မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ “ အဖြစ်မှန် ” “ သဘောတရား” နှင့် “ အချက်အလက် ”ဆိုသည်မှာ သဘာဝအရ ရှိစမြဲပါ၊ဦးကျော်ငြိမ်းသည် (တိုင်း ၆) မှာ နိုင်ငံရေးမှူး ဖြစ်ခဲ့တယ်ဆိုတာကို ရန်ကုန်တာဝန်ခံလို့ ဖေါ်ပြချက်ကိုကြည့်မယ်ဆိုရင် အမှန်တကယ်က တိုင်း ၆ ရဲ့ နိုင်ငံရေးမှူးပါ၊ ဒါက အချက်အလက်အရမှန်ပါသည်။ ဦကျော်ငြိမ်းသည် တိုင်း၆ ကို မသွားတာက အဖြစ်မှန်ပါ။ သို့သော် သဘောတရားအရ ဦးကျော်ငြိမ်း မသွားသဖြင့် တိုင်း၆ ၏ နိုင်ငံရေးမှူးမဟုတ်ဟု မည်သူမျှ မပြောနှိုင်ပါ၊ အဲဒီ့အချိန်က ဦးကျော်ငြိမ်းသည် တိုင်း၆ ကို မသွားခဲ့သဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်ချက် မလုပ်နှိုင်ခဲ့သည့် ခေါင်းဆောင်၏ တာဝန်ပင် ဖြစ်ပါသည်။
ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲမှာ ဦးကျော်ငြိမ်းသည် တိုင်း ၄ ကိုလည်းမသွား တိုင်း ၆ ကိုလည်းမလာဘဲ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး ဂျပန်တပ်များဆုတ်မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်းနေခဲ့သည်၊ ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေးအချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်ဟု ပါရှိသည့်အချက်များကို ဝင်းတင့်ထွန်းက ထပ်မံကိုးကားရေးသားသည်ကိုလည်း ဖတ်ကြရပါသည်။
ဒီနေရာမှာ ဦးကျော်ငြိမ်းသည် သူတာဝန်ကျနေရာများကို မသွားရောက်ခဲ့ပါဆိုသည်မှာ သမိုင်းအချက်အလက်အရ မှတ်တမ်းအဖြစ် ပြောနှိုင် ရေးနှိုင်ခွင့်ရှိသော်လည်း လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေတယ်တို့ အနာမခံလိုသော နှိုင်ငံရေးအချောင်သမားကြီးဖြစ်တယ်ဆိုတာတို့ကတော့ ပုဂ္ဂိုလ်ရေးစွဲချက် ဖြစ်သဖြင့် ဘောက်ချည်းမှတ်တမ်းမျိုးဟု ယူဆနှိုင်ပါသည်။
ဆိုလိုတာက သမိုင်းစာအုပ်ကို ပြုစုရေးသား သူများသည် အစွဲကင်းကင်း ဘက်မလိုက်ဘဲ ဦးဏှောက်ဖြင့်သာ ဆုံးဖြတ်ရေးသား ပြုစုကြရမည်ဖြစ်ပါသည်၊ ထို့ကြောင့် *အဖြစ်မှန်*၊*အချက်အလက် နှင့် သဘောတရား*တို့ အပေါ်တွင် အစွဲနှင့်ကြည့်သူ၏ အမြင်သည် ဘယ်သောအခါမှ မမှန်နှိုင်ပါ။
ဝင်းတင့်ထွန်းတို့ အပြန်အလှန် တင်ပြကြသည့် စစ်တိုင်းများရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေသည် ဗမာပြည် ကွန်မြူနစ်ပါတီကချည်း ဖြစ်တယ်ဆိုတဲ့အချက်သည်လည်း ခိုင်လုံသည်ဟု ယူဆနှိုင်ပါသည်၊ သ္ခင်ချစ်လည်း ကွန်မြူနစ်ပါပဲ၊ ဖ.တ.ပ.လ ဗဟိုလ်ဦးစီးအဖွဲ့ဝင်ထဲမှာ သ္ခင်တင်မြ ပါခဲ့ခြင်းဟုတ် မဟုတ်ဆိုတာလည်း လွယ်လွယ်နှင့် သိနှိုင်ကြပါလိမ့်မယ်၊ အဲဒီတုံးက ထဲထဲဝင်ဝင်လုပ်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိနေကြတုံးမှို့ ထိုပုဂ္ဂိုလ်ကြီးမျာကို မေးမြန်းပြီး အတည်ပြုလို့ရနှိုင်ပါသေးသည်။ သမိုင်းအချက်အလက်အရ အရေးကြီးတယ်ဆိုတာထက် မျိုးဆက်သစ်တွေအတွက် ကောင်းမွေဖြစ်မယ့် အယူအဆမျိုးတွေကို ပေးနှိုင်ဖို့ကပိုပြီး အရေးကြီးမယ်လို့ထင်မိပါတယ်။
မြန်မာပြည်နိုင်ငံရေးလောကမှာက ယနေ့တိုင် သဘောတရားရေးပြတ်သားမှု့၊ ညီညွှတ်မှု မရှိသေးတဲ့အတွက် အာဏာရှင်နဲ့ပဲ ထိုက်တန်တဲ့ နိုင်ငံမျိုးဖြစ်နေပါတယ်၊ ဒီလိုပြောလို့ နာမည့်သူတွေတပုံကြီးပါ၊ ဒါပေမယ့် အဖြစ်မှန်အတိုင်းပြောတာပါ။ မြန်မာ့လွတ်လပ်ရေးရရှိဖို့ ကြိုးပန်းခဲ့စဉ် ဗိုလ်မင်းရောင်တို့လက်ထက်က ကွန်မြူနစ်ဝါဒလည်း မြန်မာပြည်ကိုမရောက်သေးပါဘူး သို့သော် သူတို့ခေတ်နဲ့ သူတို့အခါမှာလည်း လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းတွေ၊ အဖွဲ့အစည်းတွေ ရှိခဲ့ကြတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကျတော့ ကွန်မြူနစ်ဝါဒလည်း မြန်မာပြည်ကိုဝင်လာပြီ၊ လူငယ်နိုင်ငံရေးခေါင်းဆောင် တော်တော်များများသည်လည်း ကွန်မြူနစ်ဝါဒကို လေ့လာယုံကြည်လက်ခံကြပြီး ကိုလိုနီလွတ်လပ်ရေးတိုက်ပွဲနှင့် ကွန်မြူနစ်လူတန်းစား တိုက်ပွဲနှစ်ခုကို တပြိုင်တည်းပေါင်းစပ်တိုက်ပွဲဝင်ကြပါတော့သည်။
အဖြေမှန်ကတော့ အရင်းရှင်ကို အရင်ရှင်းချင်သည့် ဗမာကွန်မြူနစ်တို့၏ လူတန်းစားတိုက်ပွဲ မအောင်မြင်ဘဲ တောခိုသူခို၊ သူပုန်ဖြစ်သူဖြစ်နှင့် ပြည်တွင်းစစ်ကြီးသာ အမွေအဖြစ်ကျန်ရစ်ခဲ့ပါသည်၊ ကိုလိုနီလွတ်လပ်ရေးတိုက်ပွဲသည်လည်း စာချုပ်စာတမ်းဖြင့် အပေးအယူလုပ်ခါ လက်မှတ်ထိုးယူခဲ့ရသည့် လွတ်လပ်ရေးမျိုးကို ရခဲ့ကြပါသည်၊ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကို ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့ မယားညီအကို နှစ်ယောက်က ခေါင်းဆောင်တိုက်ခဲ့ကြသည် မဟုတ်ပါလားလို့ ဂုဏ်ယူပြောဆိုသံတွေလည်း ကြားခဲ့ရပါသည်။ ဒီအချက်ကို မငြင်းနိုင်သော်လည်း ယနေ့မြန်မာပြည်၏ အနေအထားသည် ထို့ကြောင့် ဤသို့ဟုဆိုလျှင်လည်း ငြင်းနှိုင်ကြမည်မဟုတ်ပါ။
ဗမာပြည်ကွန်မြူနစ်ပါတီကိုစတင်တည်ထောင်သူများထဲတွင် တဦးဖြစ်ခဲ့သည့် သခင်အောင်ဆန်း ရယူပေးခဲ့သော မြန်မာ့လွတ်လပ်ရေးအပေါ်တွင်လည်း မြန်မာကွန်မြူနစ်တို့သည် ယနေ့အထိအကြွင်းမဲ့ လက်ခံအတည်ပြုသည့်သဘော မရှိကြသေးပါ၊ ဒါက ကြီးမားသည့်ပြဿနာတရပ်ဖြစ်သလို ယနေ့အထိ ရင်ဆိုင်နေရသည့် မြန်မာ့ဒီမိုကရေစီရေးမှာလည်း အတွေးအခေါ်အရ ကြီးမားတဲ့အနှောင့်အယှက် ဖြစ်နေပါတော့သည်။ ဒါ့အပြင် ပြည်တွင်းစစ်သည်လည်း ကွန်မြူနစ်တွေကြောင့်၊ ဆိုရှယ်လစ်တွေကြောင့် စသည်ဖြင့် အပြန်အလှန်စွပ်စွဲကြတုံးပါပဲ၊ ဒီပြဿနာကြီးတွေသည် ရှေးလူကြီးများ၏ ယုံကြည်ချက်ကြောင့် ဖြစ်ပေါ်ခဲ့ကြတာပါ။ သို့ပေမင့် ယုံကြည်ချက်မတူကွဲပြားသူချင်း တယောက်နဲ့တယောက်၊ တဘက်နဲ့တဘက် ဝေဖန်စွပ်စွဲတိုက်ခိုက်နှိုင်ကြသည် ဆိုသော်လည်း နိုင်ငံရေးနှင့် ပတ်သက်သည့် အချက်အလက်အယူအဆများအပေါ်တွင်သာ ရေးသားပြောဆိုသင့်ကြပါသည်။ မြန်မာ့နိုင်ငံရေးလောကတွင် နိုင်ငံရေးနှင့် လုပ်ငန်းကဏ္ဍတွင်သာ မကတော့ဘဲ ပုဂ္ဂိုလ်ရေးအကျင့်စာရိတ္ထပိုင်းဆိုင်ရာများကို ခံစားမှု ဦးစားပေးဖော်ထုတ်ချက်များက ရှေ့တန်းသို့ရောက်ရှိလာသည်မှာ ဆိုးဝါးသောအမွေအနှစ်များအဖြစ် ကျန်ရစ်သည်မှာ လုံးဝမကောင်းပါ။ အင်မတန်နိမ့်ကျလှပါသည်။
ဒီမိုကရေစီနှင့် မီဒီယာကို အသုံးပြု၍ သခင်တင်မီးခွက်မှုတ်မှုတို့၊ ပုတီးတဖက်ဓါးတလက်ဖြင့် ကိုကြီးနုနှင့် ရုပ်ရှင်မင်းသမီးအရှုပ်ဇာတ်လမ်းတို့၊ ခွေးကတက်ချစ်မောင်၊ လင်းနို့လိုလို ကြွက်လိုလို အိမ်ဖော်ထားတဲ့ သိန်းဖေ၊ တပည့်မယား မတရားသိမ်းတဲ့ သခင်စိုးတို့ စသည်ဖြင့် စသည်ဖြင့် တဦးနှင့်တဦး ငယ်ကျိုးငယ်နာဖော်ပြီး ဝေဖန်တိုက်ခိုက်တာက မြန်မာ့နိုင်ငံရေးလုပ်ဟန်လို့တောင် ထင်စရာဖြစ်လာပါတယ်။ ငါနဲ့မတူ ငါရန်သူဆိုပြီး နောက်ကျောဓါးနဲ့ထိုးတဲ့ အကျင့်စရိုက်ကိုလည်း ကလေးတွေကို အမွေမပေးသင့်တော့ပါ။
နိုင်ငံရေးလောကတွင်သာမက အခြားဆိုဒ်အသီးသီးမှာရှိနေကြသူများသည် ယုံကြည်ခံယူချက်များ မတူခြင်းကြောင့် အပြန်အလှန်ဝေဖန်ထောက်ပြမှုများလည်း မုချလိုအပ်ပါသည်။ သို့သော် အခြေခံရမည့် သဘောထားမှာ ပုဂ္ဂိုလ်တဦးတယောက်သည် သူ့ခေတ်သူ့အခါမှာ သူကိုယ်စားပြုနေသော လူ့အဖွဲ့အစည်းအတွက် သူ့လုပ်ဆောင်မှုများက ဘယ်လောက်ကောင်းကျိုးဖြစ်ခဲ့တယ် ဘယ်လောက်ဆိုးကျိုးဖြစ်သွားတယ်ဆိုတဲ့ အချက်အပေါ်မှာပဲ ဝေဖန်သင့်ကြပါတယ်။
ပုဂ္ဂိုလ်တဦးတယောက်သည် သူယုံကြည်ချက်ခံယူချက်ဖြင့် သူကိုယ်စားပြုနေသည့် လူ့အဖွဲ့အစည်းအပေါ် စေတနာပြည့်ဝစွာရှိသည်။ ထို့ကြောင့် သူ့ဘဝတခုလုံးကို စွန့်လွှတ်အနစ်နာခံကာ ဆောင်ရွက်ခဲ့သည်၊ သို့သော် အတွေ့ သဘောအရ လူထုအတွက် ဘာမျှတိုးတက်ပြောင်းလဲမှုမရှိလျှင် သူ့ကိုနှစ်ပိုင်းခွဲပြီးဝေဖန်ရပေမည်။ စေတနာနှင့် စွန့်လွတ်မှုက ချီးကျူးဂုဏ်ပြုရမည့်ကဏ္ဍဖြစ်သလို တိုးတက်ပြောင်းလဲအောင် မလုပ်နိုင်သည့်အတွက် လူထုကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သည်ဟု စွပ်စွဲရမည်က တကဏ္ဍဖြစ်ပါသည်။ ပုဂ္ဂုလ်စွဲ၊ ဝါဒစွဲဖြင့် အားလုံးကောင်းပါသည်။ အားလုံးမကောင်းပါဟုဆိုလျှင် မှန်ကန်သောဝေဖန်မှု မဖြစ်နှိုင်တော့ပါ။
မြန်မာ့နိုင်ငံရေးသည် ရှုပ်ထွေးလှသည်တော့မဟုတ်ပါ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဦးဆောင်ခဲ့ကြသူတွေရော နောက်လိုက်များပါ၊ တာဝန်ကျေကြပါသည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ လက်ျာဂိုဏ်း၊ ဘယ်သူတွေပဲဖြစ်ဖြစ် နှောင့်ယှက်ဖျက်ဆီးသူတွေကလွဲလို့ အားလုံးတာဝန်ကျေကြပါသည်။ ဂုဏ်ပြုထိုက်ပါသည်။ အင်္ဂလိပ်ကိုလိုနီဘဝမှလွတ်လပ်ရေးကို အရယူပေးခဲ့ကြသည့် ခေါင်းဆောင်များ နောက်လိုက်များအားလုံးလည်း တာဝန်ကျေကြပါသည်။ ဘယ်လိုလွတ်လပ်ရေးမျိုးပင်ဖြစ်ပါစေ မြန်မာလူထုကြီးတရပ်လုံးက တခဲနက်အတည်ပြုလက်ခံခဲ့ကြသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်များအား (လွတ်လပ်ရေးအပေါ်မခံယူသူများကလွဲလို့) ဂုဏ်ပြုထိုက်ကြပါသည်။ လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံကို ခေါင်းဆောင်သူများသည် ပြည်တွင်းစစ်မီးကို ငြိမ်းအောင် မဆောင်ရွက်နှိုင်ဘဲ တိုင်းပြည်အေးချမ်းသာယာအောင် မပြုလုပ်နှိုင်ခဲ့ကြခြင်းအတွက် တာဝန်မကျေကြပါ။ ဗ.က.ပ တွေသည်လည်း လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံကို ယနေ့ထက်တိုင် တိုးတက်သာယာအောင် ဘာတခုမှ လုပ်ပေးနှိုင်ခြင်းမရှိသည့်အတွက် တာဝန်မကျေပြွန်ကြပါ။
ပြည်တွင်းစစ်ကို မငြိမ်းသတ်နှိုင်တဲ့ ဦးနုအစိုးရဆီမှ အာဏာကို လွဲပြောင်းရယူခဲ့တဲ့ ဗိုလ်နေဝင်းစစ်အစိုးရသည်လည်း ပြည်တွင်းစစ်ကို အပြီးအပိုင်မငြိမ်းသတ်ဘဲ တိုင်းပြည်ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့သည့်အတွက် အဆိုးဆုံးဟုပြောရပါလိမ့်မည်။ နောက်ဆက်တွဲ စစ်အစိုးရများသည်လည်း လူထု၏ ဆင်းရဲတွင်းနက်မှုကို မကယ်တင်နှိုင်သည့်အပြင် မြန်မာနိုင်ငံသည် တရုတ်၏ ကိုလိုနီတပိုင်းနိုင်ငံဖြစ်လာသည့်အတွက် ကိုသာဆိုးများဟုပင် ကင်ပွန်းတပ်ရပါမည်။
ပြည်တွင်းက ဒီမိုကရေစီရရှိရေးအတိုက်အခံအဖွဲ့ကြီးဖြစ်သည့် အင်အယ်ဒီသည်လည်း ပါတီအဖြစ်မှ လူမှုအထောက်အကူအသင်းအဖြစ်လျှော့ကျပြီး အားရစရာမရှိပါ။ ညီညွှတ်မှုအားနည်းသည့်အပြင် စစ်အစိုးရ၏ ခြေလှမ်းကို ရပ်တန့်အောင် ဆောင်ရွက်နှိုင်ခြင်း မရှိသည့်အတွက် တာဝန်မကျေပါ။ ပြည်ပရောက် အတိုက်အခံဆိုသူတို့ကတော့ စင်ပြိုင်ဖွဲ့လိုဖွဲ့၊ ပရီပိုဇယ်နဲ့ ဟန်ကျသူကျ ဖြစ်နေကြပြီး နှစ်တွေကြာလာသည်နှင့် ရှက်စရာဖြစ်နေပါသည်။
ဤအတိုင်းဖြစ်နေသည့် ရိုးရှင်းလှတဲ့မြန်မာ့နိုင်ငံရေးသမိုင်းမှာ အတိတ်က အစာမကြေခဲ့တဲ့ ဆိုရှယ်လစ်နှင့် ကွန်မြူနစ်တို့ရဲ့ မကျေပွဲအသံတွေသည်လည်း မကြာမကြာပေါ်ထွက်လာတတ်ကြပါသည်။ ဓမ္မတာသဘောပင်ဖြစ်ပါသည်။ သို့သော် ယနေ့ထက်တိုင် နိုင်ငံရေးအမှန်တရားကို ပွင့်ပွင့်လင်းလင်း ဝန်ခံရဲခြင်း မရှိတာကတော့ မြန်မာ့အံသြစရာသမိုင်းကဏ္ဍများပင်ဖြစ်နေပါသည်။ ဥပမာ- မြန်မာနိုင်ငံကို ကွန်မြူနစ်နိုင်ငံတခု ဖြစ်ရေးအတွက် ကြိုးစားသည်၊ ဥပဒေတွင်းမှ ကြိုးစားသည် မရလျှင် ဥပဒေပမှ လက်နက်ကိုင်တော်လှန်ရေးနည်းဖြင့် တိုက်ပွဲဝင်သည်၊ သည့်အတွက် ပြည်တွင်းစစ်ဖြစ်လာလျှင်လည်း ဘာမှမဆန်းပါ။ ပြည်တွင်းစစ်ဖြစ်အောင် တမင်ဖန်တည်းကြတာမဟုတ်၊ ဒီအတွက် ကောင်းကျိုးဆိုးကျိုးမှန်သမျှ မိမိတို့တာဝန်သာဖြစ်သည်ဟု ပြောရဲရပါမည်။ ထိုနည်းတူ ဆိုရှယ်လစ်များကလည်း ကွန်မြူနစ်တွေ တိုင်းပြည်အာဏာရလို့မဖြစ်ပါ၊ မြန်မာနိုင်ငံမှာ ကွန်မြူနစ်တွေသာ အာဏာရသွားလျှင် တိုင်းပြည်ဆုတ်ယှတ်ပျက်စီးနှိုင်သည် ဒါကြောင့် ကွန်မြူနစ်တွေကို နေရာမပေးနှိုင်၊ သူတို့ဘက်က မလျှော့လျှင် တိုက်ခိုက်ခြေမှုန်းရန်သာဖြစ်သည်။ ဒီလိုတိုက်ခိုက်လို့ ပြည်တွင်းစစ်ဖြစ်လာလျှင်လည်း မတတ်နှိုင်ပါ။ မိမိတို့ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်ချက်၏ ကောင်းကျိုးဆိုးကျိုးမှန်သမျှ မိမိတို့ဆိုရှယ်လစ်များမှာသာ တာဝန်ရှိသည်လို့ ဝန်ခံနှိုင်ဖို့ လိုအပ်ပါသည်။
လုပ်တုန်းကတော့ ကောင်းမယ်ထင်လို့လုပ်ကြတာပဲ နောက်ဆုံးအဖြေနဲ့ အမွေကတော့ စစ်အာဏာရှင်စံနစ်ကြီး မြန်မာပြည်မှာ လွှမ်းမိုးသွားခဲ့တယ်။ ဒီအတွက် လူထုကြီးလည်း မွဲပြာကျခဲ့ကြရတယ်၊ နောက်မျိုးဆက်တွေလည်း ယခုအထိ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေကြရတုန်း၊ တိုင်းပြည်လည်း မှောင်မိုက်နေတုန်း ဖြစ်နေပါတော့တယ်။ ဒီလိုဖြစ်ခဲ့ရတဲ့အတွက် တာဝန်ကြီးကြီးထမ်းဆောင်ပြီး တာဝန်ယူခဲ့တဲ့ ခေါင်းဆောင်များက ဝန်ခံကြသည်ဖြစ်စေ ဝန်မခံကြသည်ဖြစ်စေ သမိုင်းဖြစ်ရပ်များကတော့ အမှန်တရားအတိုင်း ပေါ်ပေါက်နေပါသည်။
မြန်မာနိုင်ငံတွင် ယနေ့နိုင်ငံရေးမျိုးဆက်များသည်လည်း စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေးအတွက်တိုက်ပွဲ ဝင်ကြဆဲပါ။ ဒီမိုကရေစီပန်းတိုင်ဦးတည်ချက်၊ မဟာဗျူဟာ နည်းဗျူဟာများကွဲပြားခြားနားမှုမှာ သဘာဝအတိုင်း ရှိနေကြပါမည်။ မိမိတို့ယုံကြည်ချက် ခံယူချက်အတိုင်း ကြိုးစားနှိုင်ကြပါသည်။ သို့သော် ဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ နှစ်သုံးဆယ်၊ နှစ်ငါးဆယ်အထိ လုပ်ကိုင်ဆောင်ရွက်ကြရာတွင် အောင်မြင်မှု ရှိ မရှိ၊ ပြည်သူ့အတွက် ကောင်းကျိုးဆိုးကျိုး စတာတွေကိုတွက်ချက်ပြီး မိမိတို့၏ ခံယူချက် ယုံကြည်ချက်များ၏ အမှားနှင့် အမှန်ကိုတော့ ဝန်ခံရဲဖို့ လိုမည်ထင်ပါသည်။
ရှေးနည်းအတိုင်း ထာဝရတော်လှန်ရေးတို့၊ ကမ္ဘာတည်သ၍ ယုံကြည်ချက်တို့နှင့် ဆောင်ရွက်နေမည်၊ မည်သည့်ကောင်းကျိုးဆိုးကျိုးနှင့် တိုင်းတာသတ်မှတ်မှုကိုမျှ မခံနှိုင်ပါ ဆိုလျှင်တော့ မြန်မာပြည်သည် ရာဟုက မလွတ်သေးပါတကားဟု ကောက်ချက်ရပါတော့မည်သာ ဖြစ်ပါကြောင်း.... ။ ။
**ဦးဖိုးသာအောင်**
18.12.10
ဘိုဘိုကျော်ငြိမ်းနှင့် ဝင်းတင့်ထွန်းတို့ရဲ့ ဆောင်းပါးတွေကို မဇ္စျိမမှာဖတ်ရပါတယ်။ ဖတ်သူတိုင်း သိနားလည်စဉ်းစားနိုင်တဲ့အတွက်လည်း ကောင်းပါတယ်။ အထူးသဖြင့် နောက်မျိုးဆက်တွေ အတွက်ပါ။ ဝင်းတင့်ထွန်းပြုစုထုတ်ဝေခဲ့တဲ့ အမှောင်ကြားက ဗမာပြည် စာအုပ်ထဲမှာ ဦးကျော်ငြိမ်းရဲ့ အခန်းကဏ္ဍကို ရာဇဝင်အချက်အလက်ကိုလိမ်ပြီး ကိုယ်လိုရာဆွဲကောက်ချက်ချတာသည် တာဝန်မဲ့ရေးသားချက်ဖြစ်တယ်ဆိုတာကို ဘိုဘိုကျော်ငြိမ်းက အဓိကအားဖြင့် ပြန်လည်တင်ပြရေးသားတယ်လို့ နားလည်နှိုင်ပါတယ်။

No comments:
Post a Comment