ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 16, 2011

ဟိုနှစ် သင်္ကြန်.. ဒီနှစ် သင်္ကြန်

>

ကျမ ငယ်ငယ်တုန်းက သင်္ကြန်အကြိုနေ့ မနက် တိုင်း အတာအိုးနဲ့ နှစ်သစ်ကူးကို ကြိုလေ့ရှိ တဲ့ အဖွားရဲ့ အပြုအမူကို နားမလည်ဘူး။ ကျမတို့ မန္တလေးမှာ အရင်တုန်းက သင်္ကြန်အကြိုနေ့ ဆိုရင် စည်စည်ကားကားကြီး ရေပက်လေ့

မရှိသေးပါဘူး။ ကလေးတချို့နဲ့ သင်္ကြန်ပျော် လူငယ်တချို့လောက်ပဲ ဟေးလားဝါးလား အဖြစ်လောက် ရေကစားကြတာပဲရှိတယ်။

သင်္ကြန်အကြိုနေ့အထိ ဘုရားကြီးဈေး၊ ရဟိုင်းဈေးတွေ ဖွင့်သေးတယ်။ အခုတော့ သင်္ကြန် လေးရက်စလုံးသာမက သင်္ကြန်မတိုင်ခင်ကတည်းကပါ စည်းမဲ့ကမ်းမဲ့ ရေပက်တတ်တဲ့ အလေ့တွေ ဖြစ်ကုန်ကြပြီ။ အဲလို သင်္ကြန်အကြိုနေ့ဆိုရင် အဖွားက ဘုရားကြီးဈေးကို သွားပြီး သင်္ကြန်တွင်း ချက်ဖို့၊ ပြုတ်ဖို့ အခြောက်အခြမ်းလေးတွေ သွားဝယ်တယ်။ ဈေးကပြန်လာတိုင်း သူနဲ့အတူ မြေအိုးလေးတအိုးနဲ့ သင်္ကြန် ပန်းစည်းလေး တစည်း ပါလာ တတ်တယ်။

သင်္ကြန်ပန်းဆိုလို့ စပ်စုကြည့်မိပါတယ်။ ဖွယ်ဖွယ်ရာရာ မက်မက်စက်စက်ဖြစ်ချင်စရာ ဘာပန်းမှ မပါဘူး။ အုန်းညွှန့်တွေ၊ တမာကိုင်းတွေ၊ မာလကာရွက်၊ ကံ့ကော်ညွှန့်၊ သပြေညွှန့်တွေ ပါ ပါတယ်။ အိမ်ပြန်ရောက်လို့ ဈေးခြင်းတောင်း ချတာနဲ့ ဖွားဖွားက “ဒါနဲ့ သိကြားမင်းကို ကြိုရမှာအေ့” လို့ ပြောပြီး သူ့လက်ထဲက အတာအိုးလေးကို ဇိုးဇိုးဇက်ဇက်နဲ့ ထုတ်လို့ အတွင်းရော အပြင်ရောနှံ့အောင် ဆေးပါတော့တယ်။

ပြောရရင် အဖွားက သိကြားမင်းလို့ အလွယ်ပြောတဲ့ တနင်္ဂနွေဂြိုဟ်မင်း ဘာဏုရာဇာကို လာဘ်ထိုးဖို့ ကြိုးစားနေရတဲ့ သဘောပါပဲ။ ည (၈) နာရီ သတင်းမှာ တွေ့နေရသလို လူကြီးမင်းများ ကြွချီလာရင် ပန်းစည်းဆက်ပြီး ကြိုရတဲ့ထုံးစံလိုပေါ့လေ။ သူအဲလို အတာအိုးထိုးတာ တနှစ်လည်း မဟုတ်ဘူး။ သူ့တသက်လုံး သင်္ကြန်ရောက်တိုင်း မပျက်မကွက် ထမ်းဆောင်နေကျ ဂျူတီပေါ့။

အဖွားရဲ့ အယူသည်းမှုကလည်း တမျိုးပဲ။ အရင်နှစ်က အတာအိုးကို နောက်နှစ် မသုံးဘူး။ “နှစ်သစ်မှာ အဟောင်းတွေ သုံးရင် လာဘ်တိတ် တတ်တယ်ဟဲ့။” သူ ခံယူထားသလိုပဲ အတာအိုးထိုးပြီးတာနဲ့ တအိမ်လုံးမှာ အဟောင်း အနွမ်း အစုတ် အပြတ် ဘာရှိသလဲဆိုပြီး မွှေနှောက်ရှာတော့တာပဲ။ တွေ့တာနဲ့ လွှင့်ပစ်တတ်တယ်။

ကျမကတော့ အိမ်ရှေ့ ဧည့်ခန်းမှာ အကျအန နေရာယူထားတဲ့ အတာအိုးကြီးကိုရော ပစ္စည်းအဟောင်းတွေကို မျက်ကလဲဆန်ပြာနဲ့ အသည်းအသန် လိုက်ရှာနေတဲ့ အဖွားကိုပါ ကြည့်ပြီး ရှေးလူကြီးတွေ အဖြစ်သည်းရန်ကောလို့ ဘ၀င်မကျ ဖြစ်မိတယ်။ နောက်တော့ မြင်ပါများတော့ ယဉ်ဆိုသလို ဖြစ်လာသလား မပြောတတ်ပါဘူး။ သည်အတာအိုးမှ အိမ်မှာ မမြင်ရရင် သင်္ကြန်က မပြည့်စုံသလိုပဲ။ တခါတလေ အဖွား မေ့နေမှာစိုးလို့ဆိုပြီး အကြိုနေ့မနက်ဆိုရင် ၀ီရိယကောင်းကောင်းနဲ့ အိပ်ယာစောစောထပြီး ပန်းသည်တွေဆီက အတာပန်းကို စောင့်ဝယ်ပါတယ်။ “သင်္ကြန်ပန်းတွေ ပါတယ်။ သင်္ကြန်ပန်းတွေ” အဲလိုအော်သံဟာဆိုရင် ကျမအဖို့ သင်္ကြန်အကြို တေးသံလို ဖြစ်နေပြီ။

မနက် ၇ နာရီ ကျော်ကျော်လောက်ဆိုရင်တော့ ရပ်ကွက်ဓမ္မာရုံက ဘုရားဝေယျာဝစ္စအသင်းက ဦးဆောင်ပြီး ဆွမ်းခံထွက်ပြီပေါ့။ အိမ်အသီးသီး ဆွမ်းထွက် လောင်းလို့ ပြီးပြီဆိုတာနဲ့ ဟိုဘက်အိမ် သည်ဘက် အိမ်က အမယ်ကြီးတွေ စုရုံးပြီး တရားနာ ဥပုသ်စောင့် သွားကြပြီ။

ကျမတို့ ကလေးတသိုက်လည်း အိမ်က ထုတ်ပေးထားတဲ့ စည်ပိုင်းသေးသေးလေးထဲမှာ ရေထည့်ပြီး လမ်းသွားလမ်းလာတွေကို စပက်ကြပါပြီ။ အိမ်မှာရှိတဲ့ ရေဖလားနဲ့ပဲ ပက်ရတာပါပဲ။ အဲဒီအခါကျတော့ ကလေးချင်းဆိုပေသိ ဖလားတောင် ဘာဖလားနဲ့ ပက်တာလဲဆိုတာ ပြိုင်ကြတာ။ စတီးဖလားလား၊ ဒန်ဖလားလား၊ ပလတ်စတစ်ဖလားလား။ ယိုးဒယားစတီးပြွတ် ကိုင်နိုင်တဲ့သူဆိုရင် စိတ်ထဲက ကြိတ်ပြီး အားကျနေရတာရယ်။ တချောင်း ၃၅၀ တဲ့။ ဘယ်ကိုင်နိုင်လိမ့်မတုန်း။ ယိုးဒယားပြွတ်ဆိုတော့ လှလဲ လှ။ စတိုင်လဲ ကျ။ သူနဲ့များ ရေထိုးပက်လိုက်ရင် အပက်ခံရတဲ့သူက ဖျင်းကနဲ ဖျန်းကနဲ အသားစပ်သွားတတ်တယ်။ ကျမ လိုချင်လှပါတယ် ပူဆာလွန်းလို့ မေမေက တချောင်း အစိတ်တန် ဗမာရေပြွတ်ပေးကိုင်တယ်။ ဗမာရေပြွတ်ဆိုပေမယ့် ရေထွက်အားက သန်မှသန်။ သို့ပေမယ့် စတီးပြွတ်နဲ့ ရေပြိုင်ပက်ကြတော့ ဗမာရေပြွတ် ယိုးဒယားကိုတော့ မယှဉ်နိုင်ဘူးပေါ့လေ။ ကြာတော့လည်း ခွက်နဲ့ ပက်ရတာလောက် ဘယ်ဟာမှ အားရပါးရ သိပ်မရှိလှဘူး။

ရေပက်တာဝလို့ နေ့လည် နားချိန်ဆိုရင်လည်း အကြိုနေ့ပေမယ့် ရပ်ကွက်ထဲမှာ ပျင်းရိခြောက်သွေ့နေရတာမျိုး မရှိဘူး။ ဟိုအိမ်ကလည်း သင်္ကြန်သီချင်းသံ မြိုင်မြိုင်၊ ဒီအိမ်ကလည်း ကသံ ဆိုသံ လှိုင်လှိုင်နဲ့။ လမ်း ၈၀၊ ကျမတို့ အပြမှာတင် ရေကစားတဲ့ မဏ္ဍပ် ၄၊ ၅ ခုရှိသေးတာ။ ဆံပင်ညှပ်ဆိုင်ဖွင့်ထားတဲ့ မကြိုင်ဆိုတာရယ်၊ ဘော်ဒါဆောင်ဖွင့်ထားတဲ့ ဒေါ်နုရယ်က နှစ်တိုင်း မဏ္ဍပ်အပြိုင်ထိုးကြတယ်။ မိသားစု မဏ္ဍပ် သဘောမျိုးဆိုတော့ အကျယ်ကြီးလဲ မဟုတ်ပေါင်။ လွန်ရော ကျွံရော ရှေ့မျက်နှာစာ ၁၀ ပေလောက်ပေါ့။

ဘာစပွန်ဆာမှ မလိုဘူး။ ကြော်ငြာမျှော်ပြီး ဆောက်တဲ့ မဏ္ဍပ်မဟုတ်ဘူး။ အောက်က ပီပါပုံးတွေ ခံပြီး သစ်သားချောင်းတွေ တန်းထားတဲ့ စင်ပေါ်မှာ တချို့က ပိုက်တွေသွယ်ပြီး ရေပက်တယ်။ တချို့ကျတော့ ရေဖလားနဲ့ပါပဲ။ စင်ရဲ့ ဟိုဘက်ထိပ် သည်ဘက်ထိပ်ကို အုန်းလက်တွေနဲ့ အလှဆင်ပြီး စကောဝိုင်းဖင်မှာ ထုံးတို့ပြီး ရေးထားတဲ့ “ပိတောက်ခင် ရေကစားမဏ္ဍပ်”၊ “ပန်းမျိုးတစ်ရာ မဏ္ဍပ်” စတဲ့ ဆိုင်းဘုတ်ကို ထောင်လိုက်တာနဲ့ ခံ့ခံ့ထည်ထည် ရေနန်းဗိမာန်တခု ပေါ်လာတော့တာပဲ။ အခုခေတ်လို ကျုံးပတ်လည်လောက်သာ စည်ကားတဲ့ သင်္ကြန်မဟုတ်လေတော့ မဏ္ဍပ်နေရာအတွက် အရှေ့ကျုံးမှ၊ တောင်ကျုံးမှဆိုပြီး နေရာသွားဦးစရာလဲ မလိုဘူး။ ကိုယ့်ရပ်ကွက်ထဲမှာ၊ ကိုယ့်အိမ်ရှေ့မှာပဲ မိဘမောင်ဘွား အားလုံးရဲ့ မျက်စိအောက်မှာ အေးအေးလူလူ ပျော်ပျော်ရွှင်ရွှင် ရေကစားကြတာ။ ကျမဆိုရင် အဲဒီမဏ္ဍပ်တွေပေါ်မှာ တက်ပြီး အရမ်းရေပက်ချင်တာပဲ။ မေမေကပြောတယ်။ အဲဒါ အပျိုတွေမှ ပက်တာတဲ့။

အပျိုတွေကလည်း သင်္ကြန်မကျသေးတော့ မပက်ကြသေးဘူး။ ဒါပေမယ့် ညနေခင်းကျရင်တော့ ဖီးလိမ်းပြင်ဆင်ပြီး အိမ်ရှေ့ထွက်လို့ ဟန်ရေးပြကြပြီ။ ညနေ ၄ နာရီလောက်ဆိုရင် ဘုရားကြီးကို ဦးတိုက်ပြီး ပြန်လာတဲ့ သင်္ကြန်ကားတွေ၊ အသင်းကားတွေကို အလျှိုလျှိုမြင်ရပြီ။ အဖွားမှာ စိပ်ပုတီး တချောက်ချောက် စိပ်ရင်း သင်္ကြန်သီချင်းသံ လွင့်လာတာ ကြားတာနဲ့ “ဟဲ့ ထွက်ကြည့်ကြပါဦး။ ဘယ်အသင်းကားလဲ မသိဘူး” ဆိုပြီး သံယောဇဉ် မပြတ်ဖြစ်နေတော့တာ။

မန္တလေးက ဂျစ်ကားခရေဇီ ဆိုတော့ သင်္ကြန်မှာဆိုရင် ဂျစ်ကားပိုင်ရှင်များဟာ မျက်နှာအပွင့်ဆုံးပါပဲ။ ဂျစ်ကား ရှေ့ဖုံး ဘောနက်ပေါ်မှာ ကန်တော့ပွဲတပွဲ ပါလေ့ရှိတာကို သတိထားမိတယ်။ နောက်ပြီးတော့ ကားပေါ်မှာ ဆိုင်းဘုတ်ထောင်ပြီး ဖြစ်စေ၊ ကားဖင်ပိုင်းမှာ စာတမ်းချိတ်ပြီးဖြစ်စေ “ပိတောက်ကို ချစ်ရင် မောင့်ကိုလည်း ချစ်ပါ” တို့၊ “ချစ်ရင် ရေပက်” တို့၊ “ရေပက်မကြမ်းနဲ့ ဖက်နမ်းပစ်မယ်”တို့ ပေါက်တတ်ကရ စုံစီနဖာ စာပြောင်မျိုးစုံကို သရုပ်ဖော်ပုံလေးတွေနဲ့ တွဲပြီး ရေးထားတတ်ကြတယ်။

မှတ်မိပါသေးရဲ့။“ပျိုပျိုမေတို့ ဆီးကြိုတော့ကွယ်” ဆိုတဲ့ စာသားဆိုရင် ကာတွန်းပုံက မိန်းကလေးတယောက် ဆီးအိုးကြီးကို ရေနွေးအိုး တည်သလို တည်နေတဲ့ ပုံနဲ့ဆိုတော့ ကြည့်မိတဲ့သူတွေမှာ ၀ါးလုံးကွဲ မရယ်မိရင်တောင် အနည်းဆုံးတော့ ပြုံးမိတာချည်းပဲ။

အဖေတို့ အဖွားတို့ကတော့ ပြောတာပဲ။ နင်တို့ သင်္ကြန်က ဘာဟုတ်သေးတုန်း။ တို့တုန်းကဖြင့် ဘယ်လို ဘယ်ညာ ဆိုပြီးပေါ့လေ။ အဲသလို ပြောသံတွေ ကြားမိရင် သူတို့တွေ ညွှန်းတဲ့ မန္တလေးသင်္ကြန် ခေတ်ကောင်းစဉ်ကာလဆိုတာကို မှန်းပြီး လွမ်းလည်း လွမ်းမိရဲ့။ မနာလိုလည်း ဖြစ်မိရဲ့။ ကိုယ်ထင် ကုတင် ရွှေနန်းပဲလေ။

ကျမကတော့ ကလေးဘ၀က ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်ကို ချစ်တယ်။ သူ့ဟာနဲ့သူတော့ အတန် အသင့်စည်ကားသေးတယ် ဆိုရမှာပဲ။ ရေပက်တာ လောဘကြီးတဲ့ ကျမဆိုရင် ကားတိုင်းကို ရေမပက်လိုက်မှာ စိုးလို့ ပြာနေတာပဲ။ ကားတွေပေါ်ကလည်း မျိုးစုံ အော်ဟစ်သွားတတ်ကြတာပဲ။ တချို့လဲ သင်္ကြန်သီချင်းတွေ အော်ဆိုသွားကြလေရဲ့။ တချို့ကျတော့လည်း “အမေ့ ချွေးမ ပျောက်လို့ ရှာ… တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ” တို့၊ “ဟိုကောင်မလေး ငယ်ငယ်တုန်းက ဖင်တုံးလုံး ဖင်တုံးလုံး” တို့ အော်သွားကြတယ်။ အမေ့ချွေးမအဖြစ် အအော်ခံရတဲ့သူတွေကျတော့ ရှက်ပြုံးလေးနဲ့ပေါ့လေ။ ဟိုကောင်မလေး ငယ်ငယ်တုန်းက ဘာဘာညာညာဆိုပြီး အအော်ခံရတဲ့သူတွေကျတော့ မျက်နှာကြီးရဲလို့ပေါ့။

ကျမက ဧပြီလမှာ မွေးလို့လား မသိပါဘူး။ သင်္ကြန်ပိုးတော့ပါတယ်။ တီးလုံးသံကြားတာနဲ့ ကချင်နေတော့တာ။ တီဗွီက သင်္ကြန်အကတွေ လာတာနဲ့ သူတို့လို ကွေးနေအောင် လိုက်ကတာ။ သင်္ကြန်အက ကတာ ဘာခက်တာမှတ်လို့။ မန္တလေးသူမှန်ရင် ခြေချိုး လက်ချိုးတော့ တတ်တာချည်းပဲ။ သင်္ကြန်အကဆိုတာလဲ အရပ်သူတွေကို ခေါင်း၊ ခါး၊ ခြေ၊ လက် အချိုးပြေရုံ ကတတ်အောင် ထွင်ပေးထားတဲ့ ကနည်းမို့ လွယ်ပါတယ်။

အခုခေတ် သင်္ကြန်အကတွေ ကျတော့ တမျိုးပဲ။ သဘင်သည် အငြိမ့်ကသလို ကနေကြတော့တာ။ နွဲ့နွဲ့နှောင်းနှောင်းလဲ မရှိ။ ခုန်လိုက် ပေါက်လိုက်၊ နိုင်ငံတော်ကြီး ဘာဖြစ်တယ် သင်္ကြန်အကထဲမှာ မယောင်ရာ ဆီလူး မျိုးချစ်စိတ်ဓာတ်တွေ ထက်သန်ပြလိုက်နဲ့ကိုး။ အရပ်သူတွေသာ ကလေ့ရှိတဲ့ သင်္ကြန်အကချင်း ယှဉ်ရင်တောင် မန္တလေးသူများ ကတာဟာ ခါးပါတယ်၊ ညက်ညောတယ်တဲ့။ လူကြီးတွေ ပြောတာ ကြားဖူးတာပဲ။ ကျမဖြင့် ခါးပါတယ်ဆိုတာ ဘယ်လိုဟာပါလိမ့်၊ ဘယ်သူကများ ခါးကြီးဖြတ်ပြီး ကကြပါလိမ့်လို့ တွေးလိုက်ရတာ။ နောက်မှ သူတို့ပြောတာက ခါးလေးကို နွဲ့ပြီး ကတာကို ဆိုလိုကြောင်း သဘောပေါက်တော့တယ်။

ကျမတို့ ငယ်ငယ်က သင်္ကြန်ဆိုရင် အိမ်က ကားနဲ့ လည်ပါတယ်။ ဖေဖေက ကျမတို့ ညီမနှစ်ယောက်ကို တင်ပြီး တခြား သူ့မိတ်ဆွေတွေပါ ပတ်ခေါ်ပြီး လည်တာပါ။ ကျမက လူပေါက်စလေးပဲ ရှိသေးတော့ သင်္ကြန်မှာ ရေပက်ခံထွက်တာကို နားမလည်ဘဲ မိုးတွေ ဘာလို့ အဲလောက်တောင် ရွာနေပါလိမ့်လို့ တွေးခဲ့မိတာ။ ကိုယ်က လူကြီးတွေ ကြားထဲ ရောက်နေတော့ အပြင်ကိုလဲ မမြင်ရဘူး။ ကျုံးဘက်မှာဆိုရင် ပက်သူတွေရော၊ လည်သူတွေရော ကြိတ်ကြိတ်တိုးကိုး။ အခုလို မဏ္ဍပ်တခုရောက်ဖို့ ရေအခြောက်ခံပြီး နေ့ဝက်ကျိုးအောင် မစောင့်ရဘူး။ တောက်လျှောက်ကို ပက်တဲ့သူတွေနဲ့ ပြည့်နေတော့တာ။ ကိုယ်ကသာ သူများကို ရေပက်ခဲ့တယ်။ သူများကိုပဲ ပက်လေ့ရှိတဲ့ ကျမမှာ ပထမဆုံး ရေပက်ခံထွက်ဖူးတဲ့အခါတုန်းက အရာရာ မှန်သမျှကို အထူးအဆန်းဖြစ်နေခဲ့တယ်။

မြန်မာ့ရုပ်မြင်သံကြားကနေ သင်္ကြန်မိုး လာရင် တအိမ်လုံး အားပေးကြတယ်။ သင်္ကြန်မိုးနဲ့ ပတ်သက်ပြီးလည်း ကျမမှာ ဖြတ်သန်းခဲ့ရတဲ့ အသက်အရွယ်အလိုက် ခံစားမှု သုံးမျိုးဖြစ်ခဲ့ပါတယ်။

ပထမဆုံး အကြိမ် သင်္ကြန်မိုးကို ကြည့်တော့ ဆိုကြ၊ ကကြတယ် ဒီလောက်ပဲ သိတာ။ လူက ငယ်သေးတာကိုး။ နောက် မြန်မာ့ရုပ်မြင်က ခဏခဏ လွှင့်နေတော့ ကြည့်ရတာ ပျင်းလာတယ်။ မကြည့်ဖြစ်တော့ပါဘူး။ သင်္ကြန်မိုးကို တမ်းတမ်းတတ ပြန်ခံစားကြည့်ချင်လာတာ ၁၀ တန်း ဖြေပြီးမှပါ။ အဲတုန်းက မြန်မာ့ရုပ်မြင်က ဘာသဘောရယ်မသိဘူး။ ဇာတ်ကားတကားထဲကို နှစ်ပိုင်းခွဲပြီး နှစ်ရက်ပြတယ်။ သူပြတဲ့ နှစ်ရက်လုံး ကျမတို့ ရက်ကွက်က မီးပျက်တဲ့ ရက်ကျတော့ မကြည့်ရဘူးပေါ့။ အဲဒီမှာ ကြည့်ချင်လို့ ဆိုပြီး တမြို့လုံး ပတ်ပြီး အခွေငှားဆိုင်တွေမှာ အခွေလိုက်ငှားတာ။ နောက်ဆုံး (ဦး) စိုင်းခမ်းလိတ်ဆီက အခွေရလာတယ်။ အဲဒီအခွေကို ကူးပြီး သိမ်းထားတယ်။

မြန်မာ့ရုပ်မြင်က ပြတာ လွတ်သွားရင် အခုအထိ အောက်စက်နဲ့ အဲဒီအခွေကို ဖွင့်ကြည့်တုန်းပဲ။ အခုအချိန်မှာ ကျမ လက်တွေ့မန်းသင်္ကြန်ကို မခံစားချင်တော့ဘူး။ ခံစားဖို့လဲ မလိုတော့ဘူး။ သင်္ကြန်မှာ သင်္ကြန်မိုး ကြည့်လိုက်ရရင် ပြည့်စုံတယ်။ သင်္ကြန်မိုး ဇာတ်သိမ်းသွားတာနဲ့ စိတ်ထဲမှာ သင်္ကြန်ပါ ပြီးသွားသလို ခံစားလိုက်ရတော့တာ။

သင်္ကြမိုးမှာ တင်တင်မြရဲ့ အသံနဲ့ ဇာတ်လမ်းစဖွင့်တာမှသည် နောက်ဆုံး သင်္ကြန်မိုး သီချင်းနဲ့ ဇာတ်သိမ်းသည်အထိ အကုန်ကြိုက်ခဲ့တယ်။ ဘုရားကြီးမှာ ခင်ခင်ထားနဲ့ ငြိမ်းမောင်တို့ စတွေ့တဲ့အချိန် ခင်ခင်ထားရဲ့ ပိတောက်ပန်းခက်လေး ပြုတ်ကျသွားတာ (ဟေ့ အဲဒါ ရွှေဝါဖူးက ဇယ်လေးကွ) ဆိုတဲ့အခန်းကို သဘောကျတယ်။ ရွှေမန်းမာလာသီချင်းနဲ့ ကကြတဲ့အခါ မြို့မငွေငန်းကားပေါ်မှာ သီတာသိမ့် နွဲ့နွဲ့လေးကတာကို နေ၀င်ချိန် နောက်ခံထားပြီး ရိုက်ပြတာ အရမ်းလှတာပဲ။ အဲလို လှတဲ့ ရိုက်ချက်တွေကတော့ အများကြီးပဲ။ ဘုရားကြီးကို ဒေါ်ခင်အုန်းမြင့်နဲ့ ရောက်လာတဲ့ ခင်သန်းနုကို ပြတော့ ကားပေါ်က ဆင်းလာတဲ့ ရွှေခြေကျင်းကို စပြတယ်။ ပြီးတော့ မြို့မကားကြီး ရပ်ထားတာတွေ့တော့ အောက်ကနေ ငွေငန်းကို မော့ကြည့်လိုက်တာကို အပေါ်စီးက ရိုက်ထားတာ၊ ခင်သန်းနုနဲ့ နေအောင် ချစ်သူတွေ ဖြစ်ကြတော့ နှစ်ကိုယ်တူချစ်သမျှကို သီချင်းနဲ့ ဇာတ်ဝင်ခန်းတွေကလဲ မျက်စိပသာဒဖြစ်လိုက်တာ။

နောက် ကိုထွေး (ဇင်ဝိုင်း) ကို သူ့အဖေက သင်္ကြန်ပွဲမှာ မပါရဘူးပြောတော့ ရေနီမြောင်းဘေးက အပင်ကြီးအောက်မှာ သွားထိုင်နေပုံလေးက တကယ့် ကရုဏာသက်စရာလေးပဲ။ အနုပညာပန်းတိုင် သီချင်းဆိုရင် ကျမ အရမ်းကြိုက်ပါတယ်။ အဲဒီသီချင်းနဲ့ ဇာတ်ဝင်ခန်းမှာ ကုသိုလ်တော် ဘုရားထဲမှာ ခပ်နွဲ့နွဲ့လေး ပြေးသွားတဲ့ သီတာသိမ့် ပုံစံလေးကို သိပ်ချစ်တာပဲ။ နွေဦးကဗျာမဏ္ဍပ် ဆောက်တဲ့အခန်းကိုပြတော့ နောက်ခံတီးလုံးက ပြည်တော်ဝင်သီချင်း၊ အကြိုနေ့ ဖွင့်ပွဲမှာ ကကြတာကိုပြတော့ မြနန္ဒာတီးလုံးနဲ့။ ဇင်ဝိုင်း ရေနီမြောင်းကနေ စက်ဘီးလေး စီးပြီးပြန်လာတော့ သင်္ကြန်လေညှင်းလုလင် တီးလုံးနဲ့ပေါ့။ သီချင်းတွေ သိပ်ဟုန်သွားမှာစိုးလို့ ထင်ပါရဲ့။ တီးလုံးပဲထည့်သွားတာ သတိပြုမိတယ်။ နှစ်သစ်မင်္ဂလာသီချင်းနဲ့ ရေပက်ကြတဲ့ဇာတ်ဝင်ခန်း မှာကျတော့ ပထမဆုံး ပိတောက်ပန်းတွေ ဝေနေတဲ့ မြင်းခေါင်းကြီးကို အနီးကပ်ရိုက်ပြတော့ အစကတော့ ပရိသတ်က ဘာမှန်းမသိဘူးပေါ့။ နောက် ရိုက်ချက်ကို နည်းနည်း ခွာလိုက်မှ မြင်းမှန်းသိတော့တယ်။

နောက် ဇင်ဝိုင်းကို ဇော်ဝမ်းတို့က “နွေအလှ” သီချင်းနဲ့ နှုတ်ဆက်သွားတဲ့အခန်းလေးဆို သိပ်လွမ်းဖို့ ကောင်းတယ်။ ဇင်ဝိုင်းကို သင်္ကြန် လည်ခွင့်ပြုလိုက်ပြီးတဲ့နောက် နေအောင်က အခန်းထဲမှာ သူတယောက်တည်း ကျန်ခဲ့တဲ့ အခါ မြို့မငြိမ်းပုံ၊ စိန်ဗေဒါ့ပုံ၊ နန်းတော်ရှေ့ ဆရာတင်ပုံတလှည့် သူ့စန္ဒယားကြီးတလှည့် နောက် သူ့အရက်ပုလင်းတလှည့် ကြည့်ပြီး သူ့ဘ၀ကို သူ ရင်နင့်သွားတဲ့ ပုံဖြစ်သွားတာ၊ နောက်ပြီး အရက်ပုလင်း နှစ်လုံးကို ကောက်ခွဲလိုက်တဲ့ အချိန်မှာ ဂွမ်းဆိုပြီး ဒရမ်တီးပြီး “ပိတောက်တမျက်နှာ” သီချင်းဆိုတာနဲ့ ဆက်ပစ်လိုက်တယ်။

သင်္ကြန်မိုးကို ကြိုက်တဲ့အထဲမှာ မန္တလေးရဲ့ အရိပ်အငွေ့တွေ မသိမသာ ထည့်သွားတာမျိုးတွေကြောင့်လဲ ပါပါတယ်။ ဥပမာ.. ခင်သန်းနုရှိတဲ့ ဈေးချိုထဲက စိန်ရွှေရတနာဆိုင်ကို သူ့သားသမီးနှစ်ယောက် လာလည်တဲ့အခါ ဈေးအဖော်တွေ ဖြစ်တဲ့ တခြားဆိုင်က လူတွေကို လှမ်းနှုတ်ဆက်လိုက်တဲ့ ပုံမျိုး၊ နောက်ပြီး ဟန်တင်ရဲ့ မန္တလေးစရိုက် ခပ်သောသော ပုံစံတွေ ထည့်ရိုက်သွားတာမျိုးပေါ့။

အခု အသက်အရွယ်မှာ သင်္ကြန်မိုးကို ပြန်ကြည့်တော့ ခံစားချက်က မသိမသာ ပြောင်းသွားပြီ။ သင်္ကြန်ကို ချစ်ပေသိ၊ သင်္ကြန်မိုးကို ကြိုက်ပေသိ၊ ဇာတ်လမ်းကို ယုတ္တိဗေဒနဲ့ ချိန်ထိုးကြည့်လိုက်တော့ အင်း.. နည်းနည်းတော့ ဇာတ်ဆန်သလိုပဲ။ ဒါပေမယ့် သူ့ဇာတ်လမ်းရဲ့ ဦးတည်ချက်က ယဉ်ကျေးမှုပွဲတော်တရပ်ကို ဘယ်လို ဆင်နွှဲခဲ့တယ်ဆိုတာ ပေါ်လွင်အောင် ရိုက်ကူးပြတာသက်သက်ဆိုတော့ ကျမ တိုင်းတာတဲ့ ပေတံက မှားကောင်း မှားနေမယ်ထင်ရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သင်္ကြန်မိုးကို ကြိုက်တုန်းပါပဲ။ သင်္ကြန်အကြောင်း ပြောချင်တာနဲ့ သင်္ကြန်မိုးအကြောင်း ဟိမ၀န္တာချီးမွမ်းခံ ဖွင့်နေမိပြန်ပြီ။ အခုတော့ စစ်မှန် ယဉ်ကျေးတဲ့ သင်္ကြန်ပုံရိပ်တွေဆိုတာ သင်္ကြန်ရေနဲ့အတူ တကယ်ပဲ စီးမျောကုန်ပြီ ထင်ရဲ့နော်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒါရိုက်တာမောင်တင်ဦးနဲ့ ဆုံဖူးတုန်းက မန္တလေး သင်္ကြန်အခြေခံ ဇာတ်ကား သူ မသေခင် ထပ်ရိုက်ချင် သေးတယ်လို့ ပြောဖူးတယ်။ သင်္ကြန်မိုးထက် သာရမယ်လို့လဲ ကြွေးကြော် ထားတာပဲ။ သူ့ဇာတ်လမ်းအစမှာ စကားပန်းလေး ပင်မြင့်ထက်ကနေ လေမှာ တ၀ဲဝဲ လည်ကာ လည်ကာနဲ့ ကျောက်လမ်းမပေါ်ကို ပြုတ်ကျလာမယ်။ ခဏနေတော့ အဲဒီ စကားပန်းလေးဆီကို သွေးစီးကြောင်း တခု ဖြတ်ပြီး စီးလာတယ်။ အဲဒီ သွေးစီးကြောင်းက။ ဘယ်က လာသလဲဆိုတော့ ကားတိုက်ပြီး အသက်ဆုံးသွားတဲ့ မြို့မငြိမ်းရဲ့ သွေးတွေပေါ့။ နောက်ခံ တီးလုံးကလည်း လွမ်းစရာ၊ ဆွေးစရာလေးပေါ့။ အဲဒီကမှ မြို့မငြိမ်း အကြောင်း၊ ဟိုခေတ် မန်းလေးသင်္ကြန်၊ ဒီခေတ် မန်းလေး သင်္ကြန် ကို ချိတ်ပြီး ပြသွားမယ့် ဇာတ်တဲ့။ အဲဒါ သူပြောသလောက် ကျမ ကြားဖူးခဲ့တာ။ ပရိုဂျူဆာမရှိတော့လည်း မရိုက်နိုင်ဘူး ပေါ့လေ။ ဟိုတပတ်က ပေါ်ပြူလာ ဂျာနယ်မှာ ဦးဇော်မြင့် (ရီမြင့်ရုပ်ရှင်)က သင်္ကြန်မိုးလိုကား သူ ရိုက်ချင်ပါသေးတယ်။ မောင်တင်ဦးနဲ့လဲ ပြောထားတယ် ဆိုတာ ကြားရလို့ ၀မ်းသာပါတယ်။ ထပ်ရိုက်ဖြစ်ပါစေ ဆုတောင်းပါတယ်။

တကယ်တမ်း ရိုက်ဖြစ်ရင် သူတို့တော့ ဘယ်လိုပုံစံ ရိုက်ဖြစ်ကြမယ်မသိဘူး။ ကျမဖြင့် အခုခေတ်သင်္ကြန်ဆိုတာ ဘာကို ခံစားပြီး ဆင်နွှဲတဲ့ သင်္ကြန်မှန်း မသိတော့ပါဘူး။ ဒိုးဒိုးဒန့်ဒန့် ဗမာစာသားသွပ်ထားတဲ့ ကပြားသီချင်းတွေ ဖွင့်ပြီး မဏ္ဍပ်ပေါ်က လူတွေကလည်း တီကောင် ဆားတို့သလို တွန့်လိမ်ကြ၊ အောက်က လူတွေကလည်း တွန့်လိမ်ကြ၊ ဖော်ကြ၊ ချွတ်ကြ၊ ဆဲကြ၊ ရိုက်ကြ၊ နှက်ကြ၊ မူးရူးကွဲပြဲကြလို့ သင်္ကြန်ဆိုတာ လူတွေအတွက် သီးသန့် တော်သလင်းပွဲတော်လို ဖြစ်နေပြီ။ အရင်တုန်းက သင်္ကြန်သီချင်းတွေဆိုတာ မောင်ရင်းနှမအသွင် ရေကစားကြမယ်။ ချစ်ကြည်စွာ လောင်းပက်ကြမယ်ဆိုသလို စာသားမျိုးတွေနဲ့ ထုံမွှမ်းခဲ့တာ။

အခုခေတ် သီချင်းများကြတော့ လှုပ်လိုက်ကြစို့၊ ခါလိုက်ကြစို့၊ အဖိုးကြီးကို ခေါက်ထား၊ အဖွားကြီးကို ခေါက်ထား၊ ယောက်ျား ယောက်ျား ဆိုတာလဲ ပါသေးတယ်။ ဘာတွေ ဆိုမှန်းကို မသိတော့ဘူး။ ယဉ်ကျေးလှပါတယ်ဆိုတဲ့ မြန်မာသင်္ကြန်က မိမဆုံးမ ဖမဆုံးမတွေကြောင့် ပေါက်လွတ်ပဲစားပွဲတော် ဖြစ်နေပြီ။

ပျော်တယ်ဆိုတာလဲ ပိုက်ဆံရှိဦးမှ။ လူတွေက စီးပွားရေး မကောင်းတော့ မပျော်နိုင်ကြတော့ဘူး။ ကျုံးပတ်လည်မှာ ရှိတဲ့ (တကယ်တော့ တောင်ကျုံးနဲ့ အရှေ့ကျုံးပဲ ရှိတာ) မဏ္ဍပ်တွေကို သင်္ကြန်မတိုင်မီ သွားပြီး ရေတွက်ကြည့်နေလည်း အရင်ကလို ရင်ခုန်စရာမကောင်းတော့ဘူး။ ကျမ မှတ်မိသလောက် (၂၀၀၁) ခုနှစ် အထိကို ဒေါ်သီ သနပ်ခါး မဏ္ဍပ်နဲ့ ပါတိတ်တိုင်းပြည် မဏ္ဍပ်ဆောက်ဖြစ်ပြီး အဲဒီမဏ္ဍပ်တွေက အကြတ်နေ့ဆိုရင် စတုဒိသာ ကျွေးကြသေးတယ်။

၂၀၀၅ ခုနှစ်တုန်းကလည်း အာဆီယံသင်္ကြန်လို့ လုပ်လိုက်တုန်းကတောင် နည်းနည်း ပြန်စည်သေးတယ်။ ခုတော့လား မန်းသင်္ကြန်က ခေတ်အဆက်ဆက်က နာမည်ကလေးကြောင့်သာ စည်တယ်ရယ်လို့ ဟန်ပြပဲ ရှိရတော့တဲ့အဖြစ်။ ဆေးရုံ၊ ဆေးခန်းများမှာတော့ လွှတ်စည်တာပဲ။

မဏ္ဍပ်မှာ တရက် ရေသွားကစားရင် အနည်းဆုံး တသောင်းပေးရတယ်။ ကားနဲ့လည်မယ်ဆိုရင် ကားတစီး တရက်ကို တသိန်းခွဲကျမယ်။ ဒီခေတ်ကုန်ဈေးနှုန်းနဲ့ စီးပွားရေးကျပ်ပုံမျိုးနဲ့ ဘယ်သူ ပျော်နိုင်တော့မှာလဲ။ ဟိုတုန်းကလို လူတန်းစားမရွေး ပျော်လို့ရတဲ့ သင်္ကြန်မဟုတ်တော့ဘူး။ သိပ်ပျော်ချင်နေရင်လဲ ကိုယ့်အိမ်မှာ ရှိတဲ့ စက်ဘီး၊ ဆိုင်ကယ်ထုတ်ပြီး ကျုံးဘေးမှာ သွားမော့နေရုံရှိတော့တာပ။ စပွန်ဆာသင်္ကြန်၊ စီးပွားသင်္ကြန်၊ ကိုယ်ကျိုးရှာသင်္ကြန်မှာ လူတန်းစာမျိုးစုံ မပျော်နိုင်တော့ဘူး။ ဒီကြားထဲ အခါတွင်းကြီး ဗုံးခွဲတဲ့ သူမျိုးတွေ ရှိလာတော့ နှစ်ကူးရတာတောင် အထိတ်ထိတ် အလန့်လန့်နဲ့ ကူးရတဲ့အဖြစ်။

မန္တလေးမှာ ပြိုင်ပွဲဝင်အသင်းကား (အလှပြကား) တွေ အစဉ်အလာမပျက် ရှိနေသေးတာတော့ ကျေးဇူးတင်ရမှာပဲ။ ခုနစ်ခရိုင်က အလှပြကားနဲ့ မြို့မအသင်းကားအပြင်၊ မနှစ်ကတော့ ပြည်ခိုင်ဖြိုး အသင်းကားကြီးကိုလည်း တွေ့လိုက်ရတယ်။ ဒါပေသိ အသင်းကားတွေခမျာ မန်းရွှေမြို့တော် အတာရေသဘင်ကို ၀တ္တရားမပျက်သာ လာပြီး ဦးခိုက်ရသလိုဖြစ်နေတယ်။ လှလှပပ ပြောင်ပြောင် ရောင်ရောင် သိပ်မရှိလှတော့ဘူး။ ခေတ်ဟောင်းသင်္ကြန် ဓာတ်ပုံတွေထဲမှာ တွေ့ဖူးသလို ၀ါသနာအလျောက် ထွက်တဲ့ အသင်းကားတွေလို ဆန်းဆန်းပြားပြား အလှဆင်ထားတဲ့ ပုံမျိုးမရှိဘူး။ အလှပြကားပေသိ ဆုချိတ်ဖို့ အစိုးရ လက်ကိုင်ဆောင်ပုဒ်တွေ ဖော်ကျူးတဲ့သဏ္ဍန်မျိုးတွေ ဦးစားပေးပြီး ဒီဇိုင်းဆင်ကြတာကို တွေ့ရတယ်။

အေးလေ။ အကြိုနေ့ ဖွင့်ပွဲမှာကတည်းက မြို့တော်ဝန်ရဲ့ ဘုန်းတော်ဘွဲ့ကို မဆီမဆိုင် သီကုံးပူဇော် ပေးရသေးတာပဲ။ ဒီတော့ ကျမတို့ ငယ်ငယ်တုန်းက အကြိုနေ့ဖွင့်ပွဲကို “မန်းတောင်ရိပ်ခို” သီချင်းနဲ့အတူ၊ “တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” သီချင်းနဲ့ ကခဲ့ရတာလည်း မဆန်းတော့ပါဘူး။ မျိုးချစ်စိတ်တွေ သိပ်ထက်သန်နေကြတာကို ပြောတာပါလေ။

မနှစ်က ဖွင့်ပွဲမှာတုန်းကပဲ ရယ်ချင်ပါတယ်။ မြို့မအသင်းကားက “ မြူမှောင်ဝေကင်း ငွေအဆင်း ဆန္ဒ ပြည်ထောင် တိုင်းမြန်ပြည် ငြိမ်းချမ်းအောင်ဆု သွန်းခါရေ အေးစေကြောင်း လောင်းတဲ့ လုံမေ ထူးထူးကဲကဲ လှကြပါစေ…” အေးအေးငြိမ့်ငြိမ့်လေး ဆိုလို့ ဗဟိုမဏ္ဍပ်ကို ၀င်ပြီး ဂါရ၀ပြုနေတဲ့တုန်ား နောက်က ကပ်လိုက်လာတဲ့ ပြည်ခိုင်ဖြိုးအသင်းကားက “အင်အား အင်အား.. .အဲဒါ တို့ အင်အား” လို့ လက်သီးလက်မောင်းတွေ တန်းပြီး နင်းကန် အော်တော့.. မြို့မရဲ့ မြူမှောင်ဝေကင်း ခမျာလည်း သူ့အင်အားကို လွှမ်းအောင် ကြုံးရုန်း အော်ဆိုလို့ ရတာမဟုတ်လေတော့ မဏ္ဍပ်ကနေ မြန်မြန် ခွာသွားတော့တယ်။ (၀င်းဦးရဲ့ ဆယ်စုနှစ် တခေတ်စွန်း မန်းသင်္ကြန်ထဲက သင်္ကြန်အသင်းကားတွေ တကားက ဆိုနေရင် တကားက အနှောင့်အယှက်ဖြစ်မှာစိုးလို့ အလိုက်တသိ ငြိမ်ပေးရတာကိုပဲ အမှတ်ရမိပါရဲ့။ ခုများတော့ ပြောင်းပြန်။)

ဟိုတုန်းက ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေ ဗေဒင်ကျမ်းနဲ့အညီ သင်္ကြန်စာတောင် အခုခေတ်ကျတော့ ပဒေသရာဇ် အရူးများရဲ့ အလိုကိုလိုက်ပြီး အကြိုက်ဆောင်ရတဲ့ သင်္ကြန်စာဖြစ်သွားပြီ။ “ငတို့ တောမှာ နေကတည်းက သင်္ကြန်စာဆိုရင် နှစ်တိုင်း ၀ယ်ရတာပဲ။ ကိုယ် မ၀ယ်နိုင်ရင်တောင် ၀ယ်ထားတဲ့သူဆီက ခဏငှားပြီး ဖတ်ရတာ။ သင်္ကြန်စာမှာ မိုးခေါင်မယ်ပါလား၊ ယာသီးနှံတွေ အောင်မြင်မယ်ပါလား။ ငတို့ ဒါကိုပဲ ကြည့်ပြီး အလုပ်လုပ်ကြတယ်။ သင်္ကြန်စာကို သိပ်အားထားကြတယ်” အဲသလို ပြောခဲ့တဲ့ ရှေးရိုးစွဲလွန်းသူ ကျမ အဖွားများ သိရင် ဘာပြောမလဲမသိ။ အများသူငှာ ဆင်းရဲချမ်းသာမရွေး ပျော်နိုင်ခွင့်ရှိတဲ့ သင်္ကြန်ကိုတောင် မောင်ပိုင်စီးချင်ကြပါလားကွယ်ရို့။

ဘယ်သူတွေ ထိုလေပြေကိုပဲစေစေ… ပြောရရင် သင်္ကြန်ရဲ့ သရုပ်သကန် မမှန်တော့တာကို လက်ညှိုးထိုး အပြစ်ဆိုစရာ အကြောင်းအရာတွေကတော့ အများကြီးပါပဲ။ ရလဒ်ကတော့ နောက်ပေါက်ကလေးတွေ နှစ်ကူးအတာပွဲဆိုတာ ယဉ်ကျေးမှုပွဲတော်တရပ်ဆိုတာ မသိတော့ဘူး။ ကျမရဲ့ တူတွေ၊ တူမတွေကို သင်္ကြန်မိုးကားလာရင် ကြည့်ခိုင်းပါတယ်။

ဟိုအရင်က မန္တလေး သင်္ကြန် ဘယ်လောက် ယဉ်ကျေးလဲ၊ ပျော်စရာကောင်းလဲ၊ သိမ့်မွေ့သလဲ ကြည့်ကြစမ်းပေါ့။ ကိုယ့်မှာဖြင့် အားပါးတရ ပြောလိုက်ရတာ။ ကျေးဇူးရှင်များကတော့ အဲဒါ ကြည့်ပြီး နှာခေါင်းရှုံ့ကြတယ်။ ဒီအသင်းကားကြီးကို ပတ်ချာလည်အောင် လှည့်ပြီး ကကြတာ ဘာများ ပျော်စရာကောင်းသလဲတဲ့။ နေအောင်က ခင်သန်းနုကို မင်္ဂလာဆောင်မှာ သီချင်းဆိုခိုင်းလို့ တသက်လုံး နာကျည်းသွားရတာကို နားမလည်ဘူးတဲ့လေ။ ကျမ တူတွေ၊ တူမတွေ ပြောတာက ရှင်းရှင်းလေးပဲ။ ဘယ်လိုပဲ ပျော်ရပျော်ရ၊ ပျော်ဖို့က အဓိကတဲ့။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကို တကောက်ကောက် လိုက်နေတဲ့ သူတို့နဲ့ နှလုံးသားချင်း မနီးစပ်တော့ဘူး။

သူတို့ ကျမ ကွယ်ရာမှာ ပြောကြသလို ဘိုးတော်ဘုရား လေးဖက်ထောက်စဉ်ကာလမှာ အိပ်ပျော်နေခဲ့တဲ့ ကျမကတော့ လူရိုင်းပွဲတော်ကြီးကို ၀င်နွှဲဖို့ ဥာဏ်မမီတော့တဲ့အလျောက် ဂူအောင်းပြီး သင်္ကြန်မိုးနဲ့သာ ရသေ့စိတ်ဖြေရုံ ရှိတော့တာပဲ။ အစဉ်အလာမပြတ် အတာပန်းအိုး ထိုးတတ်တဲ့ ကျမ အဖွားရဲ့ ခံစားချက်ကိုလည်း စာနာနိုင်ပါပြီ။ သိကြားမင်းက ခွေးရေ ပုရေပိုဒ်မှာ မှတ်ခြင်း မမှတ်ခြင်းကို ယုံကြည်သက်ဝင်မှု ရှိ၊ မရှိဆိုတာထက် ရှေ့က အဘိုးအဘွားတို့ လက်ဆင့်ကမ်းလာတဲ့ ဓလေ့တခုကို ကျမ ဆက်ပြီး ထိန်းသိမ်းချင်ပါတယ်။ ဒီနှစ်တော့ ကျမကိုယ်တိုင် အတာပန်းအိုးနဲ့ သင်္ကြန်ကို ကြိုလိုက်ပါဦးမယ်။

**မျက်ရှု**

ဧပြီ ၂ ရက်၊ ၂၀၁၁ ခုနှစ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)