**Public Health**
ဦးနှောက်တွင်းမှာရှိတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကြား အပြန်အလှန် အချက်ပြဆက်သွယ်မှုတွေ လွဲချော်မှုရှိလို့ ခေါင်းကိုက်တယ်လို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။ သွေးကြောတစ်ခုနဲ့ ဆက်စပ်နေတဲ့ အာရုံကြောကို သွေးကြောကနေ နာကျင်မှု အချက်ပြမှု (Pain Signals) တွေ ပေးပို့ရင် အံဒီအာရုံကြောကလည်း သူ့အလုပ်အတိုင်း ဦးနှောက်မှာ နာကျင်တဲ့ အသိ ဖြစ်ပေါ်စေဖို့ ပေးပို့လိုက်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ဦးခေါင်းအတွင်း နာကျင်တယ်ဆိုတဲ့ အသိပေါ်လာတာ ဖြစ်ပြီး ဒါကို ခေါင်းကိုက်တယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ခြေလက် ကိုယ်အင်္ဂါ တစ်ခုခုမှာ ထိခိုက်ဒဏ်ရာရသလို မြင်သာထင်သာ အသားကြေမှု၊ ပေါက်ပြဲမှု စတဲ့ ဒဏ်ရာဒဏ်ချက်တွေ မရှိဘဲ နာကျင်မှု ခံစားချက်က အာရုံမှားပြီး ရကြတာလို့ ဆိုလိုတာပါ။ ဒီလို ဦးနှောက်တွင်းသွေးကြောတွေကနေ နာကျင်မှု အချက်ပြပစ္စည်းတွေ စထွက်စေတဲ့ အကြောင်းအရင်းကို ယခုအချိန်အထိ ရှင်းလင်းစွာ မသိရှိရသေးပါဘူး။
မိုင်ဂရိမ်းနဲ့ ပတ်သက်ရင်တော့ နာကျင်မှုနေရာ (Pain Center) ဟာ အလယ်ဦးနှောက်မှာ တည်ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။ ပုံမှန်ထက်ပိုပြီး နိုးကြွနေတဲ့ အာရုံကြောဆဲလ် (Hyperactive Nerve Cells) တွေဟာ သွေးကြောတွေဆီကို ရုတ်တရက် ကျဉ်းသွားစေတဲ့ လှုံ့ဆော်မှုအမိန့် (Impulses) တွေ ပေးပို့လို့ သွေးကြောတွေ ရုတ်တရက် ကျဉ်းသွားပြီး အဲလို ကျဉ်းသွားလို့ ပရော်စတာဂလန်ဒင် (Prostaglandin) ၊ စီရိုတိုနင် (Serotonin) နဲ့ အခြားဓာတုပစ္စည်းတွေ ထွက်လာကာ သွေးကြောတွေကို ကျယ်လိုက်ကျဉ်းလိုက် ဖြစ်စေပြန်ပါတယ်။ ရလဒ်ကတော့ နှလုံးခုန်နှုန်း တစ်ချက်ချင်း အတိုင်း ကျွန်တော်တို့ဟာ နာကျင်မှု ခံစားရစေတာ ပါပဲ။
ဖျားနာအအေးမိခြင်း၊ ထိပ်ကပ်နာ၊ လည်ချောင်းနာ၊ နားစည်ရောင်ယမ်းခြင်း စတဲ့ ဦးခေါင်းနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါတစ်ခုခု ရှိနေတဲ့ အချိန်မှာ အဲဒီလို ဖြစ်စဉ်တွေက ရုတ်တရက် ထဖြစ်ကြပါတယ်။ ဆေးပညာရဲ့ လေ့လာတွေ့ရှိချက်များ အရ အမှတ်စဉ်(၁) ဖိစီးမှု ခေါင်းကိုက်ရောဂါရဲ့ အခြား အဖြစ်များတဲ့ အကြောင်းရင်း တွေကတော့ မိသားစု၊ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေး စတာတွေကြောင့် စိတ်ဖိစီးမှု ရှိနေခြင်း၊ အရက်အလွန်အကျွံ ပုံမှန် သောက်သုံးခြင်း၊ အဆာလွန်သွားခြင်း၊ နေ့နဲ့ည မှား၍ အိပ်နေရသော နေ့စဉ်ဘ၀ ရှိနေခြင်း၊ ရေရှည် ဆေးဝါးများ မှီဝဲနေရခြင်း၊ စိတ်ကျရောဂါ ရှိနေခြင်း၊ သွေးတိုးရောဂါ ရှိနေခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။
လူတစ်ယောက်ဟာ ခေါင်းကိုက်နေတာ ကြာလာပြီ ဆိုရင် မိမိမှာ ဒီရောဂါတွေ (သို့) ဒီအခြေအနေတွေ ရှိနေလားလို့ ဆန်းစစ်ကြည့်ပါ။ ရှိနေရင်တော့ ဒါတွေကြောင့်ပဲ ခေါင်းကိုက်နေရတာ သေချာပြီး ဒါတွေကို ကုသ ပြုပြင်လိုက်ရင် ခေါင်းကိုက်ပါ ပျောက်သွားမှာ ဖြစ်ပါတယ်။
ထူးထူးခြားခြား အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း တစ်မျိုးလည်း ရှိပါသေးတယ်။ မျက်လုံးအသုံးများတဲ့ သူတွေ (ဥပမာ စာရင်းဇယား၊ ကွန်ပျူတာ စသဖြင့် နေ့စဉ် ကြည့်လွန်းရသူတွေ) မှာ မျက်မှန်မရှိသေးရင် မျက်မှန်လိုတဲ့ ရောဂါစု ခံစားရတတ်ပါတယ်။ မျက်လုံးတွေကိုက်မယ်၊ မျက်စိက နီလာမယ်၊ အမြင်တွေဝါးမယ်၊ မျက်လုံးထဲ တစ်ခုခု ၀င်သလို ခိုးလိုးခုလု ဖြစ်မယ်၊ ဇက်ကြောအရမ်းတက်မယ်။ ဒါ့အပြင် မျက်ရိုးတွေနဲ့ ခေါင်းက သိသိသာသာ ကိုက်လာတဲ့ လက္ခဏာတွေ စုပြုံခံစားရတာကို မျက်စိမှုန်လာ၍ မျက်မှန်လိုသော ရောဂါစု (Asthenopic Syndrome) လို့ ခေါ်ပါတယ်။
အဲဒီရောဂါစုကြောင့် ခေါင်းကိုက်ရင် ဘာဆေးသောက်သောက် မပျောက်ပါဘူး။ မျက်မှန်လိုတဲ့ ရောဂါဟာ မျက်စိအားဆေး ဘယ်လောက်ဈေးကြီးတာ ၀ယ်သောက်သောက် မပျောက်ဘဲ မျက်မှန်လုပ်လိုက်တာနဲ့ တစ်ပတ်အတွင်း ခေါင်းကိုက်တာ အပါအ၀င် အကုန်ပျောက်သွားမှာပါ။ မျက်မှန် တပ်နေတဲ့ သူတွေလည်း ရှိရင်းစွဲမျက်မှန် ပါဝါမကိုက်တော့တဲ့အခါ ဒီရောဂါစုမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာအပြင် အထက်ပါ လက္ခဏာများ တွဲပြီး ခံစားနေရသူတိုင်း မျက်စိသွားစမ်းသင့်ပြီလို့ အကြံပြုပါတယ်။
လူအများစု သတိမပြုမိတတ်ကြတဲ့ ခေါင်းကိုက်မှုကို ဖြစ်ပေါ်စေတဲ့ အခြားအချက်တွေက Passive Smoking ခေါ် သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူမိခြင်း၊ အိမ်တွင်း (သို့) လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ အမွှေးနံ့များ မိမိနဲ့ မတည့်ခြင်း၊ နေ့စဉ် ဓာတုပစ္စည်းများ ကိုင်တွယ်ရသော အလုပ် လုပ်ခြင်း၊ စိတ်ဖိစီးမှု အရမ်းများခြင်း၊ ခန္ဓာကိုယ် အပူချိန် အတက်အကျ မြန်သော အလုပ်များ လုပ်ခြင်း (ဥပမာ နေပူထဲက ပြန်လာပြီး ရေတန်းချိုးခြင်း၊ ပြင်ပ၌ အရမ်းပူ/ အရမ်းအေး ဖြစ်နေချိန်တွင် ခေါင်းလျှော်ရေချိုးခြင်း၊ နေပူချိန် ပြင်းပြင်းဒဏ် စသဖြင့်) တွေဟာ ခေါင်းကိုက်စေတဲ့ အချက်တွေ ဖြစ်ပေမယ့် သတိမထားမိတတ်ကြလို့ မဆင်ခြင် မိကြတာ များပါတယ်။ ပြင်းထန်လွန်းတဲ့ အားကစား (သို့) အလုပ်ကြမ်းကို ရုတ်တရက် စလုပ်တဲ့ အစပိုင်း ရက်တွေမှာလည်း ခေါင်းကိုက်တတ်ပေမယ့် သူ့အလိုလို အသားကျပြီး ပြန်ကောင်းသွားတတ်ပါတယ်။
ကလေးငယ်တွေမှာဖြစ်တဲ့ ခေါင်းကိုက်ရောဂါက ကလေးအသက်ကြီးလာတာနဲ့ အမျှ သက်သာပျောက်ကင်း သွားကြလေ့ ရှိကြလို့ မိဘများ အထူး စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ ငယ်ဘ၀မှာ ခေါင်းကိုက်ဖူးတဲ့သူဟာ ကြီးလာရင် ခေါင်းကိုက်ရောဂါ ပြန်ဖြစ်ဖို့ သူများတွေထက် နီးစပ်တာမို့ သတိထားသင့်ပါတယ်။
© dailymail

No comments:
Post a Comment