**Public Health**
စာကြည့်၊ စာကျက်၊စာဖတ် များတဲ့ သူတွေမှာ မျက်လုံး မျက်ခုံးတွေ ကိုက်ခဲတဲ့ ဝေဒနာ ရတတ် ပါတယ်။ နာရီဝက် တစ်နာရီလောက် စာကြည့် လိုက်ရင် ကိုက်လာတဲ့ မျက်လုံးကြောင့် နားထင် ကြောတွေ ဇက်ကြောတွေ ပါကိုက်လာလို့ ဆက်ပြီး မကြည့်နိုင်တော့ပါဘူး . . .။ အာရုံမစိုက်နိုင်တော့ပါဘူး။ ကွန်ပျူတာ ကြည့်တဲ့သူဆိုရင်တော့ ပိုဆိုးတာပေါ့။ ကွန်ပျူတာက ထွက်လာတဲ့ အလင်းတန်း တွေက မျက်စေ့ အမြင်အာရုံကြောတွေကို ပိုပြီး ထိခိုက်စေတယ်လို့ ပညာရှင်တွေက ပြောခဲ့ကြတာပါ။ ကွန်ပျူတာဂိမ်းကစားတဲ့ ကလေးငယ်လေး တွေမှာလည်း မျက်စေ့ အမြင်အာရုံ ထိခိုက်မှုတွေ ရှိတာကြောင့် ဆရာဝန်ကြီးတွေနဲ့ ပြပြီးကုသရတာတွေ ရှိခဲ့တာ ကြားသိရဖူးပါတယ်။
စာရေးသူရဲ့သမီးငယ်တစ်ယောက် များကွန်ပျူတာတက္ကသိုလ်တက်ခွင့်ရပြီး မှ မျက်စိ ပြဿနာကြောင့် ထွက်လိုက်ရ ပြီး အဝေးသင်စီးပွားရေးသို့ ပြောင်းလိုက် ရပါတယ်။သမီးရဲ့သူငယ်ချင်း ကွန်ပျူတာ ကျောင်းသူတစ်ဦးလည်း မျက်လုံးအိမ်နဲ့ မျက်ရိုးကိုက်တဲ့ ဝေဒနာ အတော်ခံစားနေရ တာကြောင့် စာရေးသူကိုယ်တိုင် မျက်စိ ဆရာဝန်ကြီးတစ်ဦးထံပြသပြီး စမ်းသပ်ကာ မျက်မှန် တပ်ပေးလိုက်ရပါတယ်။ သူတို့နှစ်ဦးလုံး မျက်မှန်တပ်ချင်လို့ တပ်နေရသူများ မဟုတ်ကြပါ။ ချွတ်လိုက် တပ်လိုက်နဲ့ အလုပ်ရှုပ် နေကြပါတယ်။ လှချင်တဲ့ သမီးတစ်ဦးက မျက်ကပ်မှန်ပဲ တပ်ချင်တယ်ဆိုလာတာကြောင့်နာမည်ကြီး မျက်မှန် ဆိုင်ကြီးတစ်ဆိုင်ကို လိုက် ပို့ပြီး မျက်ကပ်မှန် လုပ်ပေးလိုက် ရပါတယ်။ ဒါပေမယ့် မျက်ကပ်မှန်ရဲ့ ပြဿနာက အကျင့်မရသေးခင် အထည့်ရခက်သလို၊ ဆေးရည်နဲ့ဆေးကြောရတာတွေ၊ မကြာ ခဏ ထွက်ကျတာတွေ၊ တစ်ခါတစ်ရံ ၀မ်းနည်းလို့ ငိုပြန် တော့လည်း မျက်ကပ် မှန်ထွက်ကျပြန် ပါတယ်။ မျက်ကပ်မှန် တပ်ရာမှာကတော့အဲဒီလို ပြဿနာတွေ ကများစွာ ကြုံတွေ့ရတတ်ပါတယ်။
အဲဒီလိုနေလာရာက တစ်ရက်မှာကတော့ သမီးအိပ်ယာထချိန် သူ့မျက်စိ ထောင့်နှစ်ဖက်မှာရှေးက တစ်မတ်စေ့ခန့် အရွက်စိမ်းစိမ်း နှစ်ခုကပ်ထားတာကို တွေ့ရတာကြောင့် မေးကြည့်ရာ ကွမ်းရွက် ကပ်ထားကြောင်းပြောပါတယ်။ ဖြစ်ပုံကဒီလိုပါ။သမီးရဲ့ သူငယ်ချင်း ကွန်ပျူတာ ကျောင်းသူကသူ့မွေးဇာတိ မြို့ပြန်သွားပြီးတဲ့ နောက်သူ့ မျက်စိအကြောင်း အဖွားဖြစ်ကို ပြောပြပါတယ်။အဖွားဖြစ်သူ က “သမီးမျက်စိထဲမှာ အခိုးတွေငုတ်နေ တာဖြစ်မယ်။ အခုခေတ် ကျောင်းသူတွေ ကခေါင်းလျှော်ရဲတယ်။ ဆံပင်ညှပ်ဆိုင်တွေ သွားရင်ခေါင်းလျှော်ရင် အကြာကြီး လျှော်တယ်။ ခေါင်းအအေးပတ်ရာကနေ မျက်စိထဲမှာ အခိုးငုတ်ပြီး ကြည့်ရတာေ၀၀ါး လာတယ်၊အာရုံစိုက်မရဖြစ်တယ်...။ ကြာကြာ ကြည့်တော့ မျက်လုံးတွေ မျက်ရိုး တွေကိုက်လာရော”လို့ပြောပါတယ်။ သူ့ အဖွားက မျက်လုံးထောင့်နှစ်ခုမှာ ကွမ်းရွက် ကပ်နည်းကို ပြပေးပါတယ်။ ကွမ်းရွက်က မျက်စိထဲက ငုတ်နေတဲ့ အခိုးတွေကို စုပ်ယူ စေတဲ့နည်းပါ . . . ။
“ကွမ်းရွက်ကပ်တဲ့ အခါမှာ မျက်စိ အတွင်းထောင့်ရှိ မျက်ရည်အိတ်နေရာ လက်နဲ့ စမ်းကြည့်ရင် အဖုလေးရှိတဲ့ နေရာမှာ ကပ်မှ မျက်စိထဲက အခိုး တွေကို စုပ်ယူသွားနိုင်မယ်”လို့ပြောပါတယ်။အချို့မှာ ကွမ်းရွက်ကို ပြားစေ့ခန့် အ၀ိုင်းငယ် ကလေးစုတ်ဖဲ့ယူပြီးမျက်စိထောင့်နှစ်ဖက် စလုံးတွင်ကပ်ကြပါတယ်။မျက်စိအတွင်း အပြင် ထောင့်များမှာ ကပ်လျှင်မျက်လုံးနှစ်လုံးအတွက် ကွမ်းရွက် အ၀ိုင်းငယ်လေးခု ဆုတ်ဖဲ့ယူထားရမှာ ဖြစ်ပါတယ်။ကွမ်းရွက် အရွက်က ကြီးတယ်ဆိုရင် တစ်ရွက်ထဲနဲ့ အ၀ိုင်းငယ် လေးခု ရနိုင်ပါတယ်။ အခြားနည်းတစ်ခုက ကွမ်းရွက်တစ် ရွက်ကို မျက်စိအရွယ်ခန့် အ၀ိုင်းပေါက် ဖောက်ပြီး မျက်စိတစ်ခုလုံးကို အုပ်ပြီးကပ် နည်းဖြစ်ပါတယ်။ မျက်စိနှစ်လုံး အတွက် ကွမ်းရွက် နှစ်ရွက် လိုအပ်မှာဖြစ်ပါတယ်။
ကျွန်တော့်သမီးနဲ့ သူငယ်ချင်း ကွန်ပျူတာကျောင်းသူလေးတို့မှာ ကွမ်း ရွက်ကိုညအိပ်ယာဝင်တိုင်း မှန်မှန်ကပ်ကြ ပါတယ်။ ကွမ်းရွက်ကို အ၀ိုင်း ငယ်လေး ဆုတ်ဖဲ့ယူပြီး ပြောင်ချောသောဖက်မှ ရေ ဆွတ်ပြီး မျက်စိအတွင်းထောင့်မှာ ကပ် ထားလိုက်ရုံသာ ဖြစ်ပါတယ်။ကွာမကျပါ။ ကပ်စကအတွင်းကအပူများ စုတ်ယူနေသလို ခံစားရပြီး မနက်မလင်းမီ ကွမ်းရွက် ကခြောက်သွေ့ပြီးကွာကျသွားပါလိမ့်မယ်။ တစ်ပတ်၊ဆယ်ရက်ခန့် ကြာတဲ့အခါမှာ စုတ်ယူတဲ့ အပူနည်းပြီးကွမ်းရွက်မခြောက် တော့ပါ။ အဲဒီနောက်ပိုင်း မနက်အိပ်ယာ ထတဲ့အထိ အစိုအတိုင်း ကပ်နေတာလို့ ပြောပြပါတယ်။ ကွမ်းရွက်ကပ်ခြင်းကြောင့် တစ်နေ့ တစ်ခြားမျက်လုံးအိမ်အတွင်းမှကိုက်ခြင်း၊ မျက်ရိုး ကိုက်ခြင်းတွေသက်သာလာ တယ်လို့ပြောကြပါတယ်။ ကွမ်းရွက်ဟာ အခိုးစုပ်ယူနိုင်တဲ့ သတ်္တိရှိရုံသာ မက မြန်မာတို့ကအနာ၊သွေးစုနာ၊မွေးကျွတ်နာ စတဲ့ အနာပေါက်များမှာလည်း ကွမ်းရွက် ကပ်လေ့ ရှိကြောင်း တွေ့ရပါတယ်။ ပြည်မပေါက်သော အနာကို ကွမ်းရွက်ကပ် ပေးပါက အမြန်ပေါက်လွယ်ပါတယ်။
၁၉၈၈ ခုနှစ်ခန့်က မဂ္ဂဇင်းတစ် စောင်တွင် ယ္ခု ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာကြီးသာဂဒိုးက“ကွမ်းရွက်ကပ်နည်း အလကားရစေသတည်း”ဟူသောခေါင်းစဉ်နဲ့ ဆောင်းပါးရေးဘူးတာကို ဖတ်ရဖူး ပါတယ်။ အဲဒီဆောင်ပါးမှာ ဆရာကြီးက မျက်မှန်ဒီဂရီတွေ တိုးတိုးလာတာကြောင့် အရစ်များထနေတဲ့ မျက်မှန်အထူကြီး တပ်နေရာမှ ကွမ်းရွက် ကပ်နည်းကိုသိရ တာကြောင့်ကပ်ကြည့်ရာ တစ်ပတ်ခန့် အကြာမှာ မျက်လုံးကိုက်လာပါတယ်။ အဲ့ဒီနောက်မျက်စိ ဒီဂရီသွားချိန်ကြည့်ရာ မျက်မှန်ဒီဂရီလျော့သွားပြီး မျက်မှန်လဲ လိုက်ရ ကြောင်း၊ ဆက်၍ကပ်သွားရာ နောက်ဆုံး မျက်မှန်လွတ်သွားကြောင်း ရေးသာထားပြီး မျက်မှန်မပါတော့သော ဆရာကြီးကို သူ့ချစ်ဇနီးက ခပ်တမ်းတမ်း ဖြစ်သွားသောကြောင့်မေးကြည့်ရာ “ တစ်သက်လုံးက မျက်မှန်နဲ့ ယောက်ျားက အခု ကွမ်းရွက်ကပ်ပြီး မျက်မှန်ဖြုတ် သွားတော့ သူ့မျက်နှာကြီး ကြည့်ရတာ အရင်ကျွန်မ ယောက်ျားမဟုတ်တော့ သလိုပဲ”ဟုဟာသ ဆန်ဆန် ရေးထားတာကို ဖတ်ရဖူးပါတယ်။
ကွမ်းရွက်ရဲ့ ဆေးအသုံးဝင်ပုံကို လေ့လာကြည့်တဲ့အခါမြန်မာဆေးဝါးပင် များစာအုပ်တွင် . . .
၁။မျိုးရင်း။ ။ Piperaceae (ငြုပ်ကောင်းမျိုးရင်း)
၂။ရုက္ဓဗေဒအမည်။ ။ PiperbetleLinn
၃။ အခေါ်အဝေါ်
(က) မြန်မာအမည် - ကွမ်း။
(ခ) အင်္ဂလိပ်အမည် - Betle Vine
(ဂ) ရှမ်းအမည် - Pu
(ဃ) ကချင်အမည် - Bu,Buru
၎။ ပုံသဏ္ဍာန် - နွယ်ပင်မျိုး ဖြစ်ပါတယ်။ ပင်စည်လုံး သေးသွယ် ပြောင်ချောပြီး အမြစ်များ ထွက်နေသော ဆစ်ဖုများ ရှိပါ တယ်၊တစ်ခါတစ်ရံ ဂလင်းများပါရှိ ပါတယ်။ မွေးသော အနံ့ရှိပြီး ကွမ်းပင်တွင် အနုစား၊ အကြမ်းစား၊ အရိုင်းစား ဆိုပြီး (၄)မျိုးခန့်ခွဲထားပါတယ်။
အရွက်ပုံသဏ္ဍန်
အပင်ကနေ ရွက်လွဲထွက်ပါတယ်။ နှလုံးပုံသဏ္ဍန်ရှိပြီး ရွက်ထိပ်ချွှန်ပါတယ်။ ရွက်ရင်းရှိ အ၀ိုက်များ ညီညာကာ အရွက် အပေါ် မျက်နှာပြင် ပြောင်ချော နေပါတယ်။ ရွက်ကြော ထင်ရှားပြီး ရွက်နားညီပါတယ်။ ရွက်ညှာရှည်ပြီး အလယ်မှာ မြောင်းပါရှိ ပါတယ်။
အပွင့်ပုံသဏ္ဍန်
ပန်းပွင့်ကတော့ အလွန်သေးငယ် ပါတယ်။ အဖို၊အမ သီးသန့်ရှိပါတယ်။ ပန်းခိုင်များဟာ အရွက်နဲ့ မျက်နှာချင်းဆိုင် ထွက်ပါတယ်။ အဖိုပန်းခိုင်က ပို၍ သေး ပါတယ်။
အသီးပုံသံသဏ္ဍန်
အညှာတံတစ်ခုမှာ ပိတ်ချင်းသီး ကဲ့သို့ စုပေါင်းကာ သီးပြီး ရှည်မျောမျောပုံ သဏ္ဍာန်ရှိပါတယ်။
၅။ပေါက်ရောက်ရာဒေသ။ ။မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စိုက်ပျိုးပေါက် ရောက်ပါတယ်။
၆။ ပေါက်ရောက်ပုံ ။ ။စိုက်ပျိုးပင်ဖြစ် ပါတယ်။
၇။အသုံးပြုသောအစိတ်အပိုင်း။ ။အရွက်။
၈။ အာနိသင်။ ။မြန်မာ့ဆေးကျမ်း များအလိုအရကွမ်းရွက်ဟာ ဖန်၊ ခါး၊ ပူ၊ စပ်သော အရသာရှိပြီး နှုတ်ကို မြိန်စေတယ် လို့ဆိုပါတယ်။ သလိပ်ကို ကြေစေပြီးလေ ကိုနိုင်တယ်။ ထက်မြက်တယ်။ အားကို တိုးစေတယ်။ အဆိပ်ကို ပယ်တတ်တယ်။ ၀မ်းမီးကို တောက်စေတယ်။ ကာမကို အားပေးတယ်။ နှလုံးကို အကျိုးပြုတယ်။ နှလုံး၊ ချောင်းဆိုးစတဲ့ ရောဂါတွေကို ပျောက်ကင်းစေပါတယ်။
၉။ အသုံးပြုပုံ။
အရွက်
(၁)ကွမ်းရွက် ညှစ်ရည်ကို ပျားရည်နဲ့ တိုက်ပေးပါက ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ၀မ်းသွားခြင်း၊ ဖျားနာ ခြင်းများ ပျောက်ပါတယ်။
(၂) ကွမ်းရွက်ညှစ်ရည်ကိုနွားနို့နဲ့ သောက်ပါက၊ မီးယပ်ကြောင့်ဖြစ်သော စိတ္တဇရောဂါပျောက်ကင်းပါတယ်။
(၃)ကွမ်းရက်ညှစ်ရည်ကို ဂျင်း ပြုတ် ရည်နှင့်သိန္ဓောဆားအနည်းငယ်ထည့် သောက်က ပန်းနာရင်ကြပ် ရင်အောင့် ရင်ကယ်၊ ကြက်ညှာချောင်းဆိုး ရောဂါများ ပျောက်ကင်းပါတယ်။
(၄)ကွမ်းရွက်ညှစ်ရည်အားမျက်စဉ်း ခတ်ပေးခြင်းဖြင့်ကြည်မျက်သင့်နာ၊မျက်စိ နာ၊ မျက်စိရောင်ခြင်း၊ ကိုက်ခြင်း စတဲ့ မျက်စိနဲ့ ဆိုင်တဲ့ ရောဂါများ ပျောက်ကင်း ပါတယ်။
(၅) ကွမ်းရွက်ကို နနွင်းနဲ့ကျိုးပြီး ဆားအနည်းငယ် ခတ်သောက်ပါက ဖျားနာ ရောဂါပျောက်ကင်းပါတယ်။
(၆)ကွမ်းရွက်ကို မီးကင်ပြီး ကလေးများ ငယ်ထိပ်တွင် အုန်းဆီနှင့် ဆွတ်ကာကပ်ပေးထား ပါက နှာစေး ရောဂါ ပျောက်ကင်းပါတယ်။
(၇) ကွမ်းရွက်ကို ထန်းလျက်၊ ဂျင်း၊ ဆားထည်ပြီး ပြုတ်သောက်သော် အပူလွန် ပြီးဖျားသော အဖျားရောဂါ ပျောက်ကင်းပါ တယ်။
**ကြည်လွင်မြင့် (မုခြာ)**
**Slip Knot**

No comments:
Post a Comment