(Japan sets no-entry zone around Fukushima plant
Resident's car waits at a checkpoint in Minamisoma, Fukushima Prefecture, on April 21, 2011, as they evacuate an area near the crippled Fukushima Daiichi nuclear power plant to Yamagata Prefecture. Japan's central government announced the same day it will enforce a no-entry zone of a 20-kilometer radius from the plant, effective at midnight. (Kyodo) )
**ဖူကူရှီးမားဒိုင်အိချိညူစက်ရုံပတ်ဝန်းကျင်ဒေသကို မဖြတ်သန်းရဇုန်အဖြစ် ဂျပန်အစိုးရ ကြေညာ **
(တိုကျို၊ ဧပြီလ ၂၁ ရက်)
ရေဒီယိုသတ္တိကြွဓာတ်ရောင်ခြည်များ ထွက်ပေါ်နေသည့် ဖူကူရှီးမားညူကလီးယားဓာတ်အားပေးစက်ရုံ၏ ၁၂ မိုင်ပတ်လည်ဒေသကို မဖြတ်သန်းရဇုန်အဖြစ် ဂျပန်အစိုးရက ဧပြီလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ မဖြတ်သန်းရဇုန်အတွင်းဝင်ရောက်သွားလာခြင်းမပြုရန် ဒေသခံများကို ဂျပန်အစိုးရက တိုက်တွန်းခဲ့ပြီး အမိန့်အာဏာကို ချိုးဖောက်သူများသည် ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် ဖမ်းဆီးချုပ်နှောင်ခြင်းတို့နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။ (အင်တာနက်)

** အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံထိပ်တန်း တာဝန်ရှိသူများနှင့် တွေ့ဆုံ **
(ပေကျင်း၊ ဧပြီလ ၂၁ ရက်)
တရုတ်နိုင်ငံ ပေကျင်းမြို့တော်သို့ ရောက်ရှိနေသော လွှတ်တော်အမတ် ဟယ်ရီရိဒ်ဦးဆောင်သည့် အမေရိကန်အထက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်တာဝန်ရှိသူများနှင့် ယနေ့ တွေ့ဆုံကာ နှစ်နိုင်ငံအကြား စီးပွားရေးပြဿနာများနှင့် လူ့အခွင့်အရေးဆိုင်ရာတို့ကို ဆွေးနွေးခဲ့ကြသည်။ (အင်တာနက်)
** ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့သင်္ဘောနစ်မြုပ် နှစ်ဦးသေဆုံးပြီး ၅၀ ဦးနီးပါး ပျောက်ဆုံး **
(ဒါကာ၊ ဧပြီလ ၂၁ ရက်)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ အရှေ့မြောက်ဘက်မှ ၁၀၉ ကီလိုမီတာကွာဝေးသော ဘရာမန်ဘာရီယာခရိုင် ရာဂျာပါမြို့မှ မက်ဂနာမြစ်အတွင်း ဧပြီလ ၂၁ ရက်နေ့ နံနက်စောစောပိုင်းက ကူးတို့သင်္ဘောတစ်စင်းနစ်မြုပ်ရာ လူနှစ်ဦးထက်မနည်းသေဆုံး၍ ၅၀ နီးပါး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံ ရုပ်မြင်သံကြားချယ်နယ်အေအီအင်န်ဘန်ဂလာတွင် ဖော်ပြသည်။ (အင်တာနက်)
** အမေရိကန်စစ်သင်္ဘော အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှု ဆော်ဒီတစ်ဦးကို စစ်ခုံရုံးတင်စစ်ဆေးရန်
အကြံပြု **
(၀ါရှင်တန်၊ ဧပြီလ ၂၁ ရက်)
၂၀၀၀ ပြည့်နှစ်က ယူအက်စ်အက်စ်ကိုးလ်အမည်ရှိ အမေရိကန်စစ်သေင်္ဘာအား အကြမ်းဖက်တိုက်ခိုက်ခဲ့မှု၌ အဓိက မသင်္ကာသူတစ်ဦးကို ဂွမ်တာနာမိုပင်လယ်အော်ရှိ အမေရိကန်ရေတပ် အကျဉ်းစခန်း၌ တရားစီရင်စစ်ဆေးရန် စစ်ဘက်ဆိုင်ရာ ရှေ့နေတစ်ဦးက အကြံပြုလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဧပြီလ၂၁ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** မက္ကဆီကို၌ တောမီးလောင် ၊သစ်တောဟက်တာ ၂၅၀၀ ကျော်ပျက်စီး **
(မက္ကဆီကိုစီးတီး၊ ဧပြီလ ၂၁ ရက်)
မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်ရှိ ကင်တာနာရိုးပြည်နယ်ဒေသသုံးခု၌ တောမီး ငါးကြိမ်လောင်ကျွမ်းရာ သစ်တောဟက်တာ ၂၅၀၀ ကျော်ပျက်စီးခဲ့ကြောင်း သဘာဝ ၀န်းကျင်အရင်းအမြစ်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်နေ့ တွင် ပြောကြားသည်။ (အင်တာနက်)
** တောင်ကိုရီးယားကုန်သင်္ဘော ပြန်ပေးဆွဲခံရဖွယ် **
(ဆိုးလ်၊ ဧပြီလ ၂၁ ရက်)
တောင်ကိုရီးယား ကုန်သေတ္တာတင်သင်္ဘောတစ်စင်းကို ဆိုမာလီပင်လယ်ဓားပြများက ပြန်ပေးဆွဲသွားသည်ဟု ယူဆရကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီလ ၂၁ ရက်နေ့တွင် ပြောကြားသည်။ အသေးစိတ်အချက်အလက်များကို ယင်းဝန်ကြီးဌာနက ပြောကြားခြင်းမရှိသေးပေ။ (အင်တာနက်)
** အာဖဂန်နစ္စတန်နိုင်ငံ လိုဂါပြည်နယ်တွင် စစ်သွေးကြွ ၆၅ ဦးသေဆုံး **
(ပါလ်အီအလန်၊ ဧပြီလ ၂၁ ရက်)
အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း လိုဂါပြည်နယ် ဘာရာကီဘာရက်ခ်ဒေသတွင် အာဖဂန်ရဲတပ်ဖွဲ့ဝင်များနှင့် နေတိုးဦးဆောင်သောတပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၆၅ ဦးသေဆုံးကြောင်း ခရိုင်အကြီးအကဲက ဧပြီလ ၂၁ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ပူးပေါင်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ယခုနှစ်ကုန်၌ရုရှားဖွဲ့စည်းမည် **
(မော်စကို၊ ဧပြီလ ၂၁ ရက်)
ရုရှားနိုင်ငံသည် ယခုနှစ်ကုန်ပိုင်းတွင်ပူးပေါင်းလေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များကို ဖွဲ့စည်းတည်ဆောက်မည်ဖြစ်ကြောင်း ရုရှားအာကာသကာကွယ်ရေးတပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ် အိုလက်ဂ်အော့စတာပန်ကိုကကြာသပတေးနေ့တွင် ပြောကြားသည်။ (အင်တာနက်)
** ပေါက်ကွဲအား အလွန်ပြင်းသည့် ဗုံးတစ်လုံးတွေ့ရှိပြီးနောက် အရေးပေါ်အခြေအနေအတွက်အင်ဒိုနီးရှား အသင့်ပြင်ထား **
(ဂျကာတာ၊ ဧပြီလ ၂၁ ရက်)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ပြင်ရှိ ခရစ်ယာန်ဝတ်ကျောင်းတစ်ခုအနီး ဓာတ်ငွေ့ပိုက်လိုင်းအောက်၌ မြှုပ်နှံထားသော အလေးချိန် ၁၅၀ ကီလိုဂရမ်(ပေါင် ၃၃၀)ရှိသည့် ဧရာမဗုံးတစ်လုံးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဧပြီလ ၂၁ ရက်နေ့ တွင် ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** ပါလက်စတိုင်း နိုင်ငံသစ်ကို အစ္စရေးနိုင်ငံသား ထင်ရှားသူများထောက်ခံ **
(ဂျေရုဆလင်၊ ဧပြီလ ၂၁ ရက်)
အနောက်ဘက်ကမ်းဒေသ၊ ဂါဇာကမ်းမြောင်နှင့် အရှေ့ဂျေရုဆလင်တို့ပါဝင်ဖွဲ့စည်းသည့် ၁၉၆၇ ခုနှစ် နယ်နိမိတ်သတ်မှတ်ချက်ကို အခြေပြုသော ပါလက်စတိုင်းနိုင်ငံတော်ကို အစ္စရေးနိုင်ငံသား ထင်ရှားသော ပညာရှင်များနှင့် အနုပညာရှင်များက ထောက်ခံခဲ့ကြကြောင်း ဧပြီလ ၂၁ ရက်နေ့ သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** ကမ္ဘာတစ်ဝန်းလုံး၌ မှတ်တမ်းမတင်ရသေးသော ကျွန်းပေါင်း ခြောက်ရာကျော်တွေ့ရှိ **
(နယူးယောက်၊ ဧပြီလ ၂၁ ရက်)
ကမ္ဘာ့ပင်လယ်ပြင်များအတွင်းရှိ ကျွန်းသောင်ခုံများ အရေအတွက်သည် ယခင်က တွေးထင်ထားသည့် အရေအတွက်ထက် ၆၅၇ ကျွန်း ပိုမိုကြောင်း သုတေသနပညာရှင်များ၏ တစ်ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ခုကို အခြေပြု၍ ဧပြီလ ၁၉ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ သုတေသနပညာရှင်များသည် ဂြိုဟ်တုဓာတ်ပုံများ၊ ကုန်းမြေပြောင်းလဲမှုပြမြေပုံများနှင့် ရေကြောင်းပြမြေပုံများကို အသုံးပြု၍ စူးစမ်းလေ့လာခဲ့ရာ ကမ္ဘာတစ်ဝန်းလုံးရှိ ကျွန်းသောင်ခုံ ၂၁၄၉ ကျွန်းကိုသာ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်မောင်မြင့်ဆွေ **

No comments:
Post a Comment