................................................................................
(၁)
ငယ်ငယ်တုန်းကကျွန်တော်တို့ရွာ
ရဲ့ရွာဦးကျောင်းမှာလှည်းယာဉ်တစ်စီးရပ်ထားတာကိုမကြာခဏ
တွေ့မြင်ခဲ့ရဖူးပါတယ်။
လှည်းကက်အိမ်၊ ဆောင်ပန်း၊ တံပိုးကျင်တွေက အစ လှည်းတစ်စီးလုံး
အကောင်းစားသစ်သားတွေကို ပွတ်လုံးထွင်း အလှဆင်ထားတာဆိုတော့ မြင်ရတာနဲ့ကို
သွားရည်ယိုစရာ ကောင်းပါတယ်။
နောက်ပြီး လှည်းယာဉ်မောင်းဖို့ မွေးထားတဲ့နွားတစ်ရှဉ်းကလည်း
တကယ့်နွားချောနွားလှ ကြီးတွေ “နှာတံခုံးစေ ခွာလုံးစေ၊ မျက်လုံးပြူးစေ
နာရှူးစေ” စတဲ့ နွားကောင်း အင်္ဂါရပ်တွေနဲ့ ပြည့်စုံတယ်။
ကျွန်တော့်အဖေပြောဖူးတာကတော့ ရွာဦးကျောင်းက ဆရာတော်ကြီးဟာ
ဒီနယ်တ၀ိုက်မှာ ထေကြီးဝါကြီး ရဟန်းတစ်ပါးဖြစ်သည်။
သက်တော်ကလည်း ကြီးလှပြီမို့ ရပ်နီး ရပ်ဝေး ရွာတွေမှာ အလှူအတန်း၊
သာရေးနာရေးကိစ္စရှိလို့ ပင့်ဖိတ်လျှောက်ထားတဲ့အခါ
ခြေကျင်ခရီးမကြွနိုင်တော့ဘူး။
ဒါကြောင့်မို့ သက်တောင့်သက်သာ ခရီးကြွချီနိုင်ဖို့
ရွာကစီးပွားရေးပြေလည်တဲ့ ဒကာ၊ဒကာမတွေ မ,တည်ပြီး လှည်းယာဉ်နဲ့
နွားတစ်ရှဉ်းကို စုပေါင်းလှူဒါန်းထားတယ်လို့ သိရပါတယ်။
ကျွန်တော်ကတော့ အိမ်ကလှည်းကြမ်းကြီးစီးပြီး ဆွေမျိုးတွေရှိရာ
အလည်သွားတိုင်း ရွာဦးကျောင်းက လှည်းယာဉ်လေးကို ပြေးပြေးမြင်ယောင်မိတယ်။
ကျွန်တော့်အဖေကို လှည်းယာဉ်တစ်စီးဝယ်ပေးဖို့ ပူဆာတဲ့အခါ အဖေက-
“ဪ… သားရယ်.. လှည်းယာဉ်ဆိုတာ ကြော့ကြော့လေး စီးဖို့ပဲကောင်းတာ..
အဖေတို့လယ်ယာလုပ်ခွင် မှာတော့ ကုန်ပစ္စည်းသယ်လို့ရတဲ့ အကြမ်းခံလှည်းတွေကသာ
အသုံးတည့်တယ်ကွယ့်…” လို့ ရှင်းပြရှာတယ်။ တောရွာမှာနေရပေမယ့်
လှည်းယာဉ်မစီးနိုင်တဲ့ ကျွန်တော်တို့ဘ၀တွေရယ်ပါ။
တနေ့တော့ ရွာဦးကျောင်းမှာ ကထိန်ပွဲရှိလို့ မိဘများနဲ့အတူ
ကျောင်းကိုကျွန်တော်ရောက်သွား တယ်။ လူကြီးတွေက ကထိန်ဝေယျာဝစ္စ
တွေနဲ့အလုပ်များနေချိန် ကျွန်တော် တစ်ယောက်တည်း အိုးစည်ဝိုင်း၊
ဒိုးပတ်ဝိုင်းတွေ လိုက်ကြည့်ရင်း ကျောင်းနောက်က အမိုးတဲအောက်မှာ
ရပ်ထားတဲ့လှည်းယာဉ်လေးဆီ ရောက်သွားတယ်။
တံပိုးကျင်ထိပ်မှာ တပ်ထားတဲ့ပန်းဖွား နုနုလှလှလေးတွေကို ကိုင်ကြည့်လိုက်၊
ခြူကုံးလေးလှုပ်ကြည့်လိုက်နဲ့ စိတ်ထဲမှာ ကြည်နှုးနေမိတယ်။
အဲဒီအခိုက်မှာ အမေ့မောင်တစ်ဝမ်းကွဲတစ်ယောက် ကျွန်တော့်အနားရောက်လာပြီး-
“ဘယ်လိုလဲတူလေး… လှည်းယာဉ်ကိုသိပ်သဘောကျနေလား”
“ဟုတ်ကဲ့.ဦးလေး”
“အေးကောင်းတယ်.. ဦးလေးတစ်ခါတုန်းက ဒရ၀မ်လုပ်ပေးခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်
တင်ဖေဟာ လယ်သမားဘ၀ကို မမေ့ဘူး။
ဝင်ဒါမီယာက သူ့အိမ်မျက်နှာစာရှေ့မှာ လှည်းယာဉ် တစ်စီး ရပ်ထားတယ်။
ပြီးတော့ နှစ်တိုင်းနှစ်တိုင်း သူ့ရွာကိုပြန်ပြီး လယ်ထဲကငါးတွေကို
သူကိုတိုင်ထောင်ဖမ်းပြီးချက်စားရမှ ကျေနပ်တဲ့လူပဲ”
“ရန်ကုန်မှာ လှည်းမောင်းလို့ရလား ဦးလေး”
“ရန်ကုန်မြို့က ကတ္တရာလမ်းပေါ်မှာ လှည်းမောင်းလို့တော့ မရဘူးပေါ့။ ဒါပေမယ့်
လှည်းယာဉ်ဆိုတာ တို့ကျေးလက်လူနေမှုဘ၀ရဲ့ အလှကျက်သရေဆောင်ပဲလေ။
သူ့အနေနဲ့ လယ်သမားဘ၀ကို မေ့မသွားဘူးဆိုတဲ့ သဘောနဲ့ ဂုဏ်ယူချင်တာလည်းပါမှာပေါ့။
နောက်ပြီး သူဟာ အဲဒီအချိန်တုန်းက တော်လှန်းရေးကောင်စီမှာ လယ်သမား ကောင်စီ
ဥက္ကဌလုပ်နေတာ”
ကျွန်တော့်ဦးလေးက စစ်ပြန်ရဲဘော်ဟောင်းတစ်ဦးပါ။ သူပြောတဲ့စကားတွေကို
ကျွန်တော်စိတ်ဝင်တစား နားထောင်ခဲ့ပါတယ်။
သို့ပေမယ့် အဲဒီတုန်းက ကျွန်တော်ဟာ မူလတန်းကျောင်းသားတစ်ဦးသာ ဖြစ်တာမို့
လယ်သမားဘ၀ အငွေ့အသက်မပြယ်သေးတဲ့ ၀င်ဒါမီယာက ခေါင်းဆောင်ကြီးတစ်ဦးနဲ့
နွေမိုးဆောင်း တစ်နှစ်ပတ်လုံး ရွှံ့အလိမ်းလိမ်း ဖုန်တထောင်းထောင်းကြားမှာ
ဝန်ပိနေတဲ့ လှည်းကြမ်းကြီးစီးကာ မိသားစုဝမ်းရေး ဖြေရှင်းနေရတဲ့
လယ်သမားကြီးတစ်ဦးရဲ့ ဘ၀ပုံရိပ်တွေ ကွာခြားပုံကို
နှိုင်းယှဉ်မကြည့်တတ်ခဲ့သေးပါ။
(၂)
လွန်ခဲ့သော နှစ်လလောက်က ပြည်သူ့ခေတ်ဂျာနယ်မှာ ဆောင်းပါးရှင် နေဦးဝေ
ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
ဒီမိုကရေစီရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပေးဖို့ အမေရိကန် စာရေးဆရာများထံ
စစ်မက်ရေးရာဘုတ်အဖွဲ့မှ ပေးပို့သော မေတ္တာရပ်ခံချက်စာတစ်စောင်နဲ့
ပတ်သက်ပြီး အမေရိကန် စာရေးဆရာ E.B.White ရဲ့ ရေးသားချက် ကို
အခြေပြုရေးဖွဲ့ထားတာပါ။
အလွန်ကျယ်ဝန်းသော အဓိပ္ပါယ်ကိုဆောင်တဲ့ လွတ်လပ်မှု၊ ချစ်ခြင်းမေတ္တာ၊
ဂုဏ်သိက္ခာ၊ အကျင့်သီလ စတဲ့ စိတ္တဇနာမ် များကဲ့သို့ပင် ဒီမိုကရေစီရဲ့
အဓိပ္ပါယ်ကို ဖွင့်ဆိုရာမှာ ideal (ပြီးပြည့်စုံသော စိတ်ကူးစံသတ်မှတ်ချက်)
နဲ့ real (တကယ့်အစစ်အမှန် အခြေအနေ) နှစ်မျိုးအကြားကွဲပြားနိုင်ပုံကို
ပမာပြု တင်ပြထားပါတယ်။
ဒါ့အပြင် အတွေးအခေါ်အယူအဆများရဲ့ ideal များကို
ပြီးပြည့်စုံသောစိတ်ကူးစံများအဖြစ် ကောင်းကင်ဘုံအထိ
မြှင့်ထားလေ့ရှိကြပြီး အဲဒီစိတ်ကူး စံများအတိုင်း လက်တွေ့ဖော်
ဆောင်ကြတဲ့အခါ ထင်တိုင်းမပေါက် ပန်းတိုင်မရောက်တဲ့ အခြေအနေများ
ရှိတတ်ပုံကိုလည်း သုံးသပ်ထားပါတယ်။
“ဒူးလောက်တင်မှ ရင်လောက်ကျ” ဆိုတဲ့ အခြေအနေမျိုးကို ရည်ညွှန်းလိုဟန်ရှိပါတယ်။
ဥပမာ အမေရိကန် သမ္မတကြီး အီဗရာဟင်လင်ကွန်း ရဲ့
သမိုင်းတွင်အဆိုအမိန့်ဖြစ်သော government of the people, by the people,
for the people (ပြည်သူလူထု အတွက် ပြည်သူလူထုကိုယ်တိုင်အုပ်စိုးသော
ပြည်သူလူထု၏အစိုးရ) မှာ ဒီမိုကရေစီ၏ ideal (အမြင့်ဆုံးစံ) ဖြစ်ပြီး
လက်တွေ့ real သဘောတွင်မူ government of the people, by the politicians
for whatever pressure groups can get their interests taken care of
(ပြည်သူလူထု၏ အစိုးရဖြစ်သော်လည်း နိုင်ငံရေးသမားက အုပ်ချုပ် သော၊
လွှတ်တော်ပြင်ပမှ ဖိအားပေးဆွဲဆောင်သော အုပ်စုမျိုးစုံ၏ အကျိုးကို
စောင့်ရှောက်သော အစိုးရမျိုးဖြစ်နေတတ်သည်။)လို့ သမိုင်းပညာရှင် Carl
Becker ကဖွင့်ဆိုခဲ့ တာကို ရည်ညွှန်းကိုးကား ဖော်ပြထားပါတယ်။
လုပ်ငန်းတခုအကောင်အထည်ဖော်ရာမှာ သဘောတရား သတ်မှတ်ပြဌာန်းချက်အတိုင်း
တသွေမတိမ်း လုပ်ဆောင်၍မရနိုင်သလို အတွေးအခေါ် သဘောတရားမဲ့သော
လက်တွေ့ဆောင်ရွက်ချက် သည်လည်း ပန်းတိုင်းကိုမရောက်နိုင်ကြောင်း ယေဘူယျ
(အကြမ်းဖျင်း) သဘောပေါက်နားလည်းမိပါတယ်။
(၃)
တောင်အာဖရိက နိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု သမိုင်းကြောင်းကို
ကျွန်တော်ပြည့်ပြည့်စုံစုံ မသိပါ။ သို့သော် နယ်လဆင်မင်ဒဲလားနဲ့ ပတ်သက်တဲ့
အကြောင်းအရာတချို့ကို ဘာသာပြန်ဆိုကြည့်ရာမှ မင်ဒဲလားခေါင်းဆောင်တဲ့
လူမည်းအမျိုးသားတို့ရဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှု
တစိတ်တပိုင်းကို သိခွင့်ရခဲ့ပါတယ်။
လူမည်းခေါင်းဆောင်ကြီး မင်ဒဲလားတစ်ယောက်
အကျဉ်းထောင်ကလွတ်မြောက်လာပြီးနောက် လူဖြူသမ္မတ ဒီကလပ်နဲ့အတူ ပူးတွဲပြီး
ငြိမ်းချမ်းရေးနိုဘယ်ဆု ဆွတ်ခူးရ ယူချိန်၊ တောင်အာဖရိက သမ္မတဖြစ်လာချိန်၊
တကမ္ဘာလုံးက၀ိုင်းဝန်း ထောပနာပြု ချီးမွန်းကြတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့
အောင်မြင်မှုတွေအတွက် မင်ဒဲလားအပါအ၀င် လူမည်း အမျိုးသားထုတရပ်လုံးဟာ
ခါးသည်းနာကျင်မှုတွေ ပြည့်နှက်နေတဲ့ အတိတ်ဇာတ်ကြောင်းတွေကို
ကြိတ်မှိတ်ခံစား စတေးပေးဆပ်လိုက်ရပါတယ်။
ဒါ့အပြင် မင်ဒဲလားဟာ လူဖြူအစိုးရနဲ့ အပေးအယူလုပ်၊ ညှိနှိုင်းမှုတွေ
လုပ်ခဲ့ရသလို သူရဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို သက်သေထူဖို့အတွက်
သူနဲ့အတူလက်တွဲလုပ်ဆောင် လာတဲ့ ANC ပါတီက ရဲဘော်တွေ သူ့လုပ်ရပ်ကို
နားလည်သဘောပေါက် လက်ခံလာအောင် ဇွဲကြီးကြီးနဲ့ သည်းခံပြီး
စိတ်ရှည်ရှည်နားချပြောဆိုခဲ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ အရေးကြီးတဲ့ အချိုးအကွေ့တွေ ကြုံတွေ့ရတိုင်း
တိုးတက်မှုရလဒ်ထက် ပိုမိုများပြားတဲ့ ဆုံးရှုံးနစ်နာမှုတွေ၊ မအောင်မြင်မှုတွေ
ဖြစ်ခဲ့ရတဲ့ အခြေခံ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန်
သုံးသပ်ကြည့်နိုင်ဖို့ လိုအပ်နေပါပြီ။ ရဲရဲတင်းတင်း သုံးသပ်တင်ပြသူ
အချို့ကိုလည်း တွေ့မြင်နေရပါပြီ။
(၄)
လွန်ခဲ့တဲ့ နိုဝင်ဘာ (၁၃)ရက်နေ့မှာ နှစ်ကာလများစွာ
နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
သူ့အပေါ်မှာ ယခင်ကလိုပဲ မပြောင်းမလဲ ချစ်ခင်မြတ်နိုးနေဆဲ ပြည်သူလူထုကြီးက
ဒေါ်စုလွတ်မြောက်မှုကို လှိုက်လှိုက်လှဲလှဲ ၀မ်းပန်းတသာ ကြိုဆိုကြပါတယ်။
တချိန်တည်းမှာ တိုင်းပြည်တွင်း ကြုံတွေ့ရင်ဆိုင်နေရတဲ့
ဘက်ပေါင်းစုံအကြပ်အတည်းကြီး ကျော်လွှားလွန်မြောက်ဖို့ရာ
ဒေါ်စုရဲ့ဦးဆောင်မှုကို မျှော်လင့်နေကြပါတယ်။
ဒေါ်စုကလည်း ပြည်သူလူထုနဲ့ စပြီးထိတွေ့ချိန်မှာပဲ စုစည်းညီညွှတ်ကြဖို့နဲ့
တဦးနဲ့တဦး နားလည်းမှုရှိကြဖို့ ဆော်ဩလိုက်ပါတယ်။
တဆက်တည်းနောက်ရက်တွေမှာ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်ထောင်စုစိတ်ဓာတ်
ရှင်သန်ဖွံ့ဖြိုးရေးမှသည် ဒုတိယပင်လုံညီလာခံ ဖြစ်ပေါ်လာရေး၊
ပရဟိတလုပ်ငန်းနှင့် လူထုအဖွဲ့အစည်းများ အားကောင်းလာရေးတို့ကို
ဦးစားပေးပြောဆိုလာပါတယ်။
(ကျွန်တော်တို့နိုင်ငံအတွက် အကောင်းဆုံး ideal များလို့ နားလည်မိပါတယ်။)
ဒေါ်စုရဲ့ပြောဆိုချက်တွေဟာ တိုင်းပြည်ရဲ့ လိုအပ်တွေကို ထင်ဟပ်ပြနေပြီး
လူထုမျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
သို့သော်လည်း ပြဿနာရှိနေတာက ဗိုလ်ချုပ်ကြီးများက
ဒေါ်စုရဲ့ကမ်းလှမ်းချက်အပေါ် တုန့်ပြန်မှုကို ထည့်မတွက်လို့ မရတဲ့အချက်ပါ။
စစ်ဗိုလ်ချုပ်ကြီးတွေဟာ အာဏာကို မြဲမြဲဆုပ်ကိုင်ထားနိုင်ပေမယ့်
ပြည်သူလူထုရဲ့ လိုလား ထောက်ခံမှုကို ဘယ်တုန်းကမှ မရခဲ့ပါဘူး။ တဖက်မှာ
လူထုထောက်ခံမှု သောင်းသောင်းဖြဖြ ရရှိနေတာကိုက သူတို့အတွက် ရတက်မအေးစရာ
ဖြစ်နေပါတယ်။
(ဒါတွေက တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ real အခြေအနေတွေပါ)
ပြည်သူတွေက ဒေါ်စုကိုချစ်ကြပါတယ်။ တပ်မတော်သားတွေကလည်း ချစ်ပါတယ်။
(၁၉၉၀ ရွေးကောက်ပွဲတုန်းက တပ်နယ်မြေတွေမှာ NLD အောင်ပွဲခံခဲ့တာဟာ
တပ်မတော်က ဒေါ်စုကို ချစ်တဲ့အကြောင်း သက်သေဖြစ်ပါတယ်။)
လူပုဂ္ဂိုလ်တဦးအပေါ်ချစ်မြတ်နိုးတယ်ဆိုတာက ကောင်းပါတယ်။
သို့သော် ချစ်မြတ်နိုးရုံမျှနဲ့ မလုံလောက်သေး ပါဘူး။ အပြန်အလှန်
ယုံကြည်မှုတည်ဆောက်နိုင်ပါမှ အခက်အခဲတွေကို ကျော်လွှားနိုင်မှာပါ။
ဆိုလိုတာက ချစ်တယ်ဆိုတဲ့နေရာမှာ ဗိုလ်ချုပ်သမီးလေးမို့ ဂရုဏာနဲ့
ချစ်သူတွေရှိပါတယ်။
တို့ဘ၀ကို ကယ်တင်ပေးမယ့်သူဆိုပြီး အားကိုးစိတ်နဲ့ ချစ်သူတွေလည်း ရှိပါ
တယ်။ မှန်မှန်ကန်ကန် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ဖြစ်တယ်။
သူရဲ့ဦးဆောင်မှုနဲ့သာ ဆိုရင် ပန်းတိုင်ကို မလွဲမသွေ ရောက်နိုင်တယ်ဆိုတဲ့
ယုံကြည်စိတ်နဲ့ ချစ်မြတ်နိုးသူတွေ များများရှိဖို့လိုအပ်ပါတယ်။
ဒေါ်စုဟာ မာသာထရီဇာလို ပရဟိတ ဂရုဏာရှင်သက်သက်မဟုတ်ဘဲ
လူ့အဖွဲ့အစည်းပြောင်းလဲရေးကို ဖော်ဆောင်နေတဲ့
နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်
။ ခေါင်းဆောင်ကောင်းတစ်ဦးအတွက် ခိုင်မြဲတဲ့နောက်လိုက်ကောင်းတွေ၊
ပြတ်သားတဲ့ ထောက်ခံအားပေးသူတွေ လိုအပ်ပါတယ်။
အထူးသဖြင့် စစ်တပ်တွင်းက အင်အားစုတွေရဲ့ ထောက်ခံမှုရဖို့ အရေးကြီးပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ideal တွေ
ကိုင်စွဲထားတဲ့ ဒေါ်စုအနေနဲ့ ရည်းမှန်းချက် ပန်းတိုင် ရောက်ဖို့ရာ real
လက်တွေ့အခြေအနေမှာ ဘယ်လိုဗျူဟာတွေ ချမှတ်ဆောင်ရွက်သွားမလဲ ဆိုတဲ့ အချက်က
သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။
အဲဒီအကြောင်းတွေကို စဉ်းစားမိတိုင်း ကျွန်တော့်အတွေးအာရုံထဲမှာ
(မဆီမဆိုင်) လှည်းယာဉ်နဲ့ လှည်းကြမ်းရဲ့ ပုံရိပ်တွေကို မြင်ယောင်နေ
မိပါတော့တယ်။…
**ဝေမော်**

No comments:
Post a Comment