ထိုစဉ်က ဇေယျာသီရိလမ်းထဲတွင် ကျွန်တော်တို့  ဥ နေကြ လက်ဘက်ရည်ဆိုင်လေး
တစ်ဆိုင်ရှိသည်။ လှည်းတန်းမီးပွိုင့်နားတွင် ပန်းအိကဖီးနှင့် လှည်းတန်းဈေး
မရောက်မီ စေတနာရှင်ကဖီးကို တွေ့ ရဦးမည်။
အဓိပတိလမ်းက ထွက်ပြီး ညာဘက်ချိုး၊ R.C 2 ဘက် သို့ ကျောင်းသားအုပ်ကြီး
လမ်းလျှောက်ချီတက်ခဲ့သည်။ ကျွန်တော်တို့ ရင်ထဲတွင် ဖုန်းမော်သေဆုံးတာနှင့်
ပက်သက်ပြီး ကြိတ်မနိုင်ခဲမရဖြစ်ပြီး ဒေါသတချောင်းချောင်းထွက်နေကြသည်။
ထိုစဉ်က ကမာရွတ်ရဲစခန်းမှာ လှည်းတန်းမီးပွိုင့်နားတွင် ရှိသည်။ ဂျက်ဆင်ရှေ့ နှင့်
မာလာဆောင်နားတွင် “ မှုံရွှေရည်...သီချင်းလေးလိုကွယ်...” သီချင်းတွေ ဖီလင်အပြည့်
ထည့်ဆိုကြပြီး အာခေါင်ခြောက်မှ ပြန်ကြပြီး လှည်းတန်းမီးပွိုင့်နားက အလင်းဆိုင်တွင်
ဗိုက်ဝင်ဖြည့်လိုက်သေးသည်။
တံတားဖြူမှတ်တိုင်အလွန်တွင် သံဆူးကြိုးများနှင့် တားဆီးထားသည်ကို တွေ့ ရသည်။
နောက်ကိုလှည့်ကြည့်လိုက်တော့ အင်းလျားလမ်းထိပ်အထိ ပြည်လမ်းမပေါ်တွင်
ကျောင်းသားထုကြီးကို လှိုက်မောအားရဖွယ်။ ကျွန်တော်တို့ ရှေ့ ဆက် မတိုးနိုင်ကြတော့ပါ။
ထိုစဉ်က တက္ကသိုလ်ကျောင်းသားများမှာ လွယ်အိတ်အရှည် လွယ်ကြပါသည်။ တချို့ 
စာအုပ်ကို လက်ထဲကိုင်၊ ဘောပင်ကို အကျီ င်္အိတ်ထဲ ထည့်ကြသည်။ ပရက်တီကယ်ချိန်ကို
အလေးထားကြသည်။ ကျွန်တော်တို့  အရှည်ကြီးဆိုင် ထိုင်တာများပါသည်။ မန္တလေးဆောင်နှင့်
နီးသဖြင့် ပိုအဆင်ပြေသည်။ တောင်ငူဆောင်နားမှာ ဦးချစ်ဆိုင် ရှိပါသည်။
သိပ်မကြာခင် ကျောင်းသားတွေ အော်သံကြားရသည်။ မာလာဆောင်ဘက်က လုံထိန်းကား
တွေ ၀င်လာပြီ။ ကျောင်းသားတွေကို ညှပ်ပိတ်ပြီး အသေအကြေဖြိုခွင်းတော့မည့် သဘော
ရှိသည်။ ကျွန်တော်တို့ မှာ နံပတ်တုတ်နှင့် သေနတ်တွေကို ပြန်လည်ခုခံစရာ ဘာဆိုဘာမှ မရှိပါ။
မကျေနပ်ခြင်းများရှိသည်။ ဖုန်းမော်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပေးစေချင်သည်။ လူသတ်တရားခံကို
အရေးယူပေးရမည်။ ထိုစိတ်များကို အရင်းတည်ပြီး အစိုးရကို အာခံကြခြင်းဖြစ်သည်။
ထိုစဉ်က ကျောင်းသားများသည် အပြင်စာများကို တခုတ်တရ ဖတ်ကြသည်။ ကဗျာတွေ ရေး
ပြီး အပြန်အလှန် ပေးဖတ်ကြသည်။ မဂ္ဂဇင်းများထံ စာမူတွေ ပို့ ကြသည်။ ကျောင်းသားများသည်
ရိုးသားကြသည်။ တည်ငြိမ်ကြသည်။ အေးဆေးကြသည်။ ရင့်ကျက်ကြသည်။ ရန်ကုန်တက္ကသိုလ်
သည် ရန်ကုန်တက္ကသိုလ်ဟန်၊ ရန်ကုန်တက္ကသိုလ်မာန် အပြည့်နှင့်။
တချို့ အင်းလျားကန်ပေါ် တက်ပြေးသည်။ တချို့ ပြည်လမ်းဘယ်ဘက်ခြမ်းရှိ အိမ်များဘက်
ပြေးကြသည်။ ကျွန်တော် အင်းလျားကန်ပေါင်ပေါ် တက်ပြေးသည်။ လုံထိန်းကားများ တရဟော
မောင်းချလာသည်ကို မြင်ရသည်။ အင်းလျားကန်ပေါင်သည် ပြေးပေါက်ပိတ်နိုင်သော သတ်ကွင်း
သဖွယ်ဖြစ်သွားနိုင်သည်ဟု တွေးမိပြီး ခြေကုန်သုတ်ပြီး ဟိုဘက်ခြမ်းက အိမ်တွေဆီ အသက်ရှူ
မှားမတတ် ထွက်ပြေးမိသည်။ ခြံအုတ်တံတိုင်းများပေါ် ကျော်တက်ကြရာ ကျောင်းသူများကို
ဦးစားပေးပြီး ဆွဲတင်တွန်းတင်ကြသည်။ တချို့ အိမ်များ မသိမသာတံခါး ဟ ပေးထားသည်။
ထိုစဉ်က ခင်မောင်တိုး၊ စိုင်းထီးဆိုင်နှင့် ခင်ဝမ်းသီချင်းတို့ သည် ကျောင်းသားများကြား
ရေပန်းစားလှသည်။ ထမီတိုတို၊ ခြေသလုံသားပေါ်အောင် ၀တ်ကြသော ကျောင်းသူများကို
သြဘာပေးကြသည်။ ကိုယ်ပိုင်ကားမောင်းပြီး ကျောင်းတက်ကြသော ကျောင်းသူတချို့ ကို
ခိုးကြည့်ကြသည်။ သိပ္မံလက်တွေ့ ခန်း ၀င်ရန် အဓိပတိလမ်းကို တမျှော်ကြီး လျှောက်ရသည်။
နောက်ဘက်တွင် ကျန်ခဲ့သော ကျောင်းသားများကို လုံထိန်းများက ရိုက်နှက်ကြသည်။
ခြေထောက်ဖြင့် ကန်ကျောက်ကြသည်။ ကျောင်းသူများ အော်ဟစ်သံများကို ကြားရသည်။
ထိုတံတားသည် နီပြီ။ ကျန်ရစ်ခဲ့သော ကျောင်းသားများနှင့် အဖမ်းခံရသော ကျောင်းသားများကို
ကျွန်တော်တို့  မမေ့ပြီ။ ဇော်ဇော် ပါသွားပြီ။
ရန်ကုန်တစ်မြို့ လုံး “ တောက် ” ခေါက်လိုက်ကြသည်။
** အောင်မျိုးထွန်း**
၁၄- ၃- ၂၀၁၁

No comments:
Post a Comment