တစ်ခါက အလွယ်တကူ စိတ်ဆိုး၊ စိတ်တို၊ ဒေါသထွက်လွယ်သော လူတစ်ဦးရှိသည်။ သူ့ဖခင်က သူအား သံချောင်းတစ်အိတ်ပေးပြီး စိတ်တို ဒေါသထွက်တိုင်း သံချောင်း တစ်ချောင်းကို အိမ်နောက်ဖေး ခြံစည်းရိုးတွင် ရိုက်စေသည်။ ပထမတစ်ရက်တွင်ပင် သံချောင်း ၃၇ ချောင်းကို ခြံစည်းရိုးတွင် သူရိုက်ထည့်မိသည်။
နောက်ပိုင်းတွင် ရိုက်ထည့်မိသော သံချောင်း အရေအတွက်မှာ တဖြေးဖြေး နည်းလာခဲ့သည်။ မိမိဒေါသကို ထိန်းချုပ်ခြင်းက သံချောင်း ရိုက်ထည့်တာထက်ပင် လွယ်ကူကြောင်း တဖြေးဖြေး သူသိလာခဲ့သည်။ နောက်ဆုံးတွင် မိမိဒေါသစိတ်ကို ထိန်းချုပ်နိုင်ပြီး အလွယ်တကူဒေါသ မထွက်တော့ကြောင်း ဖခင်အား ပြောလေသည်။
ဖခင်မှာ မိမိစိတ်ကို ထိန်းချုပ်နိုင်ပြီဟု ထင်တိုင်း ခြံစည်းရိုးပေါ်ရှိ ရိုက်ထားသော သံချောင်းတစ်ချောင်းအား ပြန် နုတ်စေသည်။ အချိန်တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားသည်။ သူသည် ခြံစည်းရိုးပေါ်ရှိ သံချောင်းများအား ပြန်နုတ်ပြီ ဖြစ်ကြောင်း ဖခင်အားပြောလေသည်။ ဖခင်မှာ သူ့လက်ကိုဆွဲပြီး နောက်ဖေးသို့ ခေါ်သွားသည်။

“သားတော်တယ်... သားလုပ်တာ ကောင်းတယ်။ ဒါပေမဲ့ သံချောင်းတစ်ချောင်း နုတ်ပြီးတိုင်း သံချောင်းရာတွေ ကျန်ရစ်ခဲ့တယ်။ ဒီခြံစည်းရိုးဟာ ဘယ်တော့မှ နဂိုအတိုင်း အကောင်းပြန်ဖြစ်လာမှာ မဟုတ်တော့ဘူး။
သံချောင်းရာတွေနဲ့ ကျန်ခဲ့တော့မှာ။ သားစိတ်ဆိုးတိုင်း ဒေါသထွက်တိုင်း ပြောလိုက်တဲ့ စကား၊ လုပ်လိုက်တဲ့ အရာတွေဟာ သံချောင်းရိုက်လို့ ကျန်ခဲ့တဲ့ အရာတွေလိုပဲ။ တစ်ပါးသူရဲ့ စိတ်ထဲမှာ သံမှိုစွဲသလို တစ်သက်လုံး ကျန်နေခဲ့တတ်တယ်။ တောင်းပန်စကားတွေ ဘယ်လိုဆိုဆို အနာက အမာရွတ်အဖြင့် ကျန်နေခဲ့တတ်တယ်” ဟုပြောသည်။
လူလူခြင်း ဆက်ဆံရာတွင် တစ်ခါတရံ ဒေါသစိတ်ကြောင့် အမှားကို ၀န်မခံတတ်ကြဘဲ တစ်ဖက်သားကို အလွယ်တကူ စိတ်အနာတရ ဖြစ်အောင် လုပ်မိတတ်ကြသည်။ ကိုယ့်ကိုယ်တိုင်က အရာရာတိုင်းကို သည်းခံခြင်းဖြင့် စတင်ခဲ့လျှင် ကိုယ်မမျှော်လင့် ထားသော ရလဒ်များကို ရနိုင်မှာ မလွဲမသွေဖြစ်သည်။ သူတစ်ပါးအတွက် ပြုတင်းတစ်ချပ် ဖွင့်ပေးလိုက်ခြင်းသည် အပြောကျယ်ပြီး လှပသော ကောင်းကင်ကို ကိုယ်တိုင်တွေ့မြင် ခံစားရသည်နှင့် အတူတူပင်ဖြစ်သည်။
ရေးသားသူ... နိုင်းနိုင်းစနေ

No comments:
Post a Comment