(Quincy Jones)
.............................................
၁၉၃၃ခုနှစ်မှာ အမေရိကန်ချီကာဂိုမြို့က ဆင်းရဲသားလူမည်းရပ်ကွက်တစ်ခုမှာ သူ့ကိုမွေးဖွားခဲ့တယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တော့ ချီကာဂိုရဲ့စီးပွားရေးတွေ ကျဆင်းပြီး ရာဇဝတ်ကျူးလွန်မှုတွေ များလာခဲ့တယ်။ နေရာတိုင်းမှာ ရိုက်ပွဲ၊ သတ်ပွဲ၊ ပစ်ပွဲတွေနဲ့ ပြည့်နေခဲ့တယ်။ နေ့တိုင်းတွေ့မြင်နေရတဲ့ ဒီလိုမြင်ကွင်းကို သူ စိတ်ပျက်ခဲ့မိတယ်။ ကောင်းကင်ပေါ် အရှိန်နဲ့ဖြတ်ပျံသွားကြတဲ့ လေယာဉ်တွေကို သူငေးမောကြည့်ရင်း ဒီလေယာဉ်တွေ ဘယ်ကိုပျံသန်းကြသလဲ? ပြင်ပလောကမှာ ဒီထက်ပိုလှတဲ့ နေရာရှိနိုင်မလားလို့ သူအမြဲတွေးတောမိတယ်။
ဒီလိုနဲ့ ဖခင်ကို "ကျွန်တော်ဘာကြောင့် မပျံသန်းနိုင်သလဲ?" လို့ သူမေးမိတယ်။ ဖခင်က "သားမှာ အတောင်ပံမရှိလို့" လို့ဖြေတယ်။ သူကြေကွဲ ဝမ်းနည်းခဲ့ရတယ်။ ဖခင်က ဆက်ပြီး "သား... သားမှာပျံသန်းချင်တဲ့ စိတ်ကူးအိပ်မက်ရှိခဲ့ရင် သားပျံသန်းနိုင်ပါတယ်" လို့ ဆိုခဲ့တယ်။
သူ့ဘဝကို အရာရာပြောင်းလဲစေခဲ့တဲ့ အစက စန္ဒရားတစ်လုံးကြောင့်ဖြစ်တယ်။ တစ်နေ့မှာ လက်နက်တိုက်တစ်ခုထဲ အဖော်တစ်သိုက်နဲ့ သူတိတ်တဆိတ် ဝင်ရောက်ခဲ့တယ်။ မည်းမှောင်တဲ့ အခန်းငယ်လေးတစ်နေရာမှာ ထားထားတဲ့ စန္ဒရားတစ်လုံးက သူ့အကြည့်တွေကို ဆွဲဆောင်ခဲ့တယ်။ စန္ဒရားနားသွားပြီး သူဖြည်းဖြည်းသာသာ ထိုင်ချလိုက်တယ်။ ပြီးတော့ လက်ချောင်းကလေးတွေနဲ့ စန္ဒရားခလုတ်တွေကို သူဆော့ကစားမိတယ်။
အဲဒီတခဏ သူ့အသွေးအသားတွေ ဆူဗွက်လာခဲ့တယ်။
"အဲဒီကစ ကျွန်တော်ရဲ့စိတ်က ဘဝရဲ့ဦးတည်ရာကို ရှာတွေ့ခဲ့တယ်။ အဲဒီအရာဟာ ဂီတဖြစ်တယ်"
အဲဒီနှစ်မှာ သူ့အသက်(၁ဝ)နှစ်ပြည့်တယ်။ အဲဒီနှစ်မှာပဲ အဆိုတော်တစ်ဦးဖြစ်ဖို့ သူစိတ်ကူးအိပ်မက်မက်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ပြီးနောက် ဖခင်နဲ့အတူ Seattleမြို့ကို သူရောက်လာခဲ့တယ်။ ဒါဟာ သူ့ရဲ့ ဂီတခရီးအစဖြစ်တယ်။ အငယ်စားခရာကို သူကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်တတ်တဲ့အတွက် နာမည်ကြီး Jazz ဂီတသမားတွေနဲ့ သူစင်ပေါ်တက်ခွင့်ရခဲ့တယ်။
အသက်(၂ဝ)အရွယ်မှာ အမေရိကားတစ်တိုက်လုံး သူ့ဖြေဖျော်မှုတွေပြန့်နှံ့ဖို့ သူအိပ်မက်မက်ခဲ့ပြန်တယ်။ ဒါပေမယ့် သူ့ရည်မှန်းချက်ကို အမေရိကားက အပြည့်အဝ မပေးနိုင်ခဲ့ဘူး။ အဲဒီလိုနဲ့ ကမ္ဘာ့အနုပညာရဲ့မြို့တော်လို့ တင်စားတဲ့ ပဲရစ်မြို့ကို သူရောက်လာခဲ့တယ်။ ဖြေဖျော်ပွဲတွေကလွဲလို့ သူ့အာရုံကို သင်ယူတဲ့အပေါ်မှာပဲ မြှုပ်ထားလိုက်တယ်။ သီချင်းရေးစပ်တာ၊ သံစဉ်ရှာတာ စတဲ့အရာအားလုံးက သူ့ကို စိတ်ဝင်တစားရှိစေခဲ့တယ်။
အဲဒီနှစ် သူ့အသက်(၃ဝ)မှာ အရာရာကို တတ်သိတဲ့ ဂီတပညာရှင်ဖြစ်ဖို့ သူအိပ်မက်မက်ခဲ့ပြန်တယ်။
ဂီတပညာတွေကို သင်ယူပြီး အမေရိကန်ကို ပြန်ရောက်တာနဲ့ ဟောလိဒ်ဝုဒ်ထဲ သူဝင်ခဲ့တယ်။ အဲဒီကစ ဟောလိဒ်ဝုဒ် အနုပညာလောကမှာ သံစဉ်ဖော်စပ်တဲ့ ဂီတပညာရှင်အဖြစ် အရှိန်အဟုန်မြန်မြန်နဲ့ သူကျော်ကြားလာခဲ့တယ်။ အဲဒီနောက် သံစဉ်ဖော်စပ်သူအဖြစ် အော်စကာဆုပေးပွဲမှာ (၈)ကြိမ် စာရင်းသွင်းခံခဲ့ရတယ်။
အသက်(၄ဝ)အရွယ်မှာ တစ်ကမ္ဘာလုံးရဲ့ ဂီတဝိညာဉ်အရှိဆုံး ပညာရှင်ဖြစ်ဖို့ သူအိပ်မက်မက်ခဲ့ပြန်တယ်။ ဒါပေမယ့် အသက်(၄၁)နှစ်အရောက်မှာ အကျိတ်ရောင်ရောဂါကို သူခံစားခဲ့ရတယ်။ ခွဲစိတ်ဖို့ ဆရာဝန်တွေက အကြံပေးခဲ့တယ်။ ခွဲစိတ်အောင်မြင်နှုန်းက နည်းပေမယ့် အသက်ဆက်ရှင်ဖို့အတွက် မဖြစ်မနေ သူစွန့်စားခဲ့တယ်။ ကံကောင်းစွာနဲ့ သူခွဲစိတ်အောင်မြင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ ဦးခေါင်းခွံမှာ စတီးဆက်ခဲ့ရလို့ သူစင်ပေါ်တက် ဖြေဖျော်ခွင့် မရခဲ့တော့ဘူး။
ဒီတစ်ခါတော့ သူလုံးဝ ပြိုလဲသွားလိမ့်မယ်လို့ လူတွေထင်ခဲ့ကြတယ်။ ဒါပေမယ့် သူလဲပြိုမသွားခဲ့ဘူး။ စိတ်ရောကိုယ်ပါနစ်ပြီး လူမည်းလူငယ်တစ်ဦး စီးရီးထုတ်ဖို့အတွက် သီချင်းတွေ ရေးစပ်သီကုံးပေးတဲ့ အလုပ်သစ်တစ်ခုကို သူရခဲ့တယ်။ အဲဒီစီးရီးခွေထွက်တော့ တစ်ကမ္ဘာလုံးကျော်ကြားသွားပြီး ဂီတသမိုင်းမှာ အရောင်းရဆုံး စံချိန်တင်ခဲ့တယ်။ အဲဒီလူမည်းလူငယ်ဟာ နောင်တစ်ချိန်မှာ ဂီတဘုရင်အဖြစ် နာမည်ကျော်ကြားခဲ့တဲ့ မိုက်ကယ်ဂျက်ဆင်ဖြစ်တယ်။
(Quincy Jones+Micheal Jackson)
အဲဒီနောက် သူဟာ ဒါရိုက်တာ Steven Spielbergနဲ့ The Color Purpleဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့တယ်။ အဲဒီရုပ်ရှင်ကားမှာ နာမည်မရှိတဲ့ လူမည်းအမျိုးသမီး သရုပ်ဆောင်တစ်ဦးကို ထည့်သုံးခဲ့တယ်။ အဲဒီလူမည်းအမျိုးသမီးရဲ့ နာမည်က Oprah Winfreyဖြစ်ပြီး နောင်တစ်ချိန်မှာ သြဇာအလွှမ်းမိုးနိုင်ဆုံး စီစဉ်တင်ဆက်သူအဖြစ် နာမည်ကျော်ကြားခဲ့တယ်။
သူ့အသက်(၅ဝ)မှာ တစ်ပါးသူကို ကူညီနိုင်ဖို့ဆိုတဲ့ စိတ်ကူးအိပ်မက်ကို သူမက်ခဲ့တယ်။ အနုပညာလောကမှာရှိတဲ့ သူ့အရှိန်အဝါကို ဘယ်သူမှ မနှိုင်းနိုင်ခဲ့ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ အနုပညာရှင်ပေါင်း ရာကျော်ကို စုစည်းပြီး "We are the world"ဆိုတဲ့သီချင်းကို သူထုတ်လုပ်ခဲ့တယ်။ ဒီသီချင်းဟာ ၂ဝရာစုမှာ အဓိပ္ပာယ်အရှိဆုံး သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး လှူဒါန်းငွေဒေါ်လာပေါင်း သန်း(၅ဝဝ)ရခဲ့တယ်။ အဲဒီငွေတွေကို အာဖရိကအတွက် သူလှူဒါန်းခဲ့တယ်။ အဲဒီသီချင်းကအစပြုလို့ သူ့အချိန်တော်တော်များများကို ပရဟိတလုပ်ငန်းထဲ သူမြှုပ်နှံခဲ့တယ်။ အသက်(၆ဝ)မှာ သူ့ရဲ့စိတ်ကူးအိပ်မက်က ပရဟိတလုပ်ဖို့ဖြစ်တယ်။

(Quincy Jones+ Super model Naromi Cambell)
အခုအချိန်မှာ သူ့အသက် (၈ဝ)ပြည့်ခါနီးပါပြီ။ သူရဲ့နာမည်က Quincy Jonesဖြစ်ပြီး သူ့ကို အနောက်နိုင်ငံရဲ့ ဂီတဖခင်လို့ တင်စားကြပါတယ်။ အစကတည်းက နာမည်ကျော်ကြားအောင်မြင်ခဲ့တာတောင် ဘာဖြစ်လို့ ခြေလှမ်းတွေ မရပ်နိုင်သေးသလဲလို့ လူတွေက သူ့ကိုမေးခဲ့ကြတယ်။
"ကျွန်တော့်ရဲ့အိပ်မက်တွေက အမြဲတမ်း လမ်းပေါ်မှာရှိနေခဲ့လို့" လို့ သူဖြေခဲ့ပါတယ်။
http://en.wikipedia.org/wiki/Quincy_Jones
http://www.5719.cn/Html/xinling/yongyuanbuyaofangqizijidemengxiang-25.htm
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment