(၁)
တစ်ခါက တင်းနစ်သင်တန်းတစ်ခုတွင် ဆရာက ....
“ တကယ်လို့ ဘောလုံးဟာ မြက်တောထဲ ရောက်သွားတယ် ဆိုပါစို့။ ဘယ်လို ရှာကြမလဲ”
“ မြက်ခင်းရဲ့ အလယ်ကနေ စရှာပါမယ်”
“ မြက်တွေ ချိုင့်ဝင်နေတဲ့ နေရာကနေ စရှာပါမယ်”
“မြက်ပင်အရှည်ဆုံး နေရာကနေ စရှာပါမယ်”
ဆရာ “ အဖြေမှန်က မြက်ခင်းရဲ့ အစကနေ အဆုံးအထိရှာရမယ်”
အောင်မြင်ဖို့ လမ်းစကို ရှာဖို့ရာ မခက်ခဲပါဘူး။ တစ်ကနေ တဆယ်ကို မကျော်ဘဲ ရေကြည့်ဖို့ပဲ လိုပါတယ်။ (ဆိုလိုတာက အောက်ခြေသိမ်းကနေ အထက်အထိဖြေးဖြေးမှန်မှန် ကြိုးစားဖို့ပါပဲ)။
(၂)

တစ်ခါက လူတစ်ဦးသည် သားအား သူ၏ မွေးမြူရေးခြံတွင် အလုပ်လုပ်စေသည်။ သားမှာ နေ့တိုင်း ပင်ပင်ပန်းပန်းနှင့် အလုပ်လုပ်ရသည်။ သူ၏ မိတ်ဆွေများတွေ့သော် “ကိုယ့်သားကို ဘာလို့ ဒီလောက် ခိုင်းရတာလဲ..သူ့ကို မခိုင်းဘဲ အကောင်တွေ ဒီအတိုင်းလွတ်ထားရင်လဲ ကြီးလာတတ်တာပဲ”
“ကျွန်တော်က ဒီအကောင်တွေ ကြီးပြင်းဖို့ ပြုစုနေတာ မဟုတ်ဘူး။ ကျွန်တော့်သား ကြီးပြင်းဖို့ ပြုစုပျိုးထောင်ပေးနေတာပါ”
ကလေးတွေကို ပြုစုပျိုးထောင်ရတာ လွယ်ပါတယ်။ သူ့ကို အပင်ပန်း နည်းနည်း ပေးခံလိုက်ရုံပါပဲ။

(၃)
တစ်ခါက လူတစ်ယောက်သည် စက်ဘီးပြင်ဆိုင် တစ်ခုတွင် အလုပ်သင်အဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ တစ်နေ့တွင် လူတစ်ယောက် စက်ဘီးလာပြင်သည်။ သူသည် စက်ဘီးကို ပြင်ပေးရုံမက စက်ဘီးကို တောက်ပြောင်အောင် တိုက်ချွတ် ပေးလိုက်သည်။ လုပ်ဖော် ကိုင်ဖက်များတွေ့သော် သူ့အား တုံးအသည်ဟု ဆိုကာ လှောင်ရယ်ကြသည်။ နောက်တစ်နေ့တွင် သူ့အား စက်ဘီးပိုင်ရှင်က သူ့ကုမ္ပဏီတွင် အလုပ်ခန့်လိုက်သည်။
တခြားလူထက် ထူးချွန်ဖို့ရာ မခက်ခဲပါဘူး။ အလုပ်ကို လေးစားဖို့ပဲ လိုပါတယ်။
(၄)
တစ်ခါက လယ်ကွင်းထဲတွင် ရှိသော ဖားတစ်ကောင်သည် လမ်းဘေးရေစပ်တွင် နေသော ဖားတစ်ကောင်အား“ ဒီမှာနေရတာ အန္တရာယ်များလွန်းတယ်။ လယ်ကွင်းထဲ လိုက်နေပါလား”
“နေရာပြောင်းရွေ့ရမှာ ပျင်းတယ်။ ဒီမှာနေရတာ အကျင့်ဖြစ်နေပြီ”
အချိန်ကြာသော် လယ်ကွင်းရှိဖားက လမ်းဘေးရေစပ်နေ ဖားထံ ရောက်လာပြန်သည်။ သို့သော် ထိုဖားမှာ လမ်းပေါ်တွင် ကားတိုက် သေဆုံးနေသည်ကို တွေ့ရသည်။
ဘ၀ရဲ့ နေထိုင်မှု အရွေ့အပြောင်းကို လုပ်ဖို့ရာ မခက်ခဲပါဘူး။ မပျင်းရိဖို့ပဲ လိုပါတယ်။
(၅)
တစ်ခါက ရွှေရှာသော အဖွဲ့သည် သဲကန္တာရတစ်ခုကို ကျော်ဖြတ်လေသည်။ လူတိုင်းမှာ မောပန်းပြီး ခြေလှမ်းများလည်း လေးသွဲ့နေသည်။ သို့သော် လူတစ်ယောက်မှာ ပင်ပန်းဟန် မပြဘဲ ဖြေးဖြေးမှန်မှန် လျောက်လို့နေသည်။ လူအများက....
“ ခင်ဗျားကြည့်ရတာ မောပန်းပုံမပြဘူး ဘာလို့လဲ” ဟုမေးကြသည်။
ထိုလူမှာ ပြုံးလျှက် “ ကျွန်တော်ကိုယ်ပေါ်မှာ ပါတဲ့အရာတွေ မများလို့ပါ”
လူ့ဘ၀မှာ ပျော်ဖို့ဆိုတာ မခက်ခဲပါဘူး။ အတ္တ နည်းပြီး ရှိတာလေးနဲ့ ဆန္ဒပြည့် နေဖို့ပါပဲ လိုပါတယ်။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment