**လွတ်ကျလာတဲ့ နွေရာသီထဲမှာ
အိုအေစစ် ပွဲတော်တစ်ခု ပါလာတယ်
မြင်တတ်ရင် မြင်နိုင်သလို ခံစားတတ်ရင် ခံစားလို့ ရတဲ့
ယဉ်ကျေးမှု လှလှလေးလည်း ပါတယ်
ပိတောက်တစ်ခိုင်နဲ့  ကြို ကြရမှာလား
ဒါဆို ပိတောက်ကို ကြိုဖို့ 
မိုးကို ခေါ်ကြစို့ 
**ရိုးရာ အလှတရားကို အဆိပ်ခပ်ကြသူများ
အတာရေတွေ သဘာဝတရားထက်ကျော်လွန်ပြီး အအေးဓာတ်ပိုလာတယ်
ပါဝင်ဆင်နွှဲမှုတွေ လိုအပ်တာထက် ယိုင်နဲ့ လာတယ်
ခေတ်သစ် အတွေးနဲ့  ခေတ်ပေါ် ပွဲတော်သီချင်းတွေက
သံစဉ်ပဲ မြူးတယ်
ခေတ်သစ် တီထွင်မှုတွေနဲ့  ခေတ်ပေါ်ပွဲတော် ကခုန်မှုတွေက
လှုပ်ရှားနေတာပဲ ရှိတယ်

အယ်လ်ကိုးဟောတွေ ရောင်းအားတက်တဲ့ ကာလမှာ
ခေတ်လူတွေက ပွဲတော်ဆိုတာ ဒါလေးပါမှတဲ့
နားဝင်ကြမ်းတဲ့ စကားလုံးတွေ.. မျက်လုံးနဲ့ မကြည့်ဝံ့တဲ့ အပြုအမူတွေ...။
**` ရင်ထဲကို အေးမြသွားမယ် ရေခဲရေ ....
သောက်ဦးမလား အစ်ကို ... သောက်ဦးမလား အစ်မ..´
ကမ္ဘာပြား တဲ့ ရောနှောမှုတွေနဲ့ 
ပွဲတော်ရက်ဟာ စိုးထိတ်စရာတွေ အပြည့်
မြင်တတ်ရင် မြင်နိုင်တယ် ... ခံစားတတ်ရင် ခံစားလို့ ရတယ်
**ပါဝင်မလား၊ ဆင်နွှဲမလား ၊ ဘေးကပဲ ထိုင်ကြည့်တော့မှာလား၊
သပြေတစ်ခက်နဲ့  ပွဲတော်ကို ဖြတ်သန်းချင်တာတော့အမှန်ပဲ
ပိတောက်ရနံ့ တွေ ပွဲတော်တစ်ခုလုံးကို ဖုံးလွှမ်းစေချင်တာတော့ အမှန်ပဲ
မြို့ မငြိမ်း ကြီးကို ပွဲတော်ရက်မှာ ခေါ်ထားချင်တာတော့ အမှန်ပဲ
ဇော်ဝမ်းကို ပွဲတော်သီချင်း တွေ ဆိုခိုင်းချင်တာတော့အမှန်ပဲ
မြန်မာမြေတစ်ခုလုံး ရွှေအဆင်းနဲ့  ၀င်းမယ့် အချိန်မှာ
မေတ္တာရေနဲ့  ထပ်လောင်း ဖြည့်ပေးချင်ရုံ စေတနာနဲ့ 
အတာရေကို သဘာဝထဲမှာပဲ ထားလိုက်စေချင်တယ် ။ ။
** မိုးအိမ်လူ**

No comments:
Post a Comment