(Tsunami warning system is tested )
**ဆူနာမီသတိပေးရေးစနစ် ဗီယက်နမ်တွင် ပထမဆုံးစမ်းသပ်**
(ဟနွိုင်း၊ မေ ၁၇)
ဗီယက်နမ်နိုင်ငံတွင် ကမ်းရိုးတန်းဒေသများသို့ ရောမလှိုင်းလုံးကြီးများ ရိုက်ခတ်သည့်အခါ လူ့အသက်ပေါင်း များစွာကို ကာကွယ်ပေးနိုင်ရန်အတွက် မေ ၁၆ ရက်က ဆူနာမီသတိပေးစနစ်ကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က အာရှဆူနာမီဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းသတိပေးစနစ်ကို တည်ဆောက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဆူနာမီကြောင့် ဗီယက်နမ်မပါ အာရှဒေသ၌ လူပေါင်း ၂၂၀၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း ဗီယက်နမ်ဆူနာမီ သတိပေး စနစ် တည်ဆောက်သူများက ပြောကြားသည်။ ဗီယက်နမ်အလယ်ပိုင်းကမ်းရိုးတန်းဒေသ၌ ဆူနာမီသတိပေးစခန်း ၁၀ ခုတည်ဆောက်ရန် လျာထားခဲ့ရာ ယင်းတို့အနက် နှစ်ခုကို ပထမဆုံး တည်ဆောက်ပြီးဖြစ်၍ စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း ဒါနန်မြို့ရှိ ဗီယက်တဲလ်တယ်လီကွန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒင်ဒတ်တန်းက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**ကနေဒါ တောမီးလောင်ကျွမ်း၊ နေအိမ်အများအပြား မီးဘေးသင့်**
(အယ်လ်ဘာတာ၊ မေ ၁၇)
ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ် မြောက်ပိုင်းစလတ်လိတ်မြို့၌ တောမီးလောင်ကျွမ်းခဲ့သဖြင့် မြို့ပေါ်ရှိ အိမ်ခြေသုံးပုံတစ်ပုံကျော် မီးဘေးသင့်ပြာကျသွားခဲ့ပြီး လူ ၇၀၀၀ ကျော် ဘေးကင်းရာသို့ ထွက်ပြေးခဲ့ကြရကြောင်း တာဝန်ရှိသူများက မေ ၁၇ ရက်တွင် ပြောကြားသည်။
ယင်းမြို့တွင် လေပြင်းတိုက်ခတ်စဉ် သစ်တောများ မီးလောင်မှုဖြစ်ပွားရာမှာ လူနေအိမ်များသို့ ကူးစက်ခြင်းဖြစ်ကြောင်း၊ မြို့နေလူ ၉၅ ရာခိုင်းနှုန်း ထွက်ပြေးကြရကြောင်း၊ ၄င်းပြည်နယ်သည် ကနေဒါနိုင်ငံ၏ အဓိကရေနံထုတ်လုပ်ရာ ပြည်နယ်ဖြစ်ပြီး ရေနံတွင်းများပိတ်ရမည့် အခြေအနေရှိနေကြောင်း တာဝန်ရှိသူများက မေ ၁၆ ရက်တွင် ပြောကြားသည်။ (အင်တာနက်)
**တရုတ်အနောက်တောင်ပိုင်း၌ မြေပြို၊ ၂၂ ဦးသေဆုံး**
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မေ ၁၇ ရက် နံနက်က မြေပြိုမှုဖြစ်ပွားရာ ၂၂ ဦးသေဆုံးခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ ကွမ်စီကျွမ့် ကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရိုင်လင်မြို့အနီး ကွမ်ကျို့စီရင်စုတွင် မေ ၁၇ ရက် နံနက် ၉ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ရာ မြေအောက်မှ ရှာဖွေသယ်ထုတ်လျက်ရှိသည်။
ကွမ်ကျို့စီရင်စုသည် တောင်ခြေအနီးတွင် တည်ရှိသဖြင့် မြေပြိုမှုဖြစ်ပွားခဲ့ရာမှ ဒေသခံများ သေဆုံးရခြင်းဖြစ်သည်။ (အင်တာနက်)
**မက္ကဆီကိုတောင်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပွား၊ ရဲအရာရှိလေးဦးအပါအ၀င် ခြောက်ဦးသေဆုံး**
(အကာပူလ်ကို၊ မေ ၁၇)
မက္ကဆီကိုနိုင်ငံတောင်ပိုင်း၌ သေနက်သမားများ၏ ပစ်ခတ်မှုကြောင့် ဒေသဆိုင်ရာရဲအရာရှိ လေးဦးသေဆုံးသွားကြောင်း မက္ကဆီကိုတာဝန်ရှိသူများက ပြောကြားသည်။ သေနက်သမားများသည် မက္ကဆီကိုတောင်ပိုင်းကို ယုကာဒီကာတာလန် မြို့လယ်၌ မေ ၁၆ ရက်က ရဲအရာရှိလေးဦးအား သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဂူယာရီရိုပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။ (အင်တာနက်)
**ဘင်္ဂလာဒေ့ရှ်၌ မိုးကြိုးပစ်၊ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ**
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တောင်အရှေ့မြောက်ဘက် ၁၁၇ ကီလိုမီတာအကွာ ကွီနိုရီဂန်ခရိုင်တွင် မေ ၁၆ ရက် နံနက်ပိုင်းက မိုးကြိုးပစ်ခဲ့သဖြင့် ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသွားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ကွီနိုရီဂန်ခရိုင် နီကလီမြို့တွင် မေ ၁၆ ရက်နံနက် ၇ နာရီခွဲက မိုးရွာသခြင့် လူသုံးဦး နွားတဲအတွင်းဝင်ရောက်ခိုလှုံစဉ် မိုးကြိုးပစ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြကြောင်း ဒေသခံများက ပြောကြားသည်။ မေ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် ဘာဂျစ်ပူရမြို့၌ ငါးဖမ်းနေသူဒဏ်ရာရသူများအား ဆေးရုံသို့တင်ပို့လိုက်ရသည်။ (အင်တာနက်)
**မော်စကိုမြို့လယ်၌ မီးလောင် ခုနှစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ**
(မော်စကို၊ မေ ၁၇)
မော်စကိုမြို့လယ်ရှိ လူနေအဆောက်အအုံတစ်လုံး၌ မေ ၁၇ ရက်နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ အဆောက်အအုံကို မီးဝိုင်းခံရပြီး လူခုနစ်ဦးသေဆုံးကာ အခြားခုနစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာအိုင်အေနိုစတီသတင်းဌနက သတင်းထုတ်ပြန်သည်။ ယင်းမီးလောင်မှုကြောင့် မီးလောင်ခံရသည့် သုံးထပ်တိုက်မှ လူ ၂၀ ခန့်ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း သတင်းရရှိသည်။ (အင်တာနက်)
စုစည်းဘာသာပြန်- ဇော်ဦးခိုင်၊ မိုးမြင့်လင်းလက်

No comments:
Post a Comment