** ကင်ဆာရောဂါ ကင်းဝေးလိုပါလျှင် ***
**(Public Health)**
(လန်ဒန်၊ ဖေဖော်ဝါရီလ ၂၃ ရက်)
လူတို့သည် သဘာဝကျကျ နေထိုင်စားသောက်ခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူတို့က ဆိုထားသည်။ သဘာဝကျကျ နေထိုင်စားသောက်ခြင်းဆိုရာတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ စားသုံးခြင်း၊ အရက်သေစာသောက်စားမှု ရှောင်ကြဉ်ခြင်းနှင့် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းတို့ကို ဆိုခြင်းပင်ဖြစ်၏။

** ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ **
လူတို့အနေဖြင့် ကင်ဆာရောဂါကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို နေ့စဉ် စားသုံးရမည်ဖြစ်သည်။ အ၀မလွန်စေရန် တိရစ္ဆာန်မှရသော အဆီနှင့် ဆီများ လျှော့စားသင့်သည်။ အမျှင်ဓာတ်များသော ဂျုံနှင့် ပြောင်းဆန်များ၊ ဗီတာမင်အေနှင့် စီဓာတ်ပါသည့် အရွက်များ၊ အသီးအနှံများ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနှင့် ဆလတ်ရွက်တို့ကို ပိုမိုစားသုံးရမည်ဖြစ်သည်။

** ရှောင်ကြဉ်သင့် **
ကင်ဆာရောဂါမဖြစ်ပွားစေရန်အတွက် ကွမ်း၊ ဆေးလိပ်နှင့် အရက်သေစာများ သောက်သုံးခြင်းမှ ရှောင်ကြဉ်သင့်ကြောင်းဖြင့်လည်း ကျွမ်းကျင်သူများက တိုက်တွန်းထားသည်။
** လေ့ကျင့်ခန်းပုံမှန်လုပ် **
(ကင်ဆာရောဂါကာကွယ်နိုင်ရန်အရေးကြီးဆုံး တစ်ချက်မှာ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ခြင်းဖြစ်သည်။ နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ရာ၌ မိမိနှစ်သက်ရာ အားကစားတစ်မျိုးမျိုးကို ပြုလုပ်နိုင်သည်။ ဥပမာ- လမ်းလျှောက်ခြင်း၊ ဘောလုံး၊ ခြင်းလုံး၊ တင်းနစ်၊ ကြက်တောင်အစရှိသော အားကစားတစ်မျိုးမျိုး ပြုလုပ်ခြင်းတို့ပင် ဖြစ်သည်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သည်ဟု ဆိုရာတွင် ချွေးထွက်မှုရှိသည့် လေ့ကျင့်ခန်းမျိုးဖြစ်သည်။
သာမန်လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် ထိရောက်သော အကျိုးကို မဖြစ်စေနိုင်ဘဲ ခပပ်သွက်သွက်လမ်းလျှောက်ခြင်းဖြင့်သာ ကျန်းမာရေးအတွက် ပိုမို အထောက်အကူဖြစ်စေကြောင်း သတိပြုသင့်သည်။ ကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် လူအသေအပျောက်များသည့် ရောဂါတစ်မျိုးဖြစ်သည်။ အထူးသဖြင့် ရင်သားကင်ဆာ၊ အသည်း ကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများမှာ အဆိုးဆုံးဖြစ်သည်။ လူတို့သည် အထက်ဖော်ပြပါ သဘာဝကျကျ နေထိုင်စားသောက်ခြင်း နည်းလမ်းများအတိုင်း ပြုပြင်သွားမည်ဆိုပါက ရင်သားကင်ဆာဖြစ်ပွားမှု နှုန်း ၄၀ ရာခိုင်နှုန်း လျော့ကျနိုင်မည်ဖြစ်သကဲ့သို့ အခြားသောကင်ဆာရောဂါများကိုလည်း လျော့ကျစေနိုင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်ကင်ဆာ သုတေသနနှင့် ကမ္ဘာ့ကင်ဆာ သုတေသန ရန်ပုံငွေအဖွဲ့တို့မှ ကျွမ်းကျင်သူများက ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌ ပြောကြားခဲ့သည်။ ကိုယ်အလေးချိန်လျှော့ချခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်းနှင့် အခြားသော သဘာဝကျကျ ပြုမူနေထိုင်ပါက ကင်ဆာရောဂါကြောင့် သေဆုံးနေရခြင်းများကို တားဆီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ကင်ဆာ သုတေသန ရန်ပုံငွေအဖွဲ့မှ ဆေးဘက်နှင့် သိပ္ပံအကြံပေးအရာရှိ မာတင်ဝိုက်မန်းက ပြောကြားသည်။ ဤသို့ သဘာဝကျကျ နေထိုင်စားသောက်ခြင်းတို့ကြောင့် တရုတ်နိုင်ငံတွင် ၂၇ ရာခိုင်နှုန်း၊ အမေရိကန်တွင် ၃၅ ရာခိုင်နှုန်း၊ ဗြိတိန်၌ ၃၇ ရာခိုင်နှုန်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်းမှ လျော့ကျစေခဲ့ကြောင်း ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေက လေ့လာတင်ပြထားသည်။ ယင်းတွေ့ရှိချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထောက်ခံထားသည်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် ကင်ဆာ၊ နှလုံးနှင့် ဆီးချိုရောဂါများကိုပါ ကာကွယ်ပေးနိုင်စွမ်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထပ်လောင်းထောက်ခံထားသည်။ သို့ဖြစ်၍ လူတိုင်းကင်ဆာရောဂါမှ ကင်းဝေးစေနိုင်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံကို လိုက်နာကျင့်သုံးသင့်ပါကြောင်း….။
** စုစည်းဘာသာပြန်- မြင့်မောင်စိုး **

No comments:
Post a Comment