**Public Health**
ရွဲ့စောင်းပြောသော စကားများနှင့် မုသားစကားများကို သဘောပေါက် ရိပ်မိနိုင်စွမ်း ကျဆင်းလာခြင်းသည် တစ်စစနှင့် မှတ်ဥာဏ်များ၊ အသိဥာဏ်များ ပျက်စီးပျောက်ဆုံးသွားသော အယ်လ်ဇိုင်းမားကဲ့သို့ သက်ကြီးသတိမေ့ရောဂါများ (Dementia) ဖြစ်ပွားနိုင်စွမ်း၏ အစောဆုံး လက္ခဏာတစ်ရပ်ဖြစ်ကြောင်း ဧပြီလ ၁၄ ရက်နေ့က ဟာဝိုင်ရီကျွန်းတွင် ကျင်းပသော အမေရိကန် ဦးနှောက်နှင့်အာရုံကြောကုပညာ အကယ်ဒမီ၏ ၆၃ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး၌ တင်ပြခဲ့သော စာတမ်းတစ်ရပ်အရ သိရသည်။
အဆိုပါသုတေသနကို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင် တစ်စုတို့က ပြုလုပ်ခဲ့ကြပြီး သက်လတ်ပိုင်းအလွန် အမျိုးသမီး အမျိုးသားများ ပါဝင်သည့် လူများစွာကို ဗီဒီယိုဖိုင်များ ပြသခဲ့ခြင်းဖြင့် စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ဗီဒီယိုဖိုင်များတွင် အခြားလူများ စကားပြောဆိုကြသည့် ဇာတ်ဝင်ခန်းများ အဓိကပါရှိပြီး အချို့ ဇာတ်ကောင်များက ရိုးသားစွာ အမှန်အတိုင်း ပြောကြသော်လည်း အချို့က လှည့်ဖျားမုသားပြောခြင်း၊ ရွဲ့စောင်းချိတ်ပြောကြလေသည်။ ထိုဇာတ်လမ်းများကို ကြည့်သူတစ်ဦးချင်းစီ၏ ရွဲ့ပြောသော စကားများနှင့် မုသားစကားများကို နားလည်နိုင်စွမ်းကို စစ်ဆေးလေ့လာခဲ့ပြီးနောက် ပုံမှန် နားလည်နိုင်စွမ်း ရှိသူများနှင့် မရရှိသူများကို သီးသန့် ခွဲခြားထားခဲ့ကြသည်။

ထို့နောက် သီးခြား အုပ်စု တစ်ခုစီကို MRI ခေါ် သံလိုက်စက်ကွင်း ပဲ့တင်ဖမ်းစက်ဖြင့် ဦးနှောက်ကို ရိုက်၍ စစ်ဆေးကြည့်ရာ မုသားစကားနှင့် ရွဲ့ပြောသော စကားများကို နားလည်နိုင်စွမ်း ကျဆင်းနေသူ အားလုံးတို့သည် လတ်တလော၌ ပုံမှန်သတိကောင်း၍ ကျန်းမာနေသော်လည်း Dementia ခေါ် သက်ကြီးသတိမေ့ရောဂါ၏ အစပျိုး လက္ခဏာအချို့ စတင်ဝင်နေကြောင်း တွေ့ရှိရသည်။ ဤလေ့လာမှုကြောင့် သက်ကြီးသတိမေ့ရောဂါ၏ အခြေခံ အကြောင်းရင်းဖြစ်သော ဦးနှောက်အစိတ်အပိုင်းများ ပျက်စီးခြင်းသည် ရွဲ့ပြောသော စကားများနှင့် မုသားစကားများ နားလည်နိုင်သော လုပ်ငန်း လုပ်ဆောင်ပေးသည့် ဦးနှောက်ဧရိယာများမှ ဦးဆုံး စတင်သည် ဆိုသော အချက်ကို တွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။

“ဒီလူနာတွေဟာ လိမ်ညာလှည့်ဖျားမှုတွေကို မရိပ်မိနားလည်ကြတော့ပါဘူး။ ဦးနှောက်တွေကို စစ်ဆေးကြည့်တဲ့အခါ အဲဒီလူနာတွေ အားလုံးမှာ သက်ကြီးသတိမေ့ရောဂါရဲ့ လက္ခဏာတွေနဲ့ တူညီနေပါတယ်။ ကံကောင်းတာက အရမ်းစောသေးတဲ့ အနေအထားမှာ အခုလို တွေ့လိုက်ရတဲ့ အတွက် ကုသဖို့ အခွင့်အလမ်း ရပါသေးတယ်” ဟု လေ့လာမှုကို ဦးဆောင်ခဲ့သူ ကာလီဖိုးနီးယား တက္ကသိုလ်၏ မှတ်ဥာဏ်နှင့် အိုမင်းမှု ကုသရေးဗဟို၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ သုတေသီ ကက်သရင်းရန်ကင်က ပြောပြခဲ့သည်။
သက်ကြီးသတိမေ့ရောဂါသည် ရုတ်တရက် ထဖြစ်သော ရောဂါမျိုး ဖြစ်သဖြင့် ရောဂါပေါ်သော အချိန်၌ ကုသ၍ မရလောက်အောင် နောက်ကျမြဲ ဖြစ်နေကျပင် ဖြစ်၏။ ထို့ကြောင့် ယခုကဲ့သို့ အဆိုပါရောဂါ၏ စောစီးသော လက္ခဏာတစ်ရပ်ကို တွေ့ရှိခဲ့သည့်အတွက် သင့်တော် အစွမ်းထက်သော ဆေးဝါးအသစ်များ ဖော်စပ်နိုင်ရေးနှင့် စောစီးစွာ ကုသနိုင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဟု ကမ္ဘာ့ ဦးနှောက်နှင့် အာရုံကြောကု ပါရဂူများမှ မှတ်ချက်ချခဲ့ကြသည်။
**Slip Knot**

No comments:
Post a Comment