** ကုသိုလ်ဖြစ်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အဲရစ်ကလက်ပတန်၏ ဂစ်တာများ လေလံတင် **
(နယူးယောက်၊ မတ်လ ၁၀ ရက်)
ကမ္ဘာကျော် ဂန္တ၀င်ရော့ခ်ဂီတသမား အဲရစ်ကလက်ပတန်သည် ကုသိုလ်ဖြစ်လုပ်ငန်းများ လုပ်ဆောင်ရန်ရည်ရွယ်၍ ၄င်းပိုင် ဂစ်တာအလက် ၇၀ ကို မတ်လ ၉ ရက်နေ့က လေလံတင်ရောင်းချခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အဲရစ်ကလက်ပတန်၏ ဂစ်တာများ လေလံတင်ရောင်းချပွဲသို့ ရာပေါင်းများစွာသော ပရိသတ်များနှင့် ဂစ်တာဝါသနာအိုးများ လာရောက်ခဲ့ကြပြီး အရောင်းစံချိန်လည်း ကျိုးခဲ့ကြောင်း သိရသည်။ ကလက်ပတန်၏ ၁၉၄၈ ခုနှစ်ထုတ် ဂစ်ဘ်ဆင်ဟော်လိုဂစ်တာတစ်လက်ကို အမေရိကန်ဒေါ်လာ ၈၃၀၀၀ ဖြင့် ရောင်းချနိုင်ခဲ့ရာ လေလံပွဲ၏ ဈေးအကြီးဆုံး ဂစ်တာဖြစ်ခဲ့ရသည်။ ယင်းဂစ်တာအမျိုးအစား၏ လက်ရှိတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ဖြစ်သည်။ (အင်တာနက်)
** သူကြွယ်ကြီးများဦးရေစာရင်း၌ ဥရောပကိုကျော်၍ အာရှက ဒုတိယနေရာတွင် ရပ်တည် **
(နယူးယောက်၊ မတ်လ ၁၀ ရက်)
ဖိုးဘီးစ်မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်သော ကမ္ဘာ့သူကြွယ်ကြီးများ စာရင်းအရ စီးပွားရေးအခွင့်အလမ်းသစ်များနှင့်အတူ ပေါ်ထွန်းလာသော အာရှသူကြွယ်ဦးရေသည် ဥရောပတိုက်ကို ပထမဆုံးအကြိမ်အဖြစ် ကျော်ဖြတ်ကာ အမေရိကန်ပြည်ထောင်စုနောက် ဒုတိယနေရာတွင် ရပ်တည်နေကြောင်း မတ်လ ၁၀ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အေအက်ဖ်ပီ)
** တရုတ်အနောက်တောင်ပိုင်း ငလျင်ကြောင့် ၂၂ ဦးသေဆုံး **
(ပေကျင်း၊ မတ်လ ၁၀ ရက်)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်လျက်ရှိသောဒေသ၌ ကြာသတေးနေ့က အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ အဆောက်အအုံများ ပြိုကျပျက်စီး၍ အနည်းဆုံး လူ ၂၂ ဦးသေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment