ကမ္ဘာ့နိုင်ငံရေးသမိုင်း၌ အမျိုးမျိုးအထွေထွေသော ဒီမိုကရေစီ ပုံစံများရှိ နေကြ သော်လည်း တကယ့် အနှစ်သာရမှာ လစ်ဘရယ်ဒီမိုကရေစီပုံစံ ဖြစ်သည်ကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပကတိ အရှိတရားအဖြစ် လက်ခံထားကြသည်။
အစိုးရတစ်ရပ်သည် နိုင်ငံသားအားလုံးအတွက် တန်းတူညီမျှသော လွတ်လပ်မှု (Equal Liberty) ကိုဖော်ဆောင်၍ ကာကွယ် စောင့်ရှောက် ပေးရမည် ဟူသည်မှာ လစ်ဘရယ်ဝါဒ၏ အနှစ်သာရ ဖြစ်ကြောင်း သဘောတူကြ သော်လည်း ယင်းအနှစ်သာရ ပန်းတိုင်သို့ သွားရာလမ်း ကြောင်းနှင့် ပတ်သက်၍မူ အယူအဆ အမျိုးမျိုး ရှိကြပေသည်။
လစ်ဘရယ်ဝါဒကို စာအုပ်ထဲရှိ သဘောတရား အဖြစ်အနေမှ တကယ့်နိုင်ငံရေး လက်တွေ့ဘ၀ တွင်းသို့ သက်ဝင် ရှင်သန်စေသူ တစ်ဦးမှာ အမေရိကန်နိုင်ငံရေး သုခမိန်(stateman) သောမတ်ဂျက်ဖာဆင်(Thomas Jefferson/ 1743-1826) ဖြစ်သည်။
သူသည်အင်္ဂလိပ် နိုင်ငံရေးတွေးခေါ်ရှင် ဂျွန်လော့ခ် (John Locke/ 1632-1704) ၏လစ်ဘရယ်ဝါဒကို အခြေခံ၍ အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းကို ဦးဆောင်ရေးဆွဲခဲ့ပြီး အမေရိကန်နိုင်ငံ၏ တတိယမြောက်သမ္မတ(1801-1809) ဖြစ်လာသည်။
ဂျက်ဖာဆင်က “ယခင်လူ့အဖွဲ့အစည်း များ၏ အစိုးရများသည် မွေးရာပါ ဇာတိမျိုးနွယ် အဆင့်အတန်းနှင့် ဥစ္စာဓနကြွယ်ဝမှု (Birth and wealth) တို့အပေါ် အခြေခံသည့် သဘာဝ မကျသော အုပ်ချုပ်ရေးဖြစ်ခဲ့၏။
ယခုအမေရိကန် ဒီမိုကရက်တစ် အစိုးရကမူ လူသားတို့၏ ကျင့်ဝတ်သီလတရားနှင့် လုပ်ရည်ကိုင်ရည် အစွမ်းအစ (Virtue and Talents) တို့အပေါ် အခြေတည်သည့် သဘာဝကျသော အုပ်ချုပ်ရေး ဖြစ်ပေလိမ့်မည်”ဟု ကြောကြားခဲ့သည်။
ဤသဘောမှာ နိုင်ငံသားများသည် မွေးရာပါ လူ့အဆင့်အတန်း (၀ါ) လူတန်းစားအလွှာအရသော် လည်းကောင်း၊ မွေးရာပါအမွေပစ္စည်း ဥစ္စာဓန ပိုင်ဆိုင်မှုအရသော်လည်းကောင်း၊ ခြားနားမှု မဖြစ်စေရ။ ခွဲခြား မဆက်ဆံရ။
နိုင်ငံသားအားလုံးသည် မိမိတို့၏လုပ်ရည်ကိုင်ရည် အစွမ်းအစနှင့် ကိုယ်ကျင့်သီလ အရ အကျိုးရလဒ် ခံစားခွင့် ရှိစေရမည်။
၎င်းတို့အားတန်းတူညီမျှသော အခွင့်အလမ်းနှင့် အခွင့်အရေး ရရှိစေရမည်။
အကောင်းဆုံး အတော်ဆုံးသူ ထိပ်ဆုံးသို့ ရောက်ရှိစေရမည်ဖြစ်သည်။ ဤသည်မှာ လစ်ဘရယ်ဒီမိုကရေစီနည်း ကျ တရားမျှတမှုဖြစ်သည်။
ဂျက်ဖာဆင်၏ ကျင့်ဝတ်သီလနှင့် လုပ်ရည်ကိုင်ရည် စံနှုန်းသည် ၁၆ ဆက်မြောက် အမေရိကန်သမ္မတ ဖြစ်လာသူ လင်ကွန်း(Lincoln/ 1809-1865) ၏ဘ၀ဖြတ်သန်းမှုက သက်သေအဖြစ် ထင်ရှားပေသည်။
လင်ကွန်းသည် သာမန်ဆင်းရဲသား တောသားလေးအဖြစ် မွေးဖွား လာခဲ့သူဖြစ်ပြီး သူ၏ရိုးသား ကြိုးစားမှု အကျင့်သီလနှင့် သူ၏လုပ်ရည် ကိုင်ရည် အစွမ်းအစဖြင့် နိုင်ငံ၏ ထိပ်ဆုံးသို့ လှမ်းတက်လာခဲ့သူ ဖြစ်သည်။
သူက“အစိုးရ၏မူရင်း အခြေခံရည်ရွယ်ချက်မှာ နိုင်ငံသားများ၏ အခြေအနေကို မြှင့်တင် ပေးရန်ဖြစ်သည်။
နိုင်ငံသား လူအများ၏ ပခုံးပေါ်တွင် ပိနေသောဝန်ထုပ်ဝန်ပိုးများကို ဖယ်ရှားပေးရန်ဖြစ်သည်။
နိုင်ငံသားအားလုံး အတွက် ကောင်းမွန်သောအလုပ်အကိုင်များ ဖော်ဆောင်ပေးရန် ဖြစ်သည်။
သူတို့၏ဘ၀ပြိုင်ဆိုင်မှုလမ်းတွင် တရားမျှတသော အခွင့်အရေးများကို ရရှိစေရန်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။
လူ့ဘ၀ အပြေးပြိုင်ပွဲ (Race of Life) တရားမျှတသော အခွင့်အလမ်း ရှိစေရေးသည် လူသား တိုင်း၏ မျှော်မှန်းချက် အိပ်မက် ဖြစ်ပေ သည်။
လူ့ဘ၀အပြေးပြိုင်ပွဲတွင် တရားမျှတမှုရှိဖို့ ဆိုလျင် ပြေးပွဲအစ တာလွှတ်စဉ်တွင် အားလုံး လုံးဝ ညီတူညီမျှ ရှိနေရပေမည်။
ပြေးလမ်းကြောင်းတစ်လျှောက် ပြေးနေစဉ်တွင် အပြည့်အ၀ လွတ်လွတ်လပ်လပ် ပြေးပိုင်ခွင့် ရှိရပေမည်။
သို့ရာတွင် ဤလောက၌ အကြွင်းမဲ့ ညီမျှမှု (Absolute/ equality) နှင့် အကြွင်းမဲ့ လွတ်လပ်မှု (Absolute Liberty) တို့သည် တကယ့်လက်တွေ့ ဘ၀တွင် ရှိနိုင်ပါမည်လော။
လွပ်လပ်သော ပြိုင် ဆိုင်မှုကို ခွင့်ပြုထားသည့်လူ့အဖွဲ့အစည်းအတွင်း အကြွင်းမဲ့ညီမျှမှု ရှိနိုင်ရေးကိစ္စသည် မဖြစ်နိုင်ချေ။
သို့ဆိုလျှင် တရားမှု (Justice) ဟူသည် လောက၌ မရှိတော့မည်လော။
ရှိသည်ဟု ဆိုလျှင်လည်း မည့်သည့်အတိုင်းအတာ အထိ ရှိနေသနည်း။
လွတ်လပ်သောလူ့အဖွဲ့အစည်းအတွင်း လူမှုအဖွဲ့အစည်းအတွင်း တရားမျှတမှုကို မည်သို့ သဘောထား၍ မည်သို့ဖော်ဆောင်ကြမည်နည်း။
ဤသည်တို့မှာ ယနေ့မျက်မှောက်ခေတ် နိုင်ငံရေး ဒဿနတွင် ဗဟိုပြု ဆွေးနွေးကြသော မေးခွန်းများ ဖြစ်ပေသည်။
ယင်းတို့ကို ဖြေကြားရှင်းလင်းရန် ကြိုးပမ်းခဲ့ကြသူများတွင် အမေရိကန်နိုင်ငံရေး တွေးခေါ်ရှင် ဂျွန်ရော့စ် (John Raws/ 1921-2002) သည် ထင်ရှားပေသည်။
၁၉၇၁ ခုနှစ် တွင် သူရေးသား ထုတ်ဝေခဲ့သော “တရားမျှတမှုသီအိုရီ” (A theory of Justice) သည် မျက်မှောက်ခေတ် နိုင်ငံရေး အတွေး အခေါ်များကို သြဇာပြု လွှမ်းမိုး နိုင်ဆုံး စာအုပ်ဖြစ် ပေသည်။
တက္ကသိုလ် ပရ၀ုဏ်ကို ကျော်လွန် ၍ ပြင်ပလက်တွေ့နိုင်ငံရေး နယ်ပယ်တွင် အငြင်းပွားဆွေးနွေးကြသော စာအုပ်လည်းဖြစ်ပေသည်။
နိုင်ငံရေးဝေဖန် ဆန်းစစ်သူအချို့က ရော့စ်၏ စာအုပ်သည် ညီမျှမှုနှင့် လွတ်လပ်မှုတရားနှစ်ပါးစလုံးကို ထက်ထက်မြက်မြက် လွှမ်းခြုံတင်ပြနိုင်သည့် ဆန်းသစ်၍လက်တွေ့ကျသော လစ်ဘရယ်ဒီမိုကရေစီ အဖွင့်ကျမ်းဖြစ်သည်ဟု ချီးမွမ်းကြသည်။
သို့သော် လက်ျာ ဝေဖန်ရေးသမားများကမူ ရော့စ်သည် လူသားတို့၏ ပုဂ္ဂလ လွတ်လပ်မှုကို ဖိနှိပ် ချိုးနှိမ်ထားပြီး ညီမျှမှုသဘောကိုအကဲပိုထားသည်ဟု အပြစ်တင်ကြသည်။
ထိုနည်း တူလက်ဝဲ ဝေဖန်ရေးသမားများကလည်း ရော့စ်၏ အယူအဆသည် လူသားတို့၏ စစ်မှန်သော တန်းတူညီမျှမှု အခြေခံတရားကို ဆန့်ကျင်ပြီး အရင်းရှင်ဘူဇာတို့၏ အစွန်းရောက် ပုဂ္ဂလ လွတ်လပ်မှု ဟစ်ကြွေးသံသာ ဖြစ်သည်ဟု ရှုတ်ချကြပေသည်။
ရော့စ်ကမူ “တရားမှု သီအိုရီ” ကိုရေးရခြင်း၏ ရည်ရွယ်ချက်မှာ အစဉ်အလာလူမှုပဋိညာဉ် အယူဝါဒကို အခြေခံပြီး လူ့လောက၏ တရားမျှတမှု အခြေခံတရားများကို လေ့လာဆန်းစစ် အနက် ကောက်ကာ ပစ္စက္ခ လက်တွေ့ဘ၀တွင်း အသုံးချနိုင်သော သီအိုရီ အယူအဆတစ်ရပ်ကို ဖော်ဆောင်ရန် ဖြစ်သည်ဟု ဆိုပေသည်။
ရော့စ်အလိုအရ လူ့အဖွဲ့အစည်းတစ်ရပ်တွင် အရေးကြီးဆုံးဝေါဟာရသည် “တရားမှု” ဖြစ်သည်။ တရားမျှတမှုမရှိလျှင် မည်သည့်ကိစ္စမျှ ချောချောမွေ့မွေ့ လည်ပတ်နိုင်မည်မဟုတ်။
မည်သည့်အရာမျှ အောင် မြင်ပေါက်မြောက်နိုင်မည် မဟုတ်ချေ။ မတရားသော ကိစ္စ (Unjust affairs) မှန်သမျှသည် ဘာမှမတည်မြဲနိုင်၊ မအောင်မြင်နိုင်၊ တစ်နေ့တွင် ချွတ်ခြုံကျ ဗုန်းဗုန်းလဲသွားမည်သာ ဖြစ်သည်။
ထို့ကြောင့် လူသားတို့အနေဖြင့် တရားသော လူ့အဖွဲ့အစည်း (Just society) ကို တည်ဆောက်ရန် မိမိတို့ အသက်တမျှ အရေးပါလှ၏။
သို့ဆို လျှင် ဤတရားသော လူ့အဖွဲ့အစည်းကို မည်သူတို့က တည်းဆောက်ကြမည်နည်း။
မင်းဧကရာဇ်များ၊ အုပ်ချုပ်သူများက တည်ဆောက် ပေးမည်မဟုတ်။
သူတို့အနေဖြင့် တည်ဆောက်ပေးနိုင်မည်လည်း မဟုတ်ချေ။
နိုင်ငံသူနိုင်ငံ သားများကသာ တည်ဆောက်ယူရမည်ဖြစ်သည်။
ထို့ကြောင့်လည်း ဂျွန်ရော့စ်က “လူ့အဖွဲ့အစည်း တစ်ရပ် ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်ဖို့ ဆိုလျှင် ယင်းလူ့အဖွဲ့အစည်းဝင် နိုင်ငံသားများသည် တရားမှုသဘောကို မိမိတို့၏ ဆင်ခြင်သုံးသပ်ဥာဏ်ဖြင့် သိရှိ နားလည်ပြီး ဆုံးဖြတ်ခံယူနိုင်စွမ်း ရှိရပေမည်” ဟု ပြောကြားပေသည်။
**မောင်ကြည်သစ်**
24,3, 2011။-

No comments:
Post a Comment