** မိုက်ကယ်ဂျက်ဆင်မှာ မိမိကိုယ်ကိုယ် ဆေးထိုးသေကြောင်းကြံခဲ့သည်ဟုဆို **
မိုက်ကယ်ဂျက်ဆင်အနေနှင့် သေစေလောက်သော ဆေးဝါးအလွန်အကျွံ ထိုးသွင်းမှုကို မိမိဖာသာ ပြုလုပ်ပြီး ကိုယ့်တရား ကိုယ်စီရင်ခြင်းသာ ဖြစ်ကြောင်း တစ်ဖက်မှ ထွက်ဆိုလိမ့်မည်ဟု အစိုးရရှေ့နေတစ်ဦးက ပြောကြားလိုက်သည်။ လော့စ်အန်ဂျလိစ်ခရိုင် အစိုးရ လက်ထောက်ရှေ့နေ ဒေးဗစ်ဝယ်လ်ဂရန်က ဒေါက်တာကွန်းရက်မာရေး၏ ရှေ့နေများသည် အဆိုပါ သီအိုရီကိုသာ အသုံးချပြီး အမှုရင်ဆိုင်လာလိမ့်မည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒေါက်တာမာရေးသည် ကမ္ဘာကျော် Popဂီတ ဘုရင်ကြီးအား သေဆုံးစေလောက်သော anaesthetic Propofolဆေး ပမာဏ ထိုးသွင်းပေးခဲ့သည်ဆိုသည့် စွပ်စွဲမှုနှင့် ရင်ဆိုင်နေရသည်။ ၀ယ်လ်ဂရန်က “ရှင်းပါတယ်။ တစ်ဖက်က ခုခံလျှောက်လှဲသူတွေ အနေနဲ့ သေဆုံးသူကိုပဲ အပြစ်ဖို့တဲ့ နည်းဟောင်းကြီးကို သုံးမှာပဲ။ ဂျက်ဆင်ဟာ ကိုယ့်ဖာသာကိုယ် သတ်သေမိတာပါလို့ တရားရုံးမှာ သူတို့က လျှောက်လှဲလိမ့်မယ်”ဟု ပြောကြားခဲ့သည်။၎င်းက ဒေါက်တာမာရေး၏ ရှေ့နေများသည် ထိုနည်းလမ်းကို သုံးချင်မည် မထင်ကြောင်း၊ သို့သော်လည်း အခြေအနေအရပ်ရပ်က ထိုလျှောက်လှဲချက်ကိုသာ အသုံးပြုရန် ဦးတည်တွန်းပို့နေကြောင်း မှတ်ချက်ပြုခဲ့သည်။ ဒေါက်တာမာရေး၏ ရှေ့နေဖြစ်သူ မိုက်ကယ်ဖလန်ဂန်က သေသူ၏ ခန္ဓာကိုယ်အတွင်း anaesthetic Propofol အမြောက်အမြား တွေ့ခဲ့ကြောင်း၊ သို့သော်လည်း မိမိ၏ အမှုသည်က ဂျက်ဆင်အား (၂၅)မီလီဂရမ်သာ ထိုးသွင်းပေးခဲ့ကြောင်း ပြောဆိုထားသည်။ လော့စ်အန်ဂျလိစ် တရားရုံးသည် လာမည့်သီတင်းပါတ် ကြားနာမှုတွင် နှစ်ဖက်သက်သော (၃၀)မျှ၏ ထွက်ဆိုချက်များကို လေ့လာဆန်းစစ်သွားဖွယ် ရှိနေသည်။ အသက်(၅၂)နှစ်ရှိ ဒေါက်တာမာရေးသည် ဂျက်ဆင်၏ မိသားစုဆရာဝန် ဖြစ်ခဲ့ပြီး ၎င်းသည် ဂျက်ဆင်အား သေစေနိုင်လောက်သော ပမာဏအထိ ကန့်သတ်ဆေးဝါးများ သုံးစွဲကုသခဲ့ကြောင်း စွပ်စွဲခံထားရသည်။ ယင်းစွဲချက်အတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၅)နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း သိရှိရသည်။
** ရီးယဲလ်မက်ဒရစ် ကွင်းလယ်လူ လာဆာနာ ဒီယာရာအား မန်ယူစိတ်ဝင်စား **
မန်ချက်စတာယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် ရီးယဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား လာဆာနာ ဒီယာရာအား စိတ်ဝင်စားနေကြောင်း သိရသည်။ အသင်း၏ ကွင်းလယ်လူ အိုဝင်ဟားဂရေ့ဗ်၏ အနာဂတ် မရေရာတော့သော အနေအထားတွင် မာမာကျောကျော ကစားနိုင်သည့် အသက်(၂၅)နှစ်ရှိ ပြင်သစ်လက်ရွေးစင်အား နည်းပြကြီးက မျက်စိကျလျက်ရှိသည်။ ယူနိုက်တက်၏ ကွင်းလယ်လူ တစ်ဦးဖြစ်သော ပေါလ်စခိုးလ်သည် အသက်(၃၆)နှစ် ရှိနေပြီဖြစ်ရာ ချယ်လ်ဆီး၊ အာစင်နယ်နှင့် ပို့စ်မောက်သ်တို့တွင် ကစားဖူးသည့် အင်္ဂလန် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမား ဒီယာရာသည် ယူနိုက်တက်အတွက် အသင့်တော်ဆုံး ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမည်ဟု ဆာဖာဂူဆန်က မျှော်လင့်လျက်ရှိသည်။ ယခုနှစ် ဘောလုံးရာသီအစက ရီးယဲလ်သည် ဂျာမန်လက်ရွေးစင် အလယ်တန်းလူများဖြစ်သည် မီဆွတ်အိုဇေးလ်နှင့် ဆမ်မီခီဒီယာတို့အား စာချုပ်ခေါ်ယူလိုက်ပြီးနောက်ပိုင်း ရီးယဲလ်နည်းပြ ဂျို့စ်မော်ရင်ဟိုသည် ဒီယာရာအား အရံအဖြစ်သာ သတ်မှတ်ထားတော့သည်။ လွန်ခဲ့သည့် (၂)နှစ်က ပို့စ်မောက်သ်မှ ပေါင်သန်း(၂၀)ဖြင့် ပြောင်းရွှေ့လာသည့် ဒီယာရာအား ဆာဖာဂူဆန်က ပေါင်စတာလင် (၁၂)သန်းဖြင့် ကမ်းလှမ်းရန် စိတ်ဝင်စားနေသည်။ သို့သော်လည်း ယူနိုက်တက်အနေနှင့် ၎င်းအား ဇန်န၀ါရီလတွင်သာ ခေါ်ယူခဲ့ပါက Cup-Tiedစည်းမျဉ်းကြောင့် အင်္ဂလန်ထိပ်တန်း ကလပ်၏ ယခုနှစ် ဥရောပချန်ပီယံလိဂ် ပွဲစဉ်များတွင် ဒီယာရာတစ်ယောက် ပါဝင်ခွင့်ရမည် မဟုတ်ကြောင်း သိရှိရသည်။
** ဘောလ်တန်အား အနိုင်ရခြင်းက အရေးပါကြောင်း ချယ်လ်ဆီးနည်းပြပြော **
ဘော်လ်တန်အား အနိုင်ရလိုက်ခြင်းသည် ချယ်လ်ဆီး၏ ပရီးမီးယားလိဂ် မျှော်လင့်ချက်ကို အသက်ဆက် ပေးလိုက်ခြင်းဖြစ်ကြောင်း ချယ်လ်ဆီးနည်းပြ ကာလိုအန်ဆလော့တီက ၀န်ခံပြောကြားလိုက်သည်။ စီးတီးသည် ဘော်လ်တန်အား (၁-၀)ဖြင့် အိမ်ကွင်းတွင် အနိုင်ရလိုက်ခြင်းကြောင့် အမှတ်ပေးဇယားတွင် ဦးဆောင်သူ မန်ချက်စတာ ယူနိုက်တက်ထက် (၁)ပွဲပိုကစားပြီး (၄)မှတ်လျော့ဖြင့် ရပ်တည်နိုင်ခဲ့သည်။ အကယ်၍ ပြင်သစ်တောင်ပံ တိုက်စစ်သမား ဖလော်ရင့်မာလူဒါသာ အနိုင်ဂိုးကို မသွင်းနိုင်ခဲ့ပါက ချယ်လ်ဆီးအဖို့ ပရီးမီးယားလိဂ်တွင် (၇)ပွဲဆက် နိုင်ပွဲပျောက်မည့် အဖြစ်ဆိုးမျိုး ကြုံသွားရနိုင်သည်။ အီတလီနည်းပြကြီးက ဘော်လ်တန်နှင့်ပွဲသာ ရှုံးနိမ့်ခဲ့ပါက ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် သရဖူကို လက်လွှတ်ရန် သေချာသလောက် ဖြစ်သွားပေလိမ့်မည်ဟု ၀န်ခံခဲ့သည်။
** ရီးယဲလ်မက်ဒရစ် ကစားသမား ပီပီအား မန်စီးတီးခေါ်ယူရန်စီစဉ် **
ရီးယဲလ်မက်ဒရစ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေသော ပေါ်တူဂီ နောက်ခံလူ ပီပီအား မန်ချက်စတာစီးတီးက စတင်ချိတ်ဆက်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အသက်(၂၇)နှစ်ရှိ ပီပီသည် လက်ရှိတစ်ပါတ်လုပ်ခ ပေါင်(၃၀၀၀၀)သာ ရရှိနေခြင်းကို မကျေနပ်ဘဲ ယင်းပမာဏထက် (၃)ဆကျော်မျှ တိုးပေးရန် တောင်းဆိုထားရာ ရီးယဲလ်တာဝန်ရှိသူများက ငြင်းဆန်ခဲ့သည့်အတွက် အသင်းမှ ထွက်ခွာရန် စဉ်းစားနေခြင်းဖြစ်သည်။ ဗဟိုခံစစ်တွင် ထူးထူးချွန်ချွန် ကစားနိုင်သည့် ပေါ်တိုနောက်ခံလူဟောင်းအား အင်္ဂလန်အင်အားကြီး ကလပ်များက စိတ်ဝင်စားနေပြီး မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးတို့ကလည်း ၎င်း၏ အခြေအနေကို စုံစမ်းလျက်ရှိသည်။ ရီးယဲလ်ကမူ (၂၀၁၂)တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ပီပီအား တစ်ပါတ်လုပ်ခ ပေါင်(၈၀၀၀၀)ဖြင့် စာချုပ်သက်တမ်း တိုးနိုင်ရန် မျှော်လင့်နေဆဲဖြစ်သည်။ ပီပီ၏ အေးဂျင့်ဖြစ်သူ ဂျော့ဂ်ျမန်းဒက်စ်ကလည်း ရီးယဲလ်အနေနှင့် ကစားသမားအား အသင်းတွင် ဆက်ရှိရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။ ထိုအချိန်တွင် စီးတီးသည် ပီပီအား တစ်နှစ်လုပ်ခ ပေါင်(၇)သန်းပေးမည်ဟု လေသံပစ်ကာ ချဉ်းကပ်လာခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်း ဒေသမှ ကုဋေကြွယ် သူဌေးများ ပိုင်ဆိုင်သော စီးတီးသည် ခံစစ်တွင် ၀ိန်းဘရစ်ဂျစ်၊ ဂျိုအန်လက်စ်ကော့တ်တို့အား ရောင်းထုတ်ပြီး နာမည်ကြီး ကစားသမားများနှင့် အားဖြည့်နိုင်ရန် စီစဉ်လျက်ရှိရာ ဘာစီလိုနာမှ ဘရာဇီးလ် ညာတောင်ပံ ခံစစ်မှူး ဒင်နီရယ်လ် အဲလ်ဗက်စ်ကိုလည်း မျက်စိကျလျက်ရှိသည်။ စပိန်သတင်းအချို့၏ ဖော်ပြမှုအရ ဘာစီလိုနာ အသင်းသည် အခါးသီးဆုံး အစဉ်အလာပြိုင်ဖက်အသင်းမှ ခံစစ်မှူး ပီပီအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းလည်း သိရှိရသည်။
** ဂျက်စတင်ဘီဘာနှင့် ဆယ်လီနာဂိုမက်ဇ်တို့ တစ်ညတာအတူနေခဲ့ဟု သတင်းထွက် **
အမေရိကန် အတင်းအဖျင်း သတင်းအချို့က ဂျက်စတင်ဘီဘာနှင့် ဆယ်လီနာဂိုမက်ဇ်တို့၏ အချစ်ရေးကိစ္စကို နောက်ထပ်မီးထိုးအရှိန်မြှင့်ပေးလိုက်သည်။ မီယာမီတွင် ဂျက်စတင်နှင့် ဆယ်လီနာတို့ တစ်ညတာ အတူနေခဲ့သည်ဟု Life and Style မဂ္ဂဇင်းက အတိအလင်း ဖော်ပြခဲ့သည်။ အသက်(၁၆)နှစ်အရွယ် Popကြယ်ပွင့် ဘီဘာသည် Gansevoortဟိုတယ်တွင် (၁၈)နှစ်သမီးလေး ဆယ်လီနာနှင့် အတူတကွ ရှိနေခဲ့သည်ဟု Life and Styleကဆိုသည်။ ဒီဇင်ဘာ (၁၇)ရက်နေ့က ဆယ်ကျော်သက် ဂီတစတားနှစ်ဦး ဟိုတယ်ခန်းအတွင်းမှ မှာယူခဲ့သည့် အစားအသောက်များ စာရင်းကိုပင် မဂ္ဂဇင်းက ဖော်ပြခဲ့သေးသည်။ ယခင်ကတည်းက ဘီဘာနှင့် ဆယ်လီနာတို့၏ သတင်းများ ထွက်ပေါ်နေခဲ့သော်လည်း ကာယကံရှင်များက အစဉ်တစိုက် ငြင်းဆိုခဲ့သည်။ ဆယ်လီနာသည် ဘီဘာ၏ ဖျော်ဖြေပွဲအတွက် အမေရိကန်လေကြောင်း အားကစားရုံကြီးတွင် လာရောက်ကူညီခဲ့သေးပြီး ပွဲအပြီးတွင် နှစ်ဦးသား ပွေ့ဖက်နေကြောင်း တွေ့မြင်သူများကဆိုသည်။ ယခုလည်း မီယာမီရှိ ဟိုတယ်တစ်ခုတွင် နှစ်ဦးအတူ ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြန်သည့်တိုင် ဘီဘာရော၊ ဆယ်လီနာကပါ တစုံတရာ မှတ်ချက်မပေးသေးဟု သိရှိရသည်။
** ရံပုံငွေအဖွဲ့အစည်းအတွက် ဂုဏ်ယူကြောင်း အက်ဗရာလက်ဂ်ဗင်းပြောကြား **
အက်ဗရာလက်ဂ်ဗင်းသည် သူမတည်ထောင်ထားသည့် ရံပုံငွေ အဖွဲ့အစည်းအတွက် ဂုဏ်ယူကျေနပ်ကြောင်း ပြောကြားခဲ့သည်။ ကနေဒါဖွား Punkအဆိုတော်မလေးအတွက် ယခုနှစ်သည် ခင်ပွန်းသည် ဒါရက်ခ်ဝှစ်ဘလေနှင့် ကွာရှင်းခဲ့မှု အပါအ၀င် ပြဿနာများ ကြုံခဲ့ရသည့်တိုင် စက်တင်ဘာလက သူမထူထောင်ခဲ့သည့် အက်ဗရာလက်ဂ်ဗင်း ဖောင်ဒေးရှင်းကြောင့် လူအများက ချီးကျူးခဲ့ကြသည်။ ဖောင်ဒေးရှင်းသည် နာမကျန်းခြင်းနှင့် မသန်စွမ်းခြင်းများ ကြုံနေရသည့် ကလေးများကို ပြုစုစောင့်ရှောက်ပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ EW.comနှင့် အင်တာဗျူးတွင် အက်ဗရာက “ကလေးတွေ အခက်အခဲကြုံရတဲ့ အချိန်မှာ အကူအညီတွေပေးဖို့ ရည်ရွယ်ပြီး ဒီဖောင်ဒေးရှင်းကို ကျွန်မစတင်ခဲ့တာပါ။ အရမ်းကို ဖျားနာနေတဲ့ ကလေးတွေ၊ မသန်မစွမ်း လူငယ်တွေရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးသွားဖို့ ရည်ရွယ်ပါတယ်။ တကယ်တမ်း ကိုယ်ပိုင်ဖောင်ဒေးရှင်းတစ်ခု ထူထောင်လိုက်တဲ့အခါ တော်တော်လေး စိတ်ရောကိုယ်ပါ ဆောင်ရွက်ဖြစ်ခဲ့တယ်”ဟု ပြောကြားခဲ့သည်။ ထို့အပြင် “ဒီဖောင်ဒေးရှင်းဟာ Projectအကြီးစားတစ်ခု ဖြစ်လာတယ်။ ကလေးတွေရဲ့ ဆန္ဒပြည့်သွားအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ကျွန်မသိပ်ကို စိတ်လှုပ်ရှားရပါတယ်”ဟုလည်း အက်ဗရာက ပြောဆိုသွားခဲ့သည်။
** ရီဟန်နာနှင့် မတ်ကမ့်ပ်တို့၏ အချစ်ဇာတ်လမ်း အဆုံးသတ် **
တစ်နှစ်ကျော်ကြာမျှ တွဲနေပြီးနောက် ရီဟန်နာနှင့် မတ်ကမ့်ပ်တို့ လမ်းခွဲလိုက်ပြီဟု သတင်းများက ဖော်ပြခဲ့သည်။ အသက် (၂၂)နှစ်ရှိ R&Bဂီတစတား အဆိုတော်မလေးသည် Los Angeles Dodgersစတား ကစားသမားနှင့် လမ်းခွဲလိုက်ပြီဟု USမဂ္ဂဇင်းက အတိအလင်း ဖော်ပြလိုက်သည်။ ဇန်န၀ါရီလက ဇာတ်လမ်းစခဲ့သော စုံတွဲသည် နှစ်ဦးနီးနီးစပ်စပ် နေထိုင်ရန် အစဉ်ခက်ခဲနေလေ့ရှိရာ ညှိနှိုင်းရန် ခက်ခဲသော ကိစ္စများဖြင့် လမ်းခွဲလိုက်ခြင်းဟုဆိုသည်။ဘာဘေးဒိုးစ်ဖွား ရီဟန်နာသည် သူမ၏ အနုပညာ အလုပ်များကြောင့် ကမ့်ပ်နှင့်အတူ လော့စ်အန်ဂျလိစ်တွင် အချိန်ပေးနေထိုင်နိုင်မှု အလွန်နည်းပါးသည်။ အသက် (၂၆)နှစ်ရှိ ကမ့်ပ်နှင့် ရင်းနှီးသူများက ကမ့်ပ်သည် ယင်းအခြေအနေကို သည်းမခံနိုင်ဟု ပြောကြားခဲ့သည်။ ရီဟန်နာနှင့် ကမ့်ပ်တို့ကြား စေ့စပ်ကြောင်းလမ်းထားပြီဟု ကောလဟာလများ မကြာခဏ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအနေအထားအရမူ နာမည်ကျော်နှစ်ဦးတို့ ပြန်လည်စေ့စပ်ညှိနှိုင်းရန် ခက်ခဲဖွယ်ရှိကြောင်း USမဂ္ဂဇင်းတွင် ရေးသားထားသည်။ ရီဟန်နာသည် ဒီဇင်ဘာလထုတ် Marie Claire UKမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမအနေနှင့် ချစ်သူဟောင်း ခရစ်ဘရောင်းနှင့် လမ်းခွဲလိုက်ပြီးနောက်ပိုင်း တစ်ကိုယ်တည်းဘ၀တွင် ပိုမိုအသားကျလာကြောင်း ပြောကြားခဲ့သည်။ “ခုဆိုရင် တကယ့်ကို စိတ်ရင်းနဲ့ ပြုံးပြုံးရွှင်ရွှင် နေနိုင်လာပြီ။ ကျွန်မအတွက် တစ်ယောက်ထဲ ရပ်တည်လာနိုင်တာ ခွန်အားတစ်ခုပါ။ လူတွေက ဘယ်လိုတွေးမလဲတော့ မသိဘူး။ ကျွန်မအနေနဲ့ တစ်ယောက်ထဲဆိုလည်း ပြဿနာ သိပ်မရှိပါဘူး”ဟု ရီဟန်နာက ပြောကြားခဲ့သည်။ ရီဟန်နာနှင့် ဘရောင်းတို့သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရီဟန်နာ့မျက်နှာတွင် ဒဏ်ရာများ ရရှိခဲ့ပြီးနောက်ပိုင်း လမ်းခွဲခဲ့ခြင်းဖြစ်သည်။
** Spiderman ဇာတ်ရုပ်အတွက် အန်ဒရူးဂါဖီးလ် စိုးရိမ်နေ **
အန်ဒရူးဂါဖီးလ်က Spidermanဇာတ်ရုပ်နှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် စိုးရိမ်နေမိကြောင်း ပြောကြားခဲ့သည်။ Spiderman 4ဇာတ်ကားသည် နာမည်ကျော် သိပ္ပံလူစွမ်းကောင်း၏ ငယ်ဘ၀ကို သရုပ်ဖော်မည်ဖြစ်ရာ ယခင်ဇာတ်ကား (၃)ခုတွင် ပါဝင်နေကျ မင်းသားတိုဘီမက်ဂွိုင်းယားအစား လူငယ်မင်းသား ဂါဖီးလ်က ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ သို့သော်လည်း ဂါဖီးလ်က Spidermanဇာတ်ရုပ်တွင် အကောင်းဆုံး သရုပ်မဆောင်နိုင်ပါက မိမိအနေနှင့် အလွန်ပင် စိတ်ပျက်စရာဖြစ်သွားမည်ဟု ၀န်ခံပြောကြားခဲ့သည်။Social Networkဇာတ်ကားတွင် ပါဝင်ခဲ့သည့် မင်းသားက ပီတာပါကား (Spiderman၏ အမည်ရင်း)အဖြစ် သရုပ်ဆောင်ရန်မှာ စိတ်ရောကိုယ်ပါ အားထည့်ရကြောင်း မှတ်ချက်ပြုခဲ့သည်။ ၎င်းက “ပြောရရင် Spidermanအတွက် အရွေးခံရတာ အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေမိတာပါ။ ကျွန်တော် အကောင်းဆုံးလည်း ကြိုးစားချင်ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ နောက်ဆုံး ခံစားချက်ပိုင်းကအစ Spidermanအဖြစ် တထပ်တည်းကျအောင် သရုပ်ဆောင်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ ဗြိတိသျှမင်းသားသည် ယခုနှစ်အတွင်း Social Networkနှင့် Never Let Me Goတို့ကဲ့သို့ ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခွင့် ရခဲ့ခြင်းအပေါ် ကံကောင်းသည်ဟု ခံစားရကြောင်းလည်း ဖွင့်ဟခဲ့သည်။ The Filmမဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဂါဖီးလ်က “ဒီနှစ်ဟာ ကျွန်တော့်အတွက်တော့ ဆုလာဘ်တစ်ခုပါ။ အရမ်းကို ထူးချွန်ပြီး၊ ကြီးကျယ်ခမ်းနားတဲ့ ပုဂ္ဂိုလ်တွေနဲ့ အတူတွဲ အလုပ်လုပ်ခွင့် ရခဲ့ပါတယ်။ ကျွန်တော်ကတော့ သိပ်ကံကောင်းတယ်လို့ ထင်မိတယ်”ဟုလည်း ပြောဆိုသွားသည်။
** ၂၀၁၀ ခုနှစ် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဆုရှင် လေဒီဂါဂါ **
ယခုနှစ်အတွက် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်ဆုရှင်အဖြစ် လေဒီဂါဂါက ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ (၂၀၀၈)ခုနှစ်ထုတ် The Fameအယ်လ်ဘမ်ကို ပိုမိုကောင်းမွန်အောင် ဖန်တီးထားသည့် သူမ၏ The Fame Monsterအယ်လ်ဘမ်သည် ကော်ပီပေါင်း (၆)သန်းနီးပါး ရောင်းချခဲ့ရသည်။ ထို့ကြောင့်လည်း (၂၀၁၀)၏ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်စာရင်းတွင် ဂါဂါက Eminem၏အထက်မှ ရပ်တည်ခွင့် ရခဲ့ခြင်းဖြစ်သည်။ Eminemက Recoveryအယ်လ်ဘမ်ကို ထုတ်ဝေခဲ့ရာ ကော်ပီချပ်ရေ (၅.၇)သန်းမျှ ရောင်းချခဲ့ရသည်။ ဂါဂါက သူမ၏ Twitter၀က်ဘ်ဆိုက်မှတဆင့် “The Fame Monsterက (၂၀၁၀)အတွက် ရောင်းအကောင်းဆုံးအယ်လ်ဘမ် ဖြစ်လာခဲ့ပါပြီ။ ဒီအတွက် ပျော်ရွှင်မိသလို နောက်လည်း ဘာတွေဖြစ်လာမလဲ ရင်ခုန်မိပါတယ်။ ယုံကြည်မှုနဲ့ ကြိုးစားမှု ပေါင်းလိုက်တဲ့အခါ လူတိုင်းဟာ ကိုယ့်အိပ်မက်တွေကို အမှန်တကယ် ဖြစ်လာအောင် လုပ်နိုင်ပါလိမ့်မယ်”ဟု ရေးသားခဲ့သည်။ ဂါဂါသည် လက်ရှိတွင် သူမ၏ စတုတ္ထမြောက် အယ်လ်ဘမ်ကို ထုတ်ဝေရန် ပြင်ဆင်နေသည်။ ထိုအယ်လ်ဘမ် Born This Wayကို နှစ်သစ်ကူးည သန်းခေါင်ယံတွင် စတင်ရောင်းချမည်ဟုလည်း သိရှိရသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည်။ **

No comments:
Post a Comment