**Public Health**
လူ၏ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များသည် ပွားနှုန်း ပုံမှန်ထက် ပိုလွန်မြင့်တက်ပြီး အကျိတ်၊ အဖု ဖြစ်လာတတ်သည်။ တချို့ အကျိတ် အဖုများသည် လူကို အန္တရာယ် မပေးနိုင်သော်လည်း တချို့မှာ အသက်အန္တရာယ် ပေးနိုင်သော ကင်ဆာကျိတ်များ ဖြစ်နိုင်သည်။ ကင်ဆာဆိုသည့် စကားလုံးသည် လက်တင် ဘာသာစကားမှ ဆင်းသက်လာပြီး Crab (ဂဏန်းကောင်)ဟု အဓိပ္ပါယ်ရသည်။ ၎င်း အကျိတ်များသည် ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းများကို ဂဏန်း လက်မကြီးများကဲ့သို့ ထိုးဖောက် ဖျက်ဆီးတတ်သည်။ ဒါအပြင် ယင်းအကျိတ်များသည် Cytokine ဟု ခေါ်သည့် ဓာတ်များထွက်ပြီး လူကို အစားအသောက် မစားချင်အောင် ဖြစ်စေတတ်သည်။ ကိုယ်ခံအားကို ကျစေသည်။ စောစောစီးစီး မသိရှိ၊ မကုသလျှင် အသက် ဆုံးရှုံးနိုင်သည်။
ကင်ဆာသည် ခန္ဓာကိုယ်အနှံ့တွင် ဖြစ်ပေါ်နိုင်သည်။ အရေပြားတွင် ကင်ဆာဖြစ်စေနိုင်သလို အဆုတ်၊ အရိုး၊ ဦးနှောက်တို့တွင်လည်း ကင်ဆာ ဖြစ်နိုင်သည်။ မြန်မာက ကင်ဆာရောဂါကို မြစ်ပွားနာဟု ခေါ်ကြသည်။
ကင်ဆာ အကျိတ်များသည် မျက်စိဖြင့် မမြင်နိုင်၊ လက်ဖြင့် မစမ်းသပ်နိုင်သော အရွယ်အစားလေးမှ စမ်းသပ်နိုင်သည့် အရွယ်အထိ ရသည်။ ကြီးထွားနှုန်း အနှေးအမြန်သည် ကင်ဆာအမျိုးအစား တစ်ခုနှင့် တစ်ခု မတူပေ။ လက်ဖြင့် ကိုင်တွယ် စမ်းသပ်နိုင်သော အဖုအကျိတ် အရွယ်ထိ ကြီးထွားလာပြီဆိုလျှင် အတော့်ကို အန္တရာယ် ရှိနေပေပြီ။ တဖန် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများကိုပါ ပြန့်ပွားနေပြီဆိုလျှင် အဆိုးဆုံး အခြေအနေကို ရောက်နေပြီဟု ပြောလို့ရနိုင်သည်။
ဖြစ်ပွားသည့် အင်္ဂါအစိတ်အပိုင်းပေါ် မူတည်ပြီး အရေပြားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ စသဖြင့် ခေါ်ကြသည်။ ၎င်းတို့အနက် ရင်သားကင်ဆာက အမျိုးသမီးတိုင်း သတိပြုသင့်သည်။ သားအိမ်ခေါင်း ကင်ဆာ ပြီးလျှင် ဒုတိယ အဖြစ်အများဆုံး ကင်ဆာတစ်မျိုး ဖြစ်သည်။ ယခုနောက်ပိုင်းတွင် သားအိမ်ခေါင်း ကင်ဆာကို ကာကွယ်ဆေး ထိုးနှံ ကာကွယ်နိုင်သော်လည်း ရင်သားကင်ဆာမှာ စောစော သိရမှသာ ကုသနိုင်သည့်အတွက် အမျိုးသမီးတိုင်းလိုလို ဂရုပြုသင့်သည့် ရောဂါဆိုလျှင် မမှားချေ။ ရင်သားကင်ဆာ ရောဂါ ဖြစ်ရခြင်း ရင်သားကင်ဆာသည် ရင်သား၏ ကလာပ်စည်းမှ စတင်ဖြစ်ပေါ်လာသည့် အန္တရာယ်ပေးနိုင်သော အကျိတ် ဖြစ်သည်။
အမျိုးသမီးများတွင် အဖြစ်များသော်လည်း အမျိုးသားများလည်း ဖြစ်နိုင်ချေ ရှိသည်။ နှစ်စဉ် ကမ္ဘာတွင် အမျိုးသမီး တစ်သန်းခန့် ရင်သားကင်ဆာ ရောဂါကို ခံစားရသည်။ ချမ်းသာသော နိုင်ငံများ တွင်လည်း အဖြစ်များသည့် ရောဂါ ဖြစ်သည်။ ရင်သားကင်ဆာ ရောဂါသည် မျိုးပွားမှု ဆိုင်ရာအကြောင်း တရားများကြောင့် အဓိက ဖြစ်သည်။ ဥပမာ .. အသက်ငယ်ငယ်တွင် ရာသီသွေး ပေါ်ခြင်း၊ နောက်ကျမှ သွေးဆုံးခြင်း၊ ကိုယ်ဝန် မဆောင်ခြင်းနှင့် ကယ်လိုရီများသော အစားအစာများ စားခြင်း၊ ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းတို့ ဖြစ်သည်။
ထို့ပြင် အိမ်ထောင် ရှိသော်လည်း သားသမီး မရသူများ၊ ကိုယ်ဝန်မဆောင်ဘူးသူ အပျိုကြီးများ၊ ကိုယ်ဝန် ဆောင်ချိန် နောက်ကျ၍ အသက် ၃ဝကျော်မှ ပထမအကြိမ် ကိုယ်ဝန်ဆောင်သူများ အပျိုဖော် စောစော ဝင်သူများ၊ မီးယပ်သွေးဆုံး နောက်ကျသူ အမျိုးသမီးများ၊ သွေးဆုံးပြီး ဟော်မုန်းကုထုံး ခံယူသူများ၊ အဝလွန် အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်ပြီး မိခင်နို့ မတိုက်ကျွေးသူများ၊ ဆွေမျိုးများ၌ ကင်ဆာ ရောဂါ ဖြစ်ဖူးသည့် ရာဇဝင်ရှိသူများ၊ ပဋိသန္ဓေ တားဆေး Pills: မှီဝဲသူများသည် ရင်သားကင်ဆာ ဖြစ်ရန် ရာခိုင်နှုန်း များသည်။
**ကြိုတင်ကာကွယ်ခြင်း**
ရင်သားကင်ဆာ ကာကွယ်ဆေး မရှိသည့်အတွက် လူနေမှုပုံစံကို စနစ်တကျ ပြုလုပ်ပြီး ကာကွယ်သင့်သည်။ ရင်သားကင်ဆာနှင့် ပတ်သက်လျှင် မြန်မာအမျိုးသမီး အများစုသည် အရှက်အကြောက် ကြီးမားသဖြင့် ရင်သားတွင် အလုံးအကျိတ် တွေ့လျှင် ဆရာဝန်ထံ သွားရောက် ပြသရမှာကို တွန့်ဆုတ်လေ့ ရှိကြသည်။
ရင်သားကင်ဆာ ဖြစ်ပြီဆိုလျှင် စောစီးစွာ သိရှိပါက ကုသနိုင်သည်။ အချိန် နောက်ကျလျှင် အသက် အန္တရာယ်ကို ထိခိုက်နိုင်သည်။ ထို့ကြောင့် မိမိရင်သားတွင် အကျိတ်အဖု ရှိမရှိကို မိမိကိုယ်တိုင် အစဉ် စမ်းသပ် ဂရုစိုက်သင့်သည်။
စမ်းသပ်ခြင်းကို ရာသီသွေး ပေါ်ပြီးချိန်တွင် ပြုလုပ်သင့်သည်။ အိပ်ရင်းဖြစ်စေ၊ မတ်တပ်ရပ်ရင်း ဖြစ်စေ စမ်းသပ်နိုင်သည်။ ရင်သား နှစ်ဘက် အနိမ့်အမြင့်၊ အရွယ်မတူခြင်း၊ ရင်သားပေါ်ရှိ အရေပြား ချိုင့်ဝင်ခြင်း၊ ရင်သားတွင် မြင်သာသော အကျိတ်ရှိမရှိ၊ နို့သီးခေါင်း ချိုင့်ဝင်ခြင်း၊ အရောင် ပြောင်းခြင်း၊ နို့သီးခေါင်းမှ အရည်သို့ သွေးထွက်ခြင်း၊ လက်မောင်းယောင်ခြင်း၊ လည်ပင်းနှင့် ချိုင်းတွင် အကျိတ်၊ အဖုရှိမရှိ စသည်တို့ကို အဓိက ထားကြည့်ရမည်။
*ရင်သားကင်ဆာဟု သံသယ ရှိပါက**
ရန်ကုန် ပြည့်သူဆေးရုံကြီး၊ ဓာတ်ရောင်ခြည် ဌာနတွင် မမ်မိုဂရမ် (Mammogram)နှင့် ရင်သားကင်ဆာ ရှိမရှိကို စမ်းသပ် နိုင်သည်။ ရင်သား ဓာတ်မှန်ရိုက်ပြီး ကင်ဆာသဏ္ဍာန် တွေ့လျှင် ယင်းကင်ဆာဟု သံသယရှိသော နေရာမှ အသား စနမူနာယူပြီး ဓာတ်ခွဲ စစ်ဆေးရမည်။ သို့မှသာ ရင်သားကင်ဆာ ဟုတ်မဟုတ် အတိအကျ သိရှိကုသနိုင်မည်။ ရင်သားကို ဓာတ်မှန်ရိုက်ပြီး ကင်ဆာ သဏ္ဍာန် မတွေ့သော်လည်း နောက် ၂နှစ်လျှင် တစ်ကြိမ် ပြန်ရိုက် ကြည့်သင့်သည်။ ယင်းမမ်မိုဂရမ်ဖြင့် ရင်သားကင်ဆာကို စောစောသိအောင် ရှာဖွေခြင်းကြောင့် အသက် ၅ဝမှ ၆၉ အထိ အမျိုးသမီးများတွင် ရင်သား ကင်ဆာကြောင့် သေဆုံးမှုကို ၂၅% လျှော့ချ ပေးနိုင်သည်ကို တွေ့ရသည်။
**ကုသနည်းများ**
ကင်ဆာရောဂါ ကုသမှုမှာ ကင်ဆာဆဲလ်များကို သုတ်သင် ဖယ်ရှားသော Definitive Treatment နှင့် လူနာရှင် ခံစားနေရသော ဝေဒနာကို သက်သာစေနိုင်သော Palliative Treatment တို့ ဖြစ်သည်။
ကင်ဆာ ဆဲလ်များကို သုတ်သင်ဖယ်ရှားသော နည်းမှာ ကုထုံးနှစ်မျိုး ရှိသည်။ ယင်းတို့မှာ ခွဲစိတ်ကုသခြင်း၊ ရောင်ခြည်ဖြင့် ကုသခြင်းတို့ ဖြစ်သည်။ တစ်ကိုယ်လုံးကို ပြန့်နှံ့နေသော ကင်ဆာကို ကုသနည်းမှာ ဆေးဝါးဖြင့် ကုသခြင်း၊ ဟော်မုန်းဓာတ်ဖြင့် ကုသခြင်း၊ ကိုယ်ခံအားကို မြှင့်တင်၍ ကုသခြင်း၊ ဗီဇကုထုံးတို့ ဖြစ်သည်။
ရင်သားကင်ဆာကို ခွဲစိတ်ကုသမည်ဆိုလျှင် ရင်သားအကျိတ်သို့ အကျိတ်ရှိသည့် ရင်သား တစ်ခုလုံးကို ခွဲစိတ်ရသည်။ ထို့နောက် ၎င်းအကျိတ် အနီးတဝိုက်ရှိ မမြင်ရသည့် ကင်ဆာဆဲလ်များ ကျန်ရစ်ပါက ဖယ်ရှားပစ်ရန် ယင်းနေရာကို ဓာတ်ရောင်ခြည်ဖြင့် ထပ်မံ ကုသရသည်။ အကယ်၍ ရင်သားကင်ဆာ ဆဲလ်များသည် တစ်ကိုယ်လုံးကို ပြန့်နှံ့နေပြီဆိုလျှင် ဆေးဝါး၊ ဟော်မုန်း ဆေးများဖြင့် ထပ်မံကုသရသည်။
၎င်းကုထုံးများသည် ပျောက်ကင်းနိုင်သည့် ကင်ဆာဆိုလျှင် ပျောက်ကင်းပြီး မပျောက်ကင်းခဲ့လျှင်လည်း သက်တမ်းရှည်ရှည် နေနိုင်အောင်နှင့် ခံစားနေရသော ရောဂါဝေဒနာများကို သက်သာအောင် ကုသပေးခြင်း ဖြစ်သည်။
**အမျိုးသမီးများရှင်-**
ရင်သားကင်ဆာ အန္တရာယ်ကို ကြိုတင်သိရှိနိုင်ဖို့ အတွက် မိမိကိုယ်တိုင် အိမ်တွင် ပုံမှန် စစ်ဆေးခြင်းကို ပြုလုပ်ပြီး ကင်ဆာဟု သံသယရှိပါက ရန်ကုန် ပြည့်သူ့ဆေးရုံကြီး၊ ဓာတ်ရောင်ခြည် ဌာနတွင် ခေတ်မီ နည်းပညာများဖြင့် ကျွမ်းကျင် ဆရာဝန်ကြီးများက ကုသပေးလျက် ရှိသည့်အတွက် စောစီးစွာ ကုသမှု ခံယူနိုင်ကြပါစေဟု...။
**ထိုက်ယဉ်အောင်၊ မေမွန်ကျော်**

No comments:
Post a Comment