** လှောင်ချိုင့်စံတို့ ပဋိပက္ခ-ခြင်္သေ့တစ်ကောင် အသက်စွန့်ခဲ့ရ **
(အင်ကာရာ၊ မတ်လ ၈ ရက်)
တူရကီနိုင်ငံ အင်ကာရာမြို့တော်ရှိ အင်ကာရာတိရစ္ဆာန်ဥယျာဉ်၌ ခြင်္သေ့တစ်ကောင်ကို ဘင်ဂေါလ်ကျားတစ်ကောင်က ကုတ်ဖဲ့သတ်ဖြတ်ခဲ့ကြောင်း မတ်လ ၇ ရက်သတင်းများတွင် ဖော်ပြသည်။ သားရဲလှောင်အိမ်များအကြား ပိုင်းခြားထားသော စည်းရုံးကျိုးပေါက်မှုဖြစ်ပေါ်ရာမှ အစပြု၍ ကျားနှင့် ခြင်္သေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အင်ကာရာတိရစ္ဆာန်ဥယျာဉ် တာဝန်ရှိသူများက ပြောကြားသည်။ (အင်တာနက်)
** နိုင်ငံရေးရန်ပုံငွေ တရားမ၀င်လက်ခံခဲ့သူ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရာထူးမှ နုတ်ထွက် **
(တိုကျို၊ မတ်လ ၈ ရက်)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဆေးဂျိမေဟာရာသည် မတ်လ ၇ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်ရပြီဖြစ်သည်။ ၄င်းသည် နိုင်ငံခြားသားတစ်ဦးထံမှ တရားမ၀င်လှူဒါန်းငွေတစ်ရပ်ကို လက်ခံခဲ့သည်ဟု ၀န်ခံခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်။ (အင်တာနက်)
** ပဉ္စမမျိုးဆက် ဂျက်တိုက်လေယာဉ်တည်ဆောက်မှုပြိုင်ပွဲ ဂျပန်နိုင်ငံလည်း ပါဝင်လာ **
(တိုကျို၊ မတ်လ ၈ ရက်)
ရန်သူ၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်သည့် ပဉ္စမမျိုးဆက်ဂျက်တိုက် လေယာဉ်များ တည်ဆောက်မှုပြိုင်ပွဲ၌ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်တို့နှင့်အတူ ဂျပန်နိုင်ငံလည်း ပါဝင်လာပြီဖြစ်ကြောင်း ဂျပန်လေတပ် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မတ်လ ၇ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ဂွါတာနာမို အကျဉ်းသားများကို တရားစီရင်မှု ပြန်လည်စတင်မည် **
(၀ါရှင်တန်၊ မတ်လ ၈ ရက်)
ကျူးဘားနိုင်ငံ ဂွါတာနာမို ပင်လယ်အော် အကျဉ်းထောင်မှ အကြမ်းဖက်သမားများအဖြစ် သံသယရှိရသူများကို စစ်ဘက်ဆိုင်ရာ တရားရုံး၌ တရားစွဲဆိုမှုများ ပြန်လည်စတင်ရန် အမိန့်အာဏာတစ်ရပ်အား အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက မတ်လ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** ပါကစ္စတန်အရှေ့ပိုင်း ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ ဦးသေဆုံး **
(အစ္စလာမ္မာဘတ်၊ မတ်လ ၈ ရက်)
ပါကစ္စတန်နိုင်ငံ ဂန်ဂျပ်ပြည်နယ် အလယ်ပိုင်းရှိ ဓာတ်ငွေ့ဆိုင်တစ်ဆိုင်၌ အစ္စလာမ္မစ်စစ်သွေးကြွများ၏ လက်ချက်အဖြစ် ယူဆရသော ကားဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ ဦးသေဆုံး၍ ၁၂၇ ဦးဒဏ်ရာရခဲ့ကြောင်း မတ်လ ၈ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးတပ်ဖွဲ့များ ဆက်လက်ထားရှိရန်လိုအပ် **
(ဆာတာဗာ(အနောက်ဘက်ကမ်း) မတ်လ ၈ ရက်)
အရှေ့အလယ်ပိုင်းဒေသ အနာဂတ်ငြိမ်းချမ်းရေးသဘောတူညီချက်များ၏ ခွင့်ပြုချက်ဖြင့် အစ္စရေးနိုင်ငံသည် အနောက်ဘက်ကမ်းဒေသရှိ မဟာဗျူဟာ အချက်အချာဒေသတစ်ခုကို ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အင်္ဂါနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ငလျင်ဒဏ်ကြောင့် လိမ့်ဆင်းခဲ့သည့် ကျောက်တုံးကြီး နယူးဇီလန်နိုင်ငံသား လေလံတင်ရောင်းချ **
(၀ယ်လင်တန်၊ မတ်လ ၈ ရက်)
ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကိုခံစားခဲ့ရသည့် နယူးဇီလန်နိုင်ငံ ခရစ်ချပ်ခ်ျမြို့သားတစ်ဦးသည် ၄င်း၏ နေအိမ်ကို ကြိတ်ခြေခဲ့သော အိမ်စီးမော်တော်ယာဉ်ပမာဏမျှရှိသည့် ကျောက်တုံးကြီးကို အင်တာနက်မှတစ်ဆင့် လေလံတင်ရောင်းချလျက်ရှိကြောင်း မတ်လ ၈ ရက်နေ့က သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment