“လူငယ့်ပြဿနာ လူကြီး မရှင်းသာ” ဆိုပြီး ဆရာကြီး ဒေါက်တာသန်းထွန်း ရေးခဲ့ဖူးတဲ့ ဆောင်းပါးတစ်ပုဒ် (အိန္ဒိယ ချစ်ကြည်ရေးခရီး - ဆောင်းပါးများ စာအုပ် ပါ) ကို သတိရတယ်။ ဆရာကြီးက ပညာရှင်လည်း ပညာရှင်၊ နိုင်ငံတကာခရီးတွေလည်း သွားခဲ့လေသူ ဆိုတော့ အကြောင်းအရာတစ်ခုကို ချက်ကျ လက်ကျနဲ့ စုံစုံလင်လင် ရေးသားသွားနိုင်တယ်။ ကျွန်တော်ကလည်း တောင်ဖတ်မြောက်ဖတ် ဖတ်တဲ့သူ ဆိုတော့ ကြားရ၊ မှတ်ရ၊ အသိအမြင် တိုးတယ်လို့ ပြောလို့ရတယ်။ အဓိကက လူငယ်ပြဿနာဆိုတာ ဘာလဲလို့ သေချာ စေ့ငုလေ့လာ၊ စစ်တမ်းထုတ်နိုင်ဖို့ ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ဘူး ထင်တယ်။ ဆိုလိုတာက ပညာရပ်ဆိုင်ရာအတွင်းက ပညာတတ် လူတစ်စုအနေနဲ့ သုတေသန လုပ်မယ်ဆိုရင်တောင် အလုံးစုံကို ခြုံငုံမိဖို့၊ ယေဘုယျကျတဲ့ အဖြေတစ်ခု ရဖို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်။ ကျွန်တော့်အတွက်ဆို ပိုပြီးတော့တောင် မအပ်စပ်လှဘူး မဟုတ်လား။ ဒါပေမယ့် ကျွန်တော့် ကမြင်းနီ ဦးနှောက်နဲ့ စဉ်းစားမိသမျှ၊ ကြုံရသမျှကို ရေးပြပါရစေ။ ဒီစာပုဒ်ရဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်ပြီး မျက်ခုံးတွန့်မယ့်သူလည်း ရှိမှာပဲ။ အဆီအငေါ် မတည့်လွန်းမက မတည့်ရင်လည်း၊ “ဘယ့်နှယ်လဲဟ၊ ကိုယ့်လူ လုပ်လှချေလား” ဆိုလာရင်လည်း စာဖတ်သူ အနေနဲ့ ဖတ်ရသမျှ အဟောသုခံ - ချမ်းသာပေစွလို့သာ ဂဏှာဟိ - မှတ်လေလော့။
အရွယ် မရောက်တရောက် လူငယ်၊ အရွယ်ရောက်ပြီး လူငယ်တွေရဲ့ ပြဿနာဆိုတာထက် အဲဒီ လူငယ်တွေရဲ့ သာမန်နေ့စဉ် ဘဝအတွင်း လူမှုပတ်ဝန်းကျင်ရဲ့ ပုံလောင်းခံရပြီး လက်ခံလာခဲ့တဲ့ လူငယ်တွေရဲ့ သိမှုဆိုင်ရာကို အပေါ်ယံသဘော ဖြေရှင်းလို့ မရနိုင်တဲ့ ကိစ္စဆိုရင် ပိုမှန်မယ် ထင်တယ်။ (ဒီအရေးအသားအတွက် သည်းခံပါ၊ ဒီအသုံးအနှုန်းတွေ ကျွန်တော်လည်း ကောင်းကောင်း နားမလည်ပါဘူး။ လူပြိန်းတွေး တွေးပြီး လူပြိန်းရေး ရေးလိုက်တာပါ) သာမန် လူကြိုက်များအောင်၊ ဝါးလို့ ကောင်းအောင် ရေးထားတဲ့ စာအုပ်တွေထဲမှာတော့ “တိုင်းပြည်အတွက် လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်”၊ “လူငယ်ဘဝ ဆိုတာ အညွန့်တလူလူ တက်နေတဲ့ အရွယ်” ၊ ဒီလိုမျိုး အသုံးအနှုန်းလေးတွေ ပလူပျံနေအောင် ရေးထည့်လို့ ရချင်ရနိုင်တယ်။ ဒါပေမဲ့ ဒါတွေဟာ အစဉ်အလာ အတွင်းက အသိမကြွယ်တကြွယ် လူငယ်တွေကို မြှောက်ထိုးပင့်ကော် လုပ်ပေးရာလည်း ကျသွားနိုင်တယ်။ ဥပမာ- ၁၅/ ၁၆ အရွယ် ကျောင်းသားကလေး တစ်ယောက်ဟာ လမ်းပေါ်မှာ ကား လာနေတာ သိရက်နဲ့ ငါ ကျောင်းသားပဲ၊ ငါ့ကို ဝင်တိုက်သွားလို့ မရဘူး ဆိုတဲ့ ဘဝင်စိတ်ကလေးတွေ ဝင်နေတဲ့ လူငယ်လေးတွေလည်း ရှိတယ်။ အဲသလို လူငယ်ကလေးတွေကို အပြစ်တင်လို့လည်း မရဘူး။ သူ့အရွယ်ကိုက ဂျစ်တိုက်ချင်၊ ကန့်လန့်လုပ်ချင်တဲ့ စိတ်မျိုး ရှိတတ်တဲ့ အရွယ်ကိုး။
အစမှာ ရေးခဲ့သလို အဲဒီလို အရွယ် မရောက်တရောက် လူငယ်လေးတွေရဲ့ မဖြစ်ညစ်ကျယ်နဲ့ ဂျစ်ကန်ကန် လုပ်ချင်နေတတ်တဲ့ ပြဿနာဆိုတာ ဘာရယ်လို့ ပြောဖို့ ခက်ပါတယ်။ ဒေါက်တာ အောင်ခင်ဆင့်တို့လို ပညာတတ်တွေ ရေးထားတဲ့ လူပျိုပေါက်၊ အပျိုပေါက်အရွယ် တွေ့ကြုံ ခံစားရတဲ့ လိင်ပိုင်းဆိုင်ရာ အခက်အခဲတို့၊ အနှောက်အယှက်တို့ ဆိုတာမျိုးထက်လည်း ပိုပါလိမ့်မယ်။ ငွေကြေးအတန်အသင့် ချောင်လည်ပြီး ပညာတတ်တယ်ဆိုတဲ့ မိသားစု အသိုင်းအဝိုင်းအတွင်းမှာ ထိန်းကျောင်း ပဲ့ပြင်၊ နည်းပေးလမ်းပြ အတွက် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်ပေးနိုင်တောင်မှ ထင်မှတ်,မထားတဲ့ ကိစ္စတွေမှာ အဲဒီအရွယ် လူငယ်လေးတွေရဲ့ ပြဿနာကို မဖြေရှင်းနိုင်ကြပါဘူး။
ကျွန်တော့် အတွေ့အကြုံလေး ရေးပြပါရစေ။ ကျွန်တော့် အသိမိတ်ဆွေတစ်ယောက် မိသားစုမှာ ဆယ်တန်း အရွယ် သားလေး တစ်ယောက် ရှိတယ်။ မိဘတွေရော၊ အကြီးလူတွေပါ ရာထူးရာခံနဲ့ မဟုတ်ပေမယ့် အိမ်နံရံမှာ ဘွဲ့ဓာတ်ပုံတွေ အစီအရီ ချိတ်ထားနိုင်တဲ့ မိသားစုမျိုးပဲ။ ဒီကလေးကိုလည်း ပိုက်ဆံရှိတော့ ကောင်းပေ့ဆိုတဲ့ ဘော်ဒါမှာ ထားတယ်။ အစပိုင်းမှာ ဟုတ်သလိုလို ရှိခဲ့ပေမယ့် နှစ်လယ်လောက်မှာ ဘော်ဒါကနေ လစ်လစ်ပြီး ဘီယာဆိုင် ထိုင်တတ်နေပြီ။ တနေ့တော့ ကျွန်တော်နဲ့တွေ့ပြီး၊ ဦးလေး ကျွန်တော့်ကို ဘီယာတိုက်ပါ လို့ ပြောပါလေရော။ ဒီအခြေအနေမှာ သူ့ကို ဘီယာ၊ အရက် မကောင်းကြောင်း တရား သွားဟောလို့လည်း မဖြစ်ဘူး မဟုတ်လား။ ဒီတော့ စကားလမ်းလွှဲတဲ့ အနေနဲ့ မင်း ကျောင်း မသွားဘူးလား ဆိုတော့ ပျင်းလို့ တဲ့။ ဆယ်တန်းအောင် လို့ တက္ကသိုလ် ဆက်တက်ပြီး ဘွဲ့ရခဲ့ရင်တောင် ဘာလုပ် လို့ရမှာမှတ်လို့ လို့ ပြန်ပြောတယ်။
ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိဘူး။ ဒီကလေးရဲ့ စိတ်ထဲမှာ အရပ်ထဲက တစ်ယောက်ယောက်က ချွန်တွန်းလုပ် ပြောတာကို နားယောင်၊ သူပျင်းတာနဲ့ ရောပြီး သူ့အနေနဲ့ ဒါအမှန်ပဲ လို့ လက်ခံထားတာ။ ပြီးတော့ ကြီးကြီးကျယ်ကျယ် ပြောရရင် လက်ရှိ သူ့အရွယ် သင်ကြားနေရတဲ့ ပညာရေး စနစ်အပေါ်ကို ယုံကြည်မှု မရှိတော့တာ။ ကလေးတစ်ယောက်ဟာ သူ လက်ရှိအနေအထားအရ နည်းနည်း သိတာရယ်၊ မြင်တာ၊ ကြားတာရယ် ရောပြီး နှိုင်းယှဉ်ကြည့်၊ စိတ်အလေးသာတဲ့ ဘက်ကို ယိမ်းပေးလိုက်တဲ့ သဘောပဲ။ ဆိုလိုတာက စိတ်ကလည်း လေချင်တဲ့ အရွယ်၊ ဘာမှန်းမသိတဲ့ စာသင်ခန်းကြီးကို ငြီးငွေ့လာတာရယ် ရောထွေးပြီး အများတကာ ပြောနေကြသလို ချော်လဲ ရောထိုင် လုပ်ချလိုက်တာပဲ။ ( ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကြီး ဆိုးသည်၊ ကောင်းသည် ကို မပြောပါ။ ကျောင်းသားအရွယ် ကလေးတစ်ယောက်ရဲ့ စိတ်အနေအထားကို မှန်းကြည့်တာပါ။ ကျွန်တော်လည်း ဒီအရွယ်ကို ဖြတ်သန်း လာခဲ့တာကိုး။)
ခုချိန်မှာ ဒီအမြင်က သာမန်လူတွေအတွက်တော့ အမှန်တရားပဲ။ ဘွဲ့ရ အလုပ်လက်မဲ့တို့၊ ဘွဲ့ရ ဆိုက်ကားသမား တို့၊ ဘွဲ့ရ ကုန်တင် ကုန်ချ တို့ ဆိုတာ သူတို့ရဲ့ နိစ္စဓူဝမှာ တွေ့နေ မြင်နေရတာကိုး။ ဒီတော့ ဘာလို့ အချိန်ကုန်ခံ၊ ငွေကုန်ကြေးကျ ခံပြီး ကျောင်းသင်ပညာကို သင်နေတော့မှာလဲ လို့ တွေးကြတော့တယ်။ ဒီအလုပ်တွေ လုပ်မယ် ဆိုရင် စာသင်ကျောင်းက ထွက်ပြီး ခပ်ငယ်ငယ်ကတည်းက ဆိုင်ကယ်ဝပ်ရှော့၊ ကားဝပ်ရှော့မှာ ပညာသင်ရတာကမှ ထမင်းစား လက်မှတ် ရနိုင်သေးတယ်လို့ မြင်တယ်။ အရပ်ထဲက သာမန် လူကြီးပိုင်းကလည်း ဒီလိုပဲ မြင်ကြတယ်။ ဒီအမြင်တွေကို လက်ခံ သိရှိထားတဲ့ လူငယ် တစ်ယောက်ဟာ ကျောင်းစာသင်ခန်းကို စိတ်ကုန်လာကြတယ်။ နေ့စဉ်တွေ့မြင် သင်ကြားပေးနေတဲ့ ဆရာ/ ဆရာမ အပိုင်းကလည်း အပြင်ဘော်ဒါမှာ စာသင်ပြီး ငွေရှာရတာကို ခံတွင်းတွေ့လာတော့ ကလေးတွေ မျက်စိထဲမှာ အရိုအသေ တန်လာတယ်။ “ဒီ ဆရာ/ ဆရာမ က ပိုက်ဆံရမှာ ကောင်းကောင်းသင်တာပါကွာ”၊ “ငါတို့ ဘော်ဒါက ဆရာ/ ဆရာမပဲ သိပ်ဂရုစိုက်စရာ မလိုဘူး” လို့ ပဲ လူငယ်ပေါက်စ သဘာဝ တွေးလာတယ်။ ဒီအတွေးမျိုးတွေဟာ တကူးတက ကျင့်ကြံရလာတာမျိုး မဟုတ်ဘူး။ ပတ်ဝန်းကျင်နဲ့ ကလေးတွေရဲ့ စိတ်အခံဓာတ်တွေ့ပြီး ပုံမှန်စိတ်သဘောထားပုံစံမျိုး ဖြစ်လာတာ။ ဒီတော့ စိတ်လွတ်လပ်တယ် ထင်တဲ့ နေရာမှာပဲ ကြီးပြင်းချင်လာတဲ့ သဘော။ မိသားစု အသိုင်းအဝိုင်းနဲ့ ကျောင်းစာသင်ခန်း အသိုင်းအဝိုင်းကြားမှာ ရှိတဲ့ ထိန်းမတ် ကြောင်းလမ်း ပေးတာမျိုးကို တင်းကျပ်တယ်၊ မနေချင်ဘူး ဖြစ်လာတာ။ ဒီအခါမှာ အဲဒီကလေး တစ်ယောက်ကို ထိန်းဖို့ သိမ်းဖို့ သိပ်ခက်လာတော့တယ်။ ကျွန်တော် ဆိုလိုတာက ကလေးတစ်ယောက်ကို ရှေ့က လူကြီးတွေဖြစ်စေချင်သလိုမျိုး အံဝင်ခွင်ကျ ထိန်းသိမ်းရအောင်လို့ လို့ မဆိုလိုပါ။
နောက်တစ်လလောက် အကြာမှာ အဲဒီမိတ်ဆွေရဲ့ သားလေးဟာ အပြင်ဆယ်တန်းဘော်ဒါကနေ ခိုးထွက်/ ထွက်ပြေး လာပြီး ငါးဒိုင်တစ်ခုမှာ ငါးအကြေးခွံချွတ်တဲ့ အလုပ်ကို လခနည်းနည်းနဲ့ မတန်ရေ၊ တန်ရေ လုပ်နေတာ တွေ့တယ်။ ကျွန်တော်နဲ့ တွေ့တော့ ဦးလေး ကျွန်တော် အလုပ် လုပ်နေပြီ ဆိုပြီး ဂုဏ်ယူသလို ပြောတယ်.။ ကျောင်းစာသင်ခန်းအပြင်မှာ ကိုယ်တိုင် အလုပ် လုပ်ရတာ လွတ်လပ်သတဲ့။ ချုပ်ချယ်တာ ဘာညာ မရှိဘူး ဆိုပြီး ပြောပါလေရော. ။ သူ့ကို ကြည့်ရတာ တနေကုန် ရေထဲမှာ ငါးတွေ ကိုင်ပြီး နံစော်နေအောင် လုပ်ရတာကိုတောင် ပျော်နေတဲ့ ပုံမျိုးနဲ့ ။ ကျွန်တော်က အိမ်ပြန်ပို့မယ် လုပ်တော့ မပြန်ဘူးပဲ ပြောတယ်။ အိမ်မှာ မိသားစု အရိပ်အကဲကြည့်နေရတာကို မကျေနပ်ဘူးတဲ့။ တကယ်က ကျွန်တော့်အနေနဲ့ ဒီကလေးရဲ့ မိသားစု အတွင်းကိစ္စတွေကို သိတော့ သူ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့တော့ ရတယ်။ ကျွန်တော့်ကိုလည်း တကယ့် ဦးလေးအရင်းလို ကောင်းကောင်း ဆက်ဆံတတ်တယ်။ ခက်တာက ကျွန်တော် သူ့ကို ဘယ်လောက် နားဝင်အောင်၊ အချိုသပ်ပြီး ပြောပြော ဟုတ်ကဲ့ လို့ ခေါင်းညိတ်ပြီး နောက်ကွယ်မှာ လုပ်ချင်ရာ လုပ်တာပဲ။ နောက်တော့ မနိုင်တော့တဲ့ အဆုံး မိသားစုဝင်တွေဟာ ဒီကလေးကို ရဲစခန်းအချုပ်ထဲကို ပိုက်ဆံပေးပြီး ထည့်ထားလိုက်ကြတယ်။ ဒါဟာ ကလေးတစ်ယောက်ကို ထိန်းသိမ်းကြပ်မတ်ရာမှာ နည်းလမ်းမှန် မဟုတ်ဘူး ဆိုတာသိပေမယ့် ကြံမရတော့တဲ့ အဆုံး ဖြစ်ချင်ရာ ဖြစ် လုပ်ချလိုက်တဲ့ သာမန်မိသားစု တစ်ခုရဲ့ သဘောထားပဲ။
စောစောက ကလေး ပြောသလို ဆယ်တန်းအောင်လို့ ဘွဲ့ရလာလည်း ဘာလုပ်လို့ ရမှာ မှတ်လို့ လို့ ပြောတာမျိုးဟာ တော်တော်ကို ဆိုးရွားနေတဲ့ ပတ်ဝန်းကျင်မျိုး ဒီကလေးမှာ ရှိနေပြီ ဆိုတာ သိသာတယ်။ ကျွန်တော့် အမြင်အရ ကလေး/ လူငယ် တစ်ယောက်ကို ပညာတကယ်တတ်ချင်တဲ့၊ တကယ်သာတတ်ရင် လုပ်လို့ရတာတွေ ရှိပါတယ် လို့ ပြောမယ့် ၊ လုပ်နိုင်တယ်ဆိုတာကို ပြထားတဲ့ အခြေအနေ ရှိတဲ့ ပတ်ဝန်းကျင်မျိုး လိုတယ်။ ဒါပေမယ့် အရပ်ထဲမှာကိုယ်၌က “ဆယ်တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့ပဲ လိုတယ်” လို့ လွယ်လွယ်ကူကူ သုံးနှုန်း နေတတ်ကြတော့ ပြောင်းကြ ပြင်ကြတော့မယ် ဆိုရင်တောင် ဘဲဥအစရှာမရသလို ဘယ်က ဘယ်လို စပြောင်းကြမှာလဲ။
အရွယ်မရောက်တရောက်၊ ပြဿနာ တလုံးတထွေး ရှာတတ်တဲ့ လူငယ်မျိုးဟာ အများအားဖြင့် ကျောင်းနေအရွယ် ကိုးတန်း၊ ဆယ်တန်း အရွယ်ပဲ။ ဒီတော့ ဒီကလေးတွေကို ထိန်းသိမ်းဖို့ ဆိုတာ ပညာရေးရဲ့ လောက်လောက်လားလား ရှိမှု၊ အနာဂတ်ဆိုတာ ထင်းနေမှသာ ယုံကြည်ကြမှာပဲ။ ပျော်ချင်ပါးချင်၊ လွတ်လပ်နေချင်တဲ့ လူငယ်ကလေးတွေရဲ့ လက်တစ်ကမ်းမှာ အရက်၊ ဘီယာ၊ ဆေးလိပ် အလွယ်တကူ ရှိနေတယ်။ (တနေ့ကတော့ ဂျာနယ်ထဲမှာ ၁၈ နှစ်ပြည့်မှ မှတ်ပုံတင် ပါမှ ရောင်းရမယ် ဆိုလား၊ ကြေငြာတာတွေ့လိုက်တယ်။ စီးပွားရေးသမားဆိုတာ နဖူးမှာ စာပါတာမှ မဟုတ်တာ) စာသင်ကျောင်းတွေ အတွင်းမှာ ဆေးလိပ်မသောက်ရ နယ်မြေ၊ မူးယစ်ဆေးဝါး ကင်းစင် နယ်မြေ ဆိုပြီး ဆိုင်းဘုတ်ကလေး ထောင်ထားတာလောက်နဲ့တော့ အလုပ်မဖြစ်သေးဘူး ထင်တယ်။ စာသင်ကျောင်းတွေက အတန်းထဲမှာ ဖွဲ့စည်းပေးထားတဲ့ ဝါ၊ စိမ်း၊ နီ၊ ပြာ အသင်းတို့၊ ဘုရင့်နောင်၊ အနော်ရထာ အသင်းတို့ ဆိုတာ နာမည်သာ ရှိပြီး အသင်းလိုက် စုဖွဲ့ပါဝင်မှုမှာ အားနည်းနေဦးမှာပဲ။ ကျွန်တော်တို့ ကျောင်းသားအရွယ်တုန်းကတောင် အမြီးလောက်သာ မှီလိုက်တဲ့ နံရံကပ်စာစောင်တို့၊ ဘာတို့ ဆိုတာ ခုနေ ကြားတောင် မကြားရတော့ဘူး။ အဓိက က ဒီကလေးတွေရဲ့ အနီးကပ် ဦးဆောင်မှုပေးနေတဲ့ ဆရာ/ ဆရာမများရဲ့ အသိပညာ ရေချိန်နဲ့လည်း ဆိုင်လိမ့်မယ် ထင်တယ်။ တချို့အထက်တန်း ကျောင်းဆရာတွေ အနေနဲ့လည်း ပြောရဆိုရ လက်ပေါက်ကပ်တဲ့ဒီ အရွယ်မရောက် တရောက် ကလေးတွေကို ထိန်းသိမ်း ပြုပြင်ပေးရတာထက် ငါးနှစ် မပြည့်သေးတဲ့ ကလေးတွေကို ထိန်းရတာ သက်သာတယ်လို့ ယူဆကြလို့ ထင်ပါရဲ့ ။ မူကြိုကျောင်းဆိုပြီး ဖွင့်ကြတော့တာပဲ။ ချင်းတွင်းဆရာများတောင် ပါသေးတယ်။
ဒီအရွယ် ကလေးတွေ အတွက် စာအုပ်စာပေ ဆိုရင်လည်း ဖတ်ချင်စရာ၊ သင့်တော်စရာလေးများလည်း မတွေ့မိဘူး။ တလောက စိတ်ကူးချိုချို ဆယ့်တစ်နှစ်ပြည့် ထုတ်တဲ့ စာအုပ်အတွဲတွေကလည်း အောက်ကလိအာ နဲ့ အပေါ်မရောက် အောက်မရောက်လို့ မြင်မိပါတယ်။ ကလေးတွေ အတွက်လည်း ရလာတဲ့ မုန့်ဖိုးကို စာအုပ် ဝယ်ဖတ်ဖို့ထက် ဂျယ် (Gel) ကောင်းကောင်း၊ ခေတ်ပေါ်အဝတ်အစားကောင်းကောင်း ဝယ်ဝတ်ဖို့သာ အားသန်ကြတယ်။ ဒီတော့ ဒီလို လူငယ်လေးတွေအတွက် ကောင်းမွန်တဲ့၊ အမှန်တကယ် ပညာတတ်တဲ့ လူငယ်ကလေးတွေ ရဲ့ အနာဂတ်ဆိုတာကြီးရော၊ ဘယ်ချောင် သွားရှာရမှန်း မသိဘူး။ ဒီကနေ့ ဂျာနယ်တွေမှာ ပညာရှိမင်းများ ရေးနေကြတဲ့ လူငယ်နဲ့ ပညာရေး အစရှိသဖြင့် ဒီနေ့ခေတ် ကလေးတွေရဲ့ ပညာရေးကို ထောက်ပြ ပြောဆိုရေးသားနေကြပေမယ့် ရေးတဲ့ သူတွေ စာမူခ ကောင်းကောင်းရကြတာထက် မပိုဘူး ထင်တယ်။ ရေးလိုက်ကြရင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကလေးတွေရဲ့ လက်ရှိအနေအထားကိုကျော်ပြီး အမေရိကန် ပညာရေးစနစ်တို့၊ ဗြိတိန် ပညာရေး စနစ်တို့ ဆိုတာလိုမျိုး အနောက်က ဂျာနယ်၊ မဂ္ဂဇင်းတွေကအတိုင်း ပုံတူးကူးပြီး နင်းပြန် နေကြတာလောက်ပဲ ရှိတယ်။
အချုပ်ဆိုရရင် ကျွန်တော်တို့ ကလေးတွေအတွက် လိုအပ်မှုနဲ့ ဖြစ်နိုင်မှု အတိုင်းအတာကို ကျော်ပြီး ကြည့်လို့ မရနိုင်ဘူး ထင်တယ်။ သာမန်မိသားစုတိုင်း (လူ့အဖွဲ့အစည်းတိုင်း) ဟာ ကလေးတစ်ယောက်တိုင်း ရဲ့ ကြီးပြင်းရင့်ကျက်ဖွံ့ဖြိုးမှုမှာ အနီးစပ်ဆုံး လမ်းကြောင်းမှန်ကို ရွေးချယ်ပေးတတ်ဖို့ လိုမယ် ထင်တယ်။ ပြီးတော့ အဲဒီကလေးတစ်ယောက်ရဲ့ ယုံကြည်မှု (ပညာရေး ရည်မှန်းချက်၊ သင်ယူလိုစိတ်တို့၊ လူမှုဆက်ဆံရေး ကောင်းဖို့) ကိုလည်း ပိုပြီး နှစ်နှစ်ကာကာ သက်ဝင်လာဖို့ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းကောင်း လိုတယ်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကောင်း ဆိုတာကတော့ စောစောက မိသားစုလို နံရံမှာ အလှချိတ်ဖို့ ရထားတဲ့ ဘွဲ့ကလေးတွေလို၊ ကျောင်းဆရာ ဆိုတာ ဂုဏ်သိက္ခာလေး ရှိတယ်၊ ငြိမ်တယ်လို့ သမားရိုးကျ ယူဆထားတဲ့ စာသင်ခန်းက ဆရာ/ဆရာမတွေရဲ့ ဆရာဖြစ်သင်ကျောင်းက ဆင်းလာပြီး အကပ်ကလေး ရှိလို့ အထက်တန်းပြကလေး၊ ကျူတာ ပေါက်စကလေးများ ဖြစ်လာတဲ့ သူတွေ မဟုတ်ဖို့ လိုတယ်။ ဒီတော့ လောလောဆယ် ဒီလူတွေနဲ့ စခန်းသွားနေရသေးတဲ့ အရွယ်မရောက်တရောက်ကလေးတွေရဲ့ ပြဿနာဟာလည်း မျိုးဆက်လိုက်ချီပြီး ဖြေရှင်းလို့ ရနိုင်သေးမယ် လို့ မထင်ဘူး။
**တေဇာအောင်**
http://eastwindburma.net/bur/2010-12-26-16-19-23/2010-12-26-16-26-06/1257-2011-03-23-13-38-19

No comments:
Post a Comment