**ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး
သူယုတ်မာလည်း မလုပ်ခဲ့ဘူး..။
**ငါမပိုင်တဲ့ ငါ့ဘ၀ ငါပိုင်တဲ့ ငါ့ဘဝ
ဟတ်ဒစ်(စ်) တလုံးကို ပတ်တေးရှင်းခွဲသလို
ခွဲထုတ် လိုက်ရမှာလား ……။
**သေချာတယ် …. လရောင်မှာ ပျော်ပါးဘို့ 
တဘ၀စာလုံး နေရောင်မှာ ပျော်ဝင်ခဲ့ရမှုတွေ
ဘယ်သူသိ နိုင်မှာတဲ့လဲ ….။
**ညီမလေး …. နင်က ပွဲအစ အဆုံး
နှလုံးသားကို ပုံအော လောင်းကြေးထပ်ခဲ့ သူ
ငါ့ရဲ့  တောင်ကုန်းတွေ တလုံးပြီးတလုံး
ညီမလေးရဲ့  ခြေရင်းမှာ ကျရှုံးခဲ့ရတာပဲမဟုတ်လား ….။
**အမေ့ရင်ခွင်ခြေစုံမကန်ခင်နဲ့ ခြေစုံကန်ခဲ့ပီးနောက်
ဆယ်စုနှစ် လေးခုခွဲကျော်မှာ လူပီသခဲ့ ရဲ့ လား
သေသေချာချာ ပြောနိုင်တာတခုတော့ ရှိရဲ့ 
ဘ၀မှာ … သူတော်စင်လည်း မဖြစ်ခဲ့ဘူး
သူယုတ်မာလည်း မလုပ်ခဲ့ဘူး
ခံစားမှုကို အံထုတ် ကဗျာရေးတဲ့အလုပ်ကလွဲလို့ …..
ဘယ်သူတွေကို စိတ်ချမ်းသာစေပြီး
ဘယ်သူတွေကို စိတ်ဆင်းရဲစေခဲ့သလဲ
မုန်တိုင်းထန်တဲ့ ရက်တွေများများကြားမှာ
တိတိကျကျ ပြောဘို့ ကလဲ အခက်သား
(အမေကတော့ ချစ်ခြင်းများစွာနဲ့ ခွင့်လွှတ်ပီးသားပါ ငါ့သားတဲ့)
**ညီမလေး…..
ငါ့ရဲ့  မတ် ၂၃ မှာ
မင်း စိတ်ကောက်မနေစေချင်
ဝေးကွာမှုအတွင်းထဲမှာ
ဗွီဇက်အို ထဲကပဲဖြစ်ဖြစ် စကိုက်ပ် ထဲကပဲဖြစ်ဖြစ်
ငါ့မျက်ဝန်းတွေကို သေသေချာချာ စိုက်ကြည့် ပြီးတော့
ခလေးတွေ ကျောင်းကပြန်မရောက်ခင် အချိန်လေးအတွင်း
ညီမလေးကို ချစ်လားလို့  မေးပါဦး …. ငါ့ကို ချစ်တယ်လို့ ပြောပါဦး …
**အမရပူရ ရဲ့ နံနက်ခင်း တောင်တမန်အင်းရဲ့  လေပြေလေညှင်း
မယ်ဇယ်ပင်တန်းရဲ့ ခြေရင်း နုပျိုတဲ့ ချစ်ချင်းရဲ့  နှင်းဆီတခင်း
မင်းမျက်နှာပေါ်ဖြတ်ပြေးခြင်းကအစ အဲဒီဘ၀တွေ အမှတ်တရ
အော် …လေးဆယ့်ခြောက်နှစ်သာရှိလာတယ် ရင်ခုန်သံက နုပျိုနေဆဲ
နှလုံးသားက ဦးနှောက်ထက် ကြီးနေဆဲ … ။
**အမေကတော့ ပြုံးပီး ကြည့်နေတုန်း
ကျနော့်ကို ခလေးလို့  ထင်နေ … မြင်နေတုန်း …..။
(၂၃ မတ် မှာကျရောက်တဲ့ မွေးနေ့ ခံစားမှု)
**ရဲရင့်သက်ဇွဲ**
၂၀၀၃၂၀၁၁

No comments:
Post a Comment