**Public Health**
**လူစည်ကားရာ လမ်းများအနီး၌ နေထိုင်သည့် ကိုယ်ဝန်ဆောင်မိခင်များသည် လမစေ့ကလေးကို မွေးဖွားနိုင်ခြေမြင့်မား**
လူစည်ကားရာ လမ်းများအနီး၌နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များသည် လမစေ့သည့် ကလေးမွေးဖွားနိုင်ခြေ၅၀ ရာခိုင်နှုန်းပိုမိုမြင့်မားသည်ဟု ပညာရှင်များက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။ ဂျပန်နိုင်ငံ အိုကာယားမားဆေးကျောင်းမှ ဒေါက်တာတာကာရှိယိုရီဖူဂျီ ဦးဆောင်သော အဖွဲ့သည် တိုကျိုမြို့မှအနောက်ဘက် ၉၄ မိုင် အကွာတွင်ရှိသော ရှီဇူအိုကာမြို့တွင် ၁၉၉၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်အကြား မွေးဖွားလာသည့်ကလေးပေါင်း ၁၄,၀၀၀ ကို လေ့လာခဲ့ကြခြင်းဖြစ်သည်။ အဓိက လမ်းမကြီးများနှင့် ပေ ၆၅၀ အကွာအတွင်း နေထိုင်ကြသော အမျိုးသမီးများ၏ ၁၅ ရာခိုင်နှုန်း သည် ကလေးကို ၃၇ ပတ် မပြည့်မီမွေးဖွားခဲ့ကြပြီး ယင်းထက် ပို၍ ဝေးကွာသောနေရာတွင် နေထိုင်သော အမျိုးသမီးများ၏ ၁၀ရာခိုင်နှုန်း သည်သာယင်းကဲ့သို့မွေးဖွားကြသည်။ (ပုံမှန်ကလေးများကို ၄၀ ပတ်အကြာတွင် မွေးဖွားသည်) အသက်အရွယ်၊ အလုပ်အကိုင်နှင့် ဆေးလိပ်သောက်ခြင်းတို့သည်လည်း လမစေ့မီကလေးမွေးဖွားခြင်းအပေါ် သက်ရောက်မှုရှိသည်ဟုဆိုသည်။ လူစည်ကားရာ လမ်းများနှင့်ကပ်လျက်နေထိုင်သော အမျိုးသမီးများ၏ ၅၀ ရာခိုင်နှုန်းသည် လမစေ့သည့်ကလေးများ မွေးဖွားကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။
**meepyatite**

No comments:
Post a Comment