အာစင်နယ် အသင်းသည် ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း နောက်ခံလူ မာမာဒူ ဆာခိုအား ခေါ်ယူရေးအတွက် ဘာစီလိုနာနှင့်အပြိုင် ကြိုးပမ်းနေကြောင်းသိရသည်။ အသက် (၂၀)သာ ရှိသေးသော်လည်း ပင်ကိုယ်အရည်အသွေး ပြည့်ဝကောင်းမွန်သည့် လူငယ်လေးအား အာစင်နယ် နည်းပြကြီး အာစင်းဝင်းဂါးက စိတ်ဝင်စားလျက်ရှိသည်။ လက်ရှိတွင် ဆာခိုသည် ပြင်သစ်နိုင်ငံ၏ မြို့တော်တွင် အခြေစိုက်သော ကလပ်အသင်းနှင့် ကစားသမားတို့ စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းနေမှုကို စိတ်ဝင်တစား စောင့်ကြည့်နေသည်။ အရပ်(၆)ပေ၊ (၂)လက်မမြင့်သော ဆာခိုအား စပိန်ချန်ပီယံ ဘာစီလိုနာကလည်း စောင့်ကြည့်လျက်ရှိသည်။ နောက်တန်းတွင် နေရာစုံ ကစားနိုင်သည့် စွယ်စုံရ ခံစစ်သမားသည် ပဲရစ်စိန့်ဂျာမိန်းနှင့် (၂၀၁၂)တွင် စာချုပ်သက်တမ်း ကုန်မည်ဖြစ်ပြီး လက်ရှိတွင် အသင်းက (၂)နှစ်သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ ဆာခိုသည် မွေးရပ်မြေ အသင်းနှင့် ညှိနှိုင်းနေမှု တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း အပြီးသတ် စာမချုပ်နိုင်သေးချေ။ ၎င်းကို အီတလီမှ မီလန်အခြေစိုက် အသင်းကြီးနှစ်ခုကလည်း စိတ်ဝင်စားနေသည်။ ဆာခိုသည် ဥရောပ ချန်ပီယံလိဂ်တွင် ပုံမှန်ယှဉ်ပြိုင်ခွင့် ရနေပြီး ပြင်သစ်လူမျိုး ၀င်းဂါးက နည်းပြအဖြစ် တာဝန်ယူနေသော အာစင်နယ်ကို လေးစားကြောင်း ပြောဆိုထားဖူးသည်။ ဘာစီလိုနာသည် အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တေးသို့ ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်သည့် အာဂျင်တီးနား ဗဟိုခံစစ်မှူး ဂါဘီမီလီတိုနေရာအတွက် ဆာခိုအား သဘောကျလျက်ရှိသည်။ ဘာစီလိုနာသည် အာစင်နယ်အသင်းမှ အသင်းခေါင်းဆောင် စပိန်ကွင်းလယ်ဖန်တီးရှင် ဆက်စ်ဖာဘရီဂက်စ်ကိုလည်း စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရှိရသည်
** မာရိုက်ကာရေးတွင် အမြွှာကိုယ်ဝန်လွယ်ထားရပြီဟု ခင်ပွန်းဖြစ်သူကြေညာ **
မာရိုင်ကာရေးတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ခင်ပွန်းသည်က ကြေညာလိုက်သည်။ နာမည်ကျော် အဆိုတော်တွင် ကိုယ်ဝန်ရှိနေပြီဆိုသော သတင်းများ ထွက်ပေါ်လာလိုက်၊ ကာယကံရှင်က ငြင်းဆိုလိုက်နှင့် လုံးလည်လိုက်နေသော်လည်း ယခုအခါ နစ်ခ်ကန်နွန်က ဇနီးသည်၏ ၀မ်းသာစရာ သတင်းကို အတည်ပြုပေးခဲ့သည်။ ကန်နွန်က ၎င်း၏ ရေဒီယိုရှိုး အစီအစဉ်တွင် “ကျွန်တော်တို့ အမြွှာလေးရမှာဗျ”ဟု ၀မ်းသာအားရ ပြောကြားခဲ့သည်။ သို့သော် အမြွှာလေးများမှာ ယောက်ျားလေး၊ မိန်းကလေး မကွဲပြားသေးဟုလည်း ကန်နွန်ကဆိုသည်။ ကန်နွန်နှင့် ကာရေးတို့သည် ယခင်ကတည်းက မိခင်ဖခင်ဘ၀ကို အလွန်မျှော်လင့်နေခဲ့ကြပြီး (၂၀၀၈)ခုနှစ်က ကိုယ်ဝန်ရခဲ့သော်လည်း ကံအကြောင်းမလှစွာ ပျက်ကျခဲ့သည်။
** ၂၀၁၀ခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် မာခ်ဇူကာဘာ့ဂ်အား Time မဂ္ဂဇင်းရွေးချယ် **
Time မဂ္ဂဇင်းက ယခုနှစ်၏ အထင်ရှားဆုံး လူပုဂ္ဂိုလ်အဖြစ် မာ့ခ်ဇူကာဘာ့ဂ်အား ရွေးချယ်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့စာဖတ်ပရိသတ်အပေါ် ဩဇာကြီးမားသော မဂ္ဂဇင်းကြီးက Facebook၀က်ဘ်ဆိုက် ထူထောင်သူ ဇူကာဘာ့ဂ်နောက်တွင် Wikileaks၀က်ဘ်ဆိုက် ထူထောင်သူ ဂျူလီယန်အက်ဆန်ဂီ၊ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ဟာမစ်ကာဇိုင်းနှင့် ချီလီိနိုင်ငံမှ နှစ်လကျော်ကြာ မြေအောက်ပိတ်မိနေခဲ့သူ မိုင်းအလုပ်သမားများကို တစ်နှစ်တာ အကျော်ကြားဆုံး ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ပေးခဲ့သည်။ Time၏ အယ်ဒီတာ ရစ်ချတ်စတန်ဂယ်လ်က ကမ္ဘာ့အအောင်မြင်ဆုံး Social Networking ၀က်ဘ်ဆိုက်ဖြစ်သည့် Facebookမှ CEO တာဝန် ယူထားသူ ဇူကာဘာ့ဂ်သည် ၎င်း၏ မျိုးဆက်တွင် အထူးချွန်ဆုံး စွန့်ဦးတီထွင်သူ တစ်ဦးအဖြစ် ချီးကျူးခဲ့သည်။ ယခုအခါ Facebookကို ပုံမှန်သုံးစွဲနေသူ အရေအတွက်သည် သန်း(၆၀၀)နီးပါးထိ ရှိလာခဲ့သည်။ အကယ်၍ Facebookကို ပုံမှန်သုံးစွဲနေသူများအားလုံး စုစည်းပြီး နိုင်ငံတစ်ခုအဖြစ် စုစည်းသတ်မှတ်ပေးခဲ့ပါက ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်လာနိုင်သလို တီရှပ်ကိုသာ အမြဲလိုလို ၀တ်ဆင်တတ်သူ ဟားဗက်တက္ကသိုလ်ကျောင်းထွက် ဇူကာဘာ့ဂ်သည် နိုင်ငံ၏ ပြည်သူများအကြောင်း ခြေခြေမြစ်မြစ် အသိဆုံး ခေါင်းဆောင်ဖြစ်လာမည်ဟု စတန်ဂယ်လ်က မှတ်ချက်ပြုခဲ့သည်။
** အေမီဝိုင်းဟောက်စ်၏ ဖျော်ဖြေပွဲ လန်ဒန်တွင်ပြုလုပ်မည် **
ကာလအတန်ကြာ စင်မြင့်ဖျော်ဖြေပွဲများနှင့် ဝေးကွာနေသည့် ဗြိတိသျှ R&Bဂီတ အဆိုတော် အေမီဝိုင်းဟောက်စ်တစ်ယောက် ပရိသတ်ရှေ့ ပြန်လည်ထွက်ပေါ်လာမည်ဟု သိရသည်။ HDNetက အသက်(၂၇)နှစ်ရှိ အဆိုတော်၏ ဖျော်ဖြေပွဲ အစီအစဉ်ကို ထုတ်လွှင့်မည်ဟု ဒီဇင်ဘာ (၁၅)ရက်နေ့က ကြေညာခဲ့သည်။ လန်ဒန်တွင် ပြုလုပ်မည့် Amy Winehouse – I Told You I Was Trouble – Live From London ဖျော်ဖြေပွဲကို ဒီဇင်ဘာ (၁၉)ရက်နေ့တွင် ထုတ်လွှင့်ပြသသွားမည်ဟု HDNetကဆိုသည်။ ယင်းဖျော်ဖြေပွဲကို ရှားပက်ဘွတ်ရှ်အင်ပါယာတွင် ကျင်းပသွားမည်ဖြစ်သည်။ ဂရမ်မီဆုရှင် အေမီသည် အနုပညာ အရည်အသွေး ပြည့်ဝသူ တစ်ဦးဖြစ်သော်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် သူမ၏ လူနေမှုဘ၀ ပုံစံများကြောင့် ပရိသတ် မြင်ကွင်းမှ တစထက်တစ ပျောက်ကွယ်လာခဲ့သည်။ သူမ၏ အိမ်ထောင်ရေး မပြေလည်မှုနှင့် ကျန်းမာရေးတို့ကလည်း အေမီအား ပရိသတ်နှင့် ပိုမိုဝေးကွာလာစေသည်။ သို့သော်လည်း ယခုအခါ အေမီသည် အယ်လ်ဘမ်သစ် ထွက်ရှိရန် ကြိုးပမ်းလျက်ရှိသလို သီချင်းသစ်များလည်း စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် ဘရာဇီးလ်နိုင်ငံသို့ သွားရောက်ကာ ဖျော်ဖြေပွဲများ ပြုလုပ်ရန် စဉ်းစားနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **
** PSG နောက်ခံလူအား ခေါ်ယူရေး အာစင်နယ်နှင့်ဘာစီလိုနာ အပြိုင်ကြိုးပမ်း **

No comments:
Post a Comment