(Jennifer Aniston)
......................................................
**Public Health**
ကတ္တီပါ ကော်ဇောနီပေါ်မှာ လျှောက်လှမ်းနေကြတဲ့ ဟော်လီးဝုဒ် မင်းသမီးတွေ ကို ဘယ်အချိန်ပဲကြည့်ကြည့် ပြောင်းလဲမသွားဘူးလို့ ထင်နေပါသလား။ သူတို့ရဲ့ အသားအရေဟာ အမြဲတမ်း ပြည့်တင်းနုပျိုနေတာပဲလို့ တွေးမိနေပါသလား။ အချိန်ကာလနဲ့ ပတ်ဝန်းကျင်ရဲ့တိုက်စားမှုဒဏ်ကြောင့် သူတို့ရဲ့ နုပျိုလှပမှုဟာလည်း အနည်းနဲ့အများတော့ ယိုယွင်းနေကြတာပဲ။ ဒါပေမဲ့ အသားအရေ တောက်ပြောင်လှပနေအောင် အမြဲပြုပြင် ထိန်းသိမ်းနေတဲ့ လျှို့ဝှက်ချက်တွေကြောင့် အများအမြင်မှာ အမြဲလိုလို ကြည့်ကောင်းနေတာပဲ။
**လျှို့ဝှက်ချက်(၁) Fillers ထိုးခြင်း **
နှုတ်ခမ်းတစ်ဝိုက် အရေးကြောင်းတွေနဲ့ ပါးပြင်ချိုင့်ကျတာတွေ ကုသဖို့ရာအတွက် Hyaluronic Acid Fillers ကို ဟော်လီဝုဒ် မင်းသမီးအများစု အသုံးပြုလေ့ရှိပါတယ်။ အခုဆိုရင် မြန်မာပြည်မှာလည်း Fillers ထိုးလို့ရနေပြီ ဖြစ်တဲ့အတွက် အနုပညာရှင်တစ်ချို့ အသုံးပြုနေတယ်လို့တောင် ကြားသိရပါတယ်။ Fillers တစ်ကြိမ်ထိုးရင် အာနိသင်က ခြောက်လအထိခံပါတယ်။
**လျှို့ဝှက်ချက်(၂) ဘိုဘောက်စ်ထိုးခြင်း**
ဘိုဘောက်စ် ထိုးတာကတော့ လျှို့ဝှက်ချက် တစ်ခုမဟုတ်တော့ပါဘူး။ ဟယ်လီဘယ်ရီ၊ နစ်ကိုးကဒ်မင်းနဲ့ မာစီယာခရော့စ်စတဲ့ ကမ္ဘာကျော်မင်းသမီးတွေဟာ မျက်ဝန်းထောင့်က ကျီးကန်းခြေထောက် အရေအကြောင်း၊ နဖူးပေါ်က အရေးကြောင်းနဲ့ နှုတ်ခမ်းပတ်လည်က အရေးကြောင်းတွေ ကုသဖို့အတွက် ဘိုဘောက်စ်ကို အကြိမ်ကြိမ် ထိုးနေပါပြီ။ အာနိသင်က သုံးလကနေ ခြောက်လထိခံပါတယ်။
**လျှို့ဝှက်ချက်(၃) လေဆာနည်းသုံးခြင်း **
အသက်ကြီးလာတဲ့အခါ အရေပြားကနေ ကိုလာဂျင်ထုတ်လုပ်မှု သိသိသာသာ နည်းလာပြီး မျက်နှာ အရည်ပြားပါးလာပြီး ပါးရိုး ငေါထွက်လာတတ်ပါတယ်။ ဒါကြောင့် ဟောလိဝုဒ်မှာ ကိုလာဂျင် ထုတ်လုပ်မှုအားကောင်းအောင် လုပ်တဲ့နည်းက ရေပန်းစားပါတယ်။ အဲဒီနည်းကတော့ လေဆာသုံးပြီး ပြုပြင်တာပါ။ လေဆာနည်းဟာ အရေပြား အတွင်းနက်တဲ့နေရာထိ ထိုးဖောက်ပြီး ကိုလာဂျင် ထုတ်လုပ်အားကောင်းအောင် ပြုပြင်တာဖြစ်ပါတယ်။
**လျှို့ဝှက်ချက်(၄) ဓာတုဗေဒနည်းဖြင့် အရေပြားအပေါ်ယံလွှာ ခွာချခြင်း**
ကမ္ဘာကျော် အနုပညာရှင်အများစုဟာ မျက်လုံးပင့်တင်တာ၊ မျက်နှာအရေပြားပင့်တင်တာ၊ မျက်ဝန်းအောက်က အဆီအိတ်ဖယ်ရှားတာတွေ လုပ်နေကြာတာကို သိကြပြီးပါပြီ။ အခုခေတ်မှာတော့ အရေပြားရဲ့ ပျက်စီးနေတဲ့ အပေါ်ယံလွှာကို ဖယ်ရှားနိုင်ဖို့အတွက် ဓာတုဗေဒနည်း(Chemical Peel )သုံးတာဖြစ်ပါတယ်။ အဲဒီနည်းကို ဟော်လီဝုဒ် မင်းသမီးတွေ အကြိုက်တွေ့နေတယ်လို့သိရပါတယ်။
**လျှို့ဝှက်ချက်(၅) ပွဲတတ် အခမ်းအနားများတွင် မိတ်ကပ်အသေအချာ လိမ်းခြယ်ခြင်း**
ဟော်လီဝုဒ် မင်းသမီးတွေဟာ သာမန် ထသွားထလာ လုပ်ဆောင်မှုမျိုးဆိုရင် မိတ်ကပ် သေချာလိမ်းလေ့မရှိပါဘူး။ ဒါပေမဲ့ အခမ်းအနားတွေ တတ်ရောက်တော့မယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်တွေနဲ့ သေချာ လိမ်းချယ်လေ့ရှိပါတယ်။ ဒါကြောင့် ကော်ဇောနီပေါ် လျှောက်လှမ်းနေတဲ့ အချိန်မှာ ဟော်လီဝုဒ် မင်းသမီးတွေဟာ စတိုင်ကျ လှပနေတာ ဖြစ်ပါတယ်။
**လျှို့ဝှက်ချက်(၆) နေရောင်ခြည်နဲ့ ဝေးဝေးမှာနေခြင်း**
မင်းသမီး နစ်ကိုးကဒ်မင်းဟာ နေရောင်ခြည်ကို အလွန်အမင်း ကြောက်ရွံ့သူဖြစ်ပြီး တတ်နိုင်သမျှ နေရောင်ခြည်နဲ့ ဝေးဝေးမှာ နေပါတယ်။ အလားတူပဲ ကမ္ဘာကျော် မင်းသမီးအများစုဟာ အပြင်ထွက်တဲ့ အခါ နေရောင်ကာ ခရင်မ်လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်းစတဲ့ နည်းတွေနဲ့ နေရောင်ခြည်ကို ကာကွယ်လေ့ရှိပါတယ်။
**လျှို့ဝှက်ချက်(၇) ကိုယ်ပိုင်အသားအရေ ထိန်းသိမ်းခြင်းနည်းရှိခြင်း**
ဟော်လီဝုဒ် မင်းသမီးအားလုံးမှာ ပြစ်မျိုးမှဲ့မထင် အသားအရေမျိုး ပိုင်ဆိုင်ကြတာ မဟုတ်ပါဘူး။ ဘရစ်တနီစပီးယား၊ ကင်မရွန်ဒိုင်ယက်ဇ်နဲ့ ဂျနီဖာလိုပက်ဇ်တို့ဆိုရင် ဝက်ခြံဖု သေးသေးလေးတွေ ပေါက်တတ်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ထားတတ်ကြပါတယ်။ သူတို့ဟာ အခြားသူတွေ သုံးတဲ့ အသားအရေ ထိန်းသိမ်းနည်းမသုံးဘဲ ကိုယ့်အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အသားအရေ ထိန်းသိမ်းနည်း သီးခြားစီရှိကြပါတယ်။ ဒါကြောင့် သူတို့အသားအရေဟာ နဂိုကထက် ပိုမို လှပနေကြတာပါ။
Ref: Good Health
**မေမွန်ကျော်**

No comments:
Post a Comment