ကသိုလ်မှ နှလုံးအထူး သုတေသီ Dr. James Stein က လူ အများ စုမှာ ခန္ဓာကိုယ် အလေးချိန် ပိုမို တိုးတက် လာမည်ကို ကြောက်ရွံ သဖြင့် ဆေးလိပ် သောက်သုံး မှုအား စွန့်ပစ်ရန် နောက်တွန့် ကြသည် ဆိုသည်။ ဆေးလိပ် ဖြတ်ပါက ပျမ်းမျှ အားဖြင် ကိုယ် အလေးချိန် ကိုးပေါင်ခန့် တိုးတက် လာသည် မှန်သော်လည်း ကျန်းမာရေး ရှုထောင့် အရ ကြည့်ပါမူ အကျိုး အမြတ် များစွာ ရရှိ နိုင်ပေသည်။ သွေးလွှတ် ကြောများ ပိုမို မာတင်း လာခြင်းမှာ နှလုံး ရောဂါ၏ အစ ပထမ အဆင့်ဖြစ်သည်။ ဆေးလိပ် သောက်သုံး ခြင်းကြောင့် အရွယ် မတိုင်ခင် သေဆုံး ရမှုများမှာ နှလုံးသွေးကြောရောဂါ ကြောင့်ဖြစ်သည်။ ဆေးလိပ်ဖြတ်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် ရောဂါတစ်ခုမှာ ဆီးချိုရောဂါဖြစ်ပြီး ဆေးလိပ်ဖြတ်ပြီး နှစ်နှစ်မှ သုံးနှစ်အတွင်း အဆိုပါရောဂါရရှိနိုင်ကာ ဖြစ်ပွားနိုင်ချေ ၇၀% အထိ ရှိနေသည်။ သို့ရာတွင် ဆေးလိပ်ဖြတ်ပြီး ဆယ်နှစ် အတွင်းတွင် ရောဂါဖြစ်ပွားနိုင်ချေမှာ သုံညအထိ ကျဆင်းသွားကြောင်း ဆန်ဖရန်စစ္စကိုရှိ ကာလီဖိုးနီးယား တက္ကသိုလ်မှ ဆေးပညာပါမောက္ခ Neal Benowitz က သုံးသပ်ပြောကြားသည်။
** The Mirror Online Newspaper မှ ကူးယူဖော်ပြသည်။ **
** Public Health **

No comments:
Post a Comment