ဲ်ကြက်ဥအနှစ်မှ ထုတ်ယူသော မြွေဆိပ်ဖြေဆေးကို ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) မှ အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကြက်ဥအနှစ်မှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုသုတေသနကို ၂ဝဝ၂ ခုနှစ်မှ စတင်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စံညွှန်းနှင့်အညီ အဆင့်ဆင့် စမ်းသပ်လုပ်ဆောင်ခဲ့ ရာ ၂ဝဝ၇ ခုနှစ်တွင် ဓာတ်ခွဲခန်းစမ်း သပ်မှုများ အောင်မြင်ခဲ့ကြောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင်မြွေပွေးကိုက် လူနာများအပေါ် စမ်းသပ်ကုသခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း ညွှန်ကြားရေးမှူး (သုတေသန-ငြိမ်း) မြွေကိုက် သုတေသန ပညာရှင် ဒေါက်တာဦးထွန်းဖေက ပြော သည်။
လူနာများ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ၂ဝဝ၉ ခုနှစ်အတွင်း တိုက်ကြီးမြို့နယ်၊ တောင်တွင်းကြီး မြို့နယ်ဆေးရုံနှင့် သာယာဝတီခရိုင် ဆေးရုံကြီးတို့၌ သုတေသီဆရာဝန်များက မြွေဆိပ်ဖြေဆေးထိုးနှံကုသ စမ်းသပ်ခဲ့ရာ ဘေးထွက်ဆိုးကျိုး မတွေ့ရဘဲ လူနာ ၈၂ ရာခိုင်နှုန်းကို အောင်မြင်စွာ ကုသပေး နိုင်ခဲ့သည်ဟု သိရသည်။
သုတေသနကျင့်ဝတ်အတိုင်း လူနာများအပေါ် မစမ်းသပ်မီ မြွေဆိပ်ဖြေဆေး၏ အရည်အသွေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လမ်းညွှန်ချက်များ အတိုင်း အဆင့်ဆင့် စစ် ဆေးခဲ့ကြောင်း သိရသည်။
မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန်အတွက် ဥစားကြက်မများကို တိရစ္ဆာန်ဆေးကုဆရာဝန်၏ ကြီးကြပ်မှုဖြင့် စနစ်တကျ ကာကွယ်ဆေးထိုးနှံပြီး အ ကောင်ရေ ဆယ်ဂဏန်းမျှမွေးမြူကြောင်း၊ ကြက်ငှက်များတွင် ဖြစ်တတ်သည့် ရောဂါများ ကင်းရှင်းမှုရှိစေရန် လိုအပ်သည့် အချိန်တိုင်းတွင် စစ်ဆေး ရကြောင်း၊ ဥစားကြက်မများကို မြွေဆိပ်ပမာဏ အနည်းငယ်သာထိုးပေးပြီး ရရှိလာသော ကြက်ဥများကို စုဆောင်းကာ မြွေဆိပ်ဖြေဆေးအဖြစ် ဓာတ်ခွဲခန်းတွင် အဆင့်ဆင့်သန့်စင် ထုတ်လုပ်ရကြောင်း၊ ထိုသို့ ထုတ်လုပ်ရာမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများ (ဥပမာ-ကြက်ဥခွံ၊ ကြက်ဥ အကာ)နှင့် အသုံးပြုပြီး၍ မလိုအပ် တော့သော ဆေးထိုးထားသည့် ကြက်မတို့ကို အန္တရာယ်ကင်းရှင်း စေရေးအဓိကပြု၍ စနစ်တကျစွန့် ပစ်ရကြောင်း ၄င်းက ထပ်လောင်း ပြောသည်။
၎င်းမြွေဆိပ်ဖြေဆေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်နေ တောင်သူများဖြစ်ပြီး ၄င်းတို့၏ အဓိကလုပ်ငန်းခွင်အန္တရာယ်မှာ မြွေဆိုးကိုက်ခံရခြင်း ဖြစ်သည်။ ဆေးရုံ၊ ဆေးခန်းများသို့ ရောက်ရှိ လာသော စာရင်းများအရ တစ်နှစ်လျှင် မြွေဆိုးကိုက်ခံရသူ တစ်သောင်းကျော်ရှိသည်ဟု သိရသည်။
**အောင်ခွန်းဆက်**
Posted by Popular News

No comments:
Post a Comment