ကြည်နူးစရာ ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။
ဂျပန်မှာရှိတဲ့ ကောင်မလေးတစ်ဦးဟာ အမြဲတမ်း အားငယ်၊ သိမ်ငယ်နေတတ်သတဲ့။ အကြောင်းက သူ့အသံဟာ အက်ရှပြီး နားထောင်ရ ဆိုးလွန်းတဲ့အတွက်ကြောင့် ဖြစ်တယ်။ နားဝင်ဆိုးလွန်းလို့ သူနဲ့ပေါင်းဖော်တဲ့ သူငယ်ချင်းတွေ မရှိသလောက်ဖြစ်ခဲ့ပြီး လူအများရဲ့ ကဲ့ရဲ့လှောင်ပြောင်တာကို ခံခဲ့ရတယ်။
ဒီ့အတွက် သူအရမ်းဝမ်းနည်းခဲ့ရတယ်။ သူ့ကိုယ်သူ ညံ့ဖျင်းသူ၊ အရည်အသွေးမမီသူ တစ်ယောက်အဖြစ် သတ်မှတ်ပြီး ဘုရားသခင်ကို မတရားဘူးလို့ ထင်နေခဲ့တယ်။ နောက်ဆုံး ပြဇာတ်တစ်ခုမှာ ဝင်ရောက်သရုပ်ဆောင်ရင်း သူ့ကိုသူ ယုံကြည်လေးစားမှုတွေ သူရှာခဲ့တယ်။
အဲဒီအချိန်မှာ ဂျပန်ကာတွန်းပညာရှင် Hiroshi Fujimotoရဲ့ ကာတွန်းဇာတ်ကောင်ဖြစ်တဲ့ Doraemon အရမ်းနာမည်ကြီး လူကြိုက်များနေတဲ့အချိန်ဖြစ်တယ်။ Doraemon ကို ကာတွန်းရုပ်ရှင်အဖြစ်ရိုက်ဖို့ စီစဉ်နေချိန်မှာ နားဝင်ဆိုးတဲ့ ကောင်မလေးအသံကို ကာတွန်းဆရာ ရုတ်တရက် ကြားသွားခဲ့တယ်။ ဒါနဲ့ ကောင်မလေးကို အသံစမ်းဖို့ ခေါ်ယူခဲ့တယ်။ ကောင်မလေးအရမ်း အံ့သြသွားခဲ့တယ်။ လူအများကြားမှာ ရှက်ရွံ့စရာကောင်းတယ်လို့ သူထင်ခဲ့တဲ့ သူ့အသံကို လူတစ်ချို့က နှစ်သက်ခဲ့လို့ဖြစ်တယ်။ နောက်ဆုံးမှာ အဲဒီကာတွန်းရုပ်ရှင်နဲ့ပဲ ထင်မှတ်မထားတဲ့ အောင်မြင်မှုကို သူရခဲ့တယ်။ အက်ရှရှသူ့အသံကို နားဝင်မချိုဘူးလို့ လှောင်ပြောင်ခဲ့သူတွေရဲ့ အမြင်ဆိုးကို သူရိုက်ချိုးပစ်နိုင်ခဲ့တယ်။
အဲဒီကောင်မလေးက တစ်ခြားသူမဟုတ်ပါဘူး။ အခုနာမည်ကြီးနေတဲ့ ကာတွန်းရုပ်ရှင်ထဲက ကြောင်စက်ရုပ် (robotic cat) Doraemonရဲ့ ဂျပန်အသံပိုင်ရှင်ပဲဖြစ်တယ်။ တစ်ချိန်က သူ့ကိုသိမ်ငယ်စေခဲ့၊ ယုံကြည်မှုမဲ့စေခဲ့ပြီး မိတ်ဆွေသူငယ်ချင်း နည်းပါးစေခဲ့တဲ့ "အသံဆိုး"က အခုချိန်မှာ Doraemon ကာတွန်းရုပ်ရှင်နဲ့အတူ ကမ္ဘာ့အနှံ့ကို ပျံ့လွှင့်နေခဲ့ပြီဖြစ်တယ်။ လူငယ်အများရဲ့ စိတ်ဝင်တစား နားထောင်မှုကို ခံရတဲ့အသံ၊ အတုယူပြောဆိုခံရတဲ့ နားဝင်ချိုသံဖြစ်ခဲ့ပါတယ်။
တစ်ချိန်က စိတ်ပျက်ဝမ်းနည်းခဲ့ဖူးတဲ့ အသံကို ဒီကနေ့မှာ သူဂုဏ်ယူ ဝမ်းသာနေမိတယ်။ သူ့ကိုယ်သူလည်း ဘုရားသခင် စွန့်ပစ်ထားတဲ့ အရည်အသွေးမမီသူ၊ ညံ့ဖျင်းသူလို့ ထင်မှတ်မထားခဲ့တော့ဘူး။
ဘုရားသခင်က အရာရာကို ပြီးမြောက်စေသူလား?
ပြီးမြောက်စေသူလို့ အခိုင်အမာဖြေချင်ပါတယ်။
ဒီလိုဆိုရင် ပြီးမြောက်စေသူတန်ခိုးရှင်က အရည်အသွေးမမီသူ၊ ညံ့ဖျင်းသူတွေကို ဖန်ဆင်းခဲ့မလား?
လုံးဝ ဖန်ဆင်းခဲ့မှာ မဟုတ်ပါဘူး။
ဒါကို လော့ဂျစ်ဆန်ဆန် အဓိပ္ပါယ်ကောက်ယူကြည့်တဲ့အခါ ကျွန်မတို့ကို ဘုရားသခင်က ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ကျွန်မတို့မှာ "အရည်အသွေးမမီသူ" ဆိုတာ မရှိနိုင်ခဲ့ဘူး။ အရာရာကို ပြီးမြောက်စေသူ တန်ခိုးရှင်က ညံ့ဖျင်းသူတွေကို ဖန်ဆင်းခဲ့မှာမဟုတ်သလို ဖန်ဆင်းနိုင်ခဲ့မှာလည်း မဟုတ်ပါဘူး။
လောကကြီးမှာရှိတဲ့ သစ်ပင်တစ်ပင်ကအစ၊ ငှက်တစ်ကောင်၊ လူတစ်ဦး... စတဲ့အရာအားလုံးကို ဘုရားသခင်က ပြောင်မြောက်တဲ့လက်ရာနဲ့ ဖန်ဆင်းခဲ့ပြီး အရာဝတ္ထုတစ်ခုတိုင်း၊ လူတစ်ဦးတိုင်းကို သူ့တန်ဖိုး၊ သူ့အရည်အသွေး၊ မတူတဲ့ လုပ်ရည်ကိုင်ရည်တွေကို ထည့်သွင်းထားပေးခဲ့ပြီဖြစ်တယ်။
ဒါကြောင့် ကိုယ်ဟာ သူတစ်ပါးထက် ညံ့ဖျင်းသူ၊ ဥာဏ်ရည်မမီသူ၊ အရည်အချင်းမရှိသူလို့ စိတ်ပျက်အားငယ်မနေပါနဲ့။ ဘုရားသခင်က ဘယ်တော့မှ အဲဒီလို ညံ့ဖျင်းသူတွေကို ဖန်ဆင်းခဲ့မှာမဟုတ်ပါဘူး။ လူတိုင်းကို ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေးတွေ ထည့်ပေးပြီးသားပါ။ ကိုယ့်ကိုယ် ညံ့ဖျင်းသူလို့ ထင်နေသူတွေက ဘုရားသခင် ထည့်သွင်းပေးခဲ့တဲ့ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်တွေကို စပြီး အသုံးမပြုသေးတာ တစ်ခုပါပဲ။
original from : google search or 上帝的手中沒有失敗品
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

No comments:
Post a Comment