တခါက ဘုရားသခင်သည် ကုလားအုတ် တကောင်ကို ဖန်ဆင်းလိုက်သည်။ ထိုနောက် ကုလားအုတ်အား “ အသင်သည် မိုးလင်းမှ မိုးချုပ်အထိ အလုပ်လုပ်ရမည်။ လေးလံသော ပစ္စည်းများကို ထမ်းပိုးရမည်။ မြက်သာစားပြီး အသိဥာဏ် နည်းသောသူ ဖြစ်ရမည်။ အသင့်အား နှစ်(၅၀) အသက်ရှင်ခွင့်ပေးမည်။ သင့်နာမည်မှာ ကုလားအုတ်ဖြစ်သည်” ဟုမှာကြားလေသည်။ ကုလားအုတ်က “ အနှစ်(၅၀) ဆိုသည်မှာ အကျွန်ုပ် အတွက် ရှည်ကြာလွန်း သည်။ အကျွန်ုပ်အား အသက်(၂၀)သာ ရှင်ခွင့်ပြုပါ” ဟု တောင်းဆိုခဲ့သည်။

တဖန် ဘုရားသခင်သည် ခွေးတကောင်ကို ဖန်ဆင်းပြန်သည်။ “အသင်သည် လူတို့၏ အိမ်များကို ကြည့်ရှု စောင့်ရှောက်ရမည်။ လူသားများ အပေါ် သစ္စာရှိရမည်။ အသင်အား လူတို့ကျွေးသော အစာသာစားရမည်။ သင့်အား (၂၅)နှစ် အသက်ရှင်ခွင့်ပေးမည်။ သင်၏နာမည်မှာ ခွေးဖြစ်သည်။” “ (၂၅)နှစ် ဆိုသည်မှာ အကျွန်ုပ်အတွက် ရှည်ကြာ လွန်းသည်။ (၁၀)နှစ်သာ ရှင်ခွင့်ပြုပါ” ဘုရားသခင်က ခွင့်ပြုလိုက်ပြန်သည်။

ထိုနောက် ဘုရားသခင်သည် မျောက်တကောင်ကို ဖန်ဆင်းပြန်သည်။ “အသင်သည် သစ်ပင်ပေါ်တက်ပြီး ဟိုကူးဒီခုန် နေရမည်။ အငြိမ်မနေရ။ လူသားများ စိတ်ပျော်အောင် စနောက်နေရမည်။ သင်၏ အသက်ရှင်ခွင့်မှာ (၂၀)နှစ်ဖြစ်ပြီး နာမည်မှာ မျောက်ဖြစ်သည်။” “ (၂၀)နှစ် ဆိုသည်မှာ အကျွန်ုပ်အတွက် ရှည်ကြာလွန်းသည်။(၁၀) နှစ်သာ ရှင်ခွင့် ပြုပါဘုရားသခင် ” ဘုရားသခင်က သဘောတူ ခွင့်ပြုလိုက်သည်။
ဘုရားသခင်သည် လူသားကို ဖန်ဆင်းပြန်သည်။“အသင်သည် လောကကြီး တွင် အသိဥာဏ် အရှိဆုံးဖြစ်သည်။ အသိဥာဏ်ကို အသုံးပြုပြီး အခြားသတ္တ၀ါ များအား ထိန်းချုပ်နိုင်ရမည်။ သင်အား နှစ်(၂၀)အသက်ရှင်ခွင့် ပြုလိုက်မည်။ သင့်နာမည်မှာ လူသားဖြစ်သည်။”

“ အကျွန်ုပ်မှာ အသိဥာဏ်ရှိသော လူသား ဖြစ်သောကြောင့် အနှစ် (၂၀) ဆို သည်မှာ တိုတောင်းလွန်းသည်။ ကုလားအုတ်က မယူသော အနှစ်(၃၀)၊ ခွေး က မယူသော (၁၅) နှစ်နှင့် မျောက်က မယူသော (၁၀) နှစ်ကို အကျွန်ုပ်အား ပေးကမ်းပါ ဘုရား” ဘုရားသခင်က လူသား၏ ဆန္ဒအတိုင်း ခွင့်ပြုလိုက်ပြန်သည်။
ထိုအချိန်မှစ၍ လူသည် အနှစ်(၂၀)လုံးလုံး လူ့ဘ၀ အတိုင်း အပူအပင်ကင်းစွာ ဖြတ်ကျော်ခဲ့သည်။ ထိုနောက် အိမ်ထောင်ပြုကာ ကုလားအုတ်ကဲ့သို့ ၀န်ထုတ် ၀န်ပိုးများ ထမ်းပိုးပြီး နေ့ညမအား အလုပ်ကို ပင်ပန်းစွာ လုပ်ကိုင်ရင်း အနှစ်(၃၀) ဖြတ်သန်းခဲ့ ကြရသည်။
အသက်ကြီးပြီး အိုမင်းလာသော် သား သမီးများက အသီးသီး ခွဲထွက်ပြီး အလုပ် ထွက်လုပ် ကုန်ကြသောကြောင့် ခွေးဆီက ယူထားသော (၁၅)နှစ်ကို နေအိမ်ကြည့်ရှု စောင့်ရှောက်ရင်းဖြင့် ကုန်လွန်စေပြန်သည်။ ထိုနောက် မျောက်ဆီက ယူထားသော (၁၀)နှစ်မှာ အငြိမ်မနေရဘဲ သားသမီးများမှ ရလာသော မြေးများကို ထိန်းကျောင်းရင်း အချိန်ကုန်စေပြန်သည်။
(ကန်တော့....ကန်တော့...ကန်တော့ မိဘများကို ထို သတ္တ၀ါများနှင့် ခိုင်းနိုင်းထားခြင်း မဟုတ်ပါ။ မိဘမေတ္တာ ကြီးမားပုံကို ပိုမိုပေါ်လွင်စေရန်နှင့် မိဘများ၏ သားသမီးအပေါ် ထားရှိသော အနစ်နာခံ မှုများကို သိသာစေရန် ရေးသားထားခြင်းသာ ဖြစ်သည်။)
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment