**အိန္ဒိယနိုင်ငံတွင် ရထားနှင့် ကားတိုက် ၃၁ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ**
(နယူးဒေလီ၊ ဇူလိုင် ၇)
အိန္ဒိယနိုင်ငံ ဥတရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းတွင် ဇူလိုင် ၇ ရက်နံနက်က မြန်နှုန်းမြင့်မောင်နှင်လာသော ရထားတစ်စင်းနှင့် ဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့ရာ ခရီးသည် ၃၁ ဦးသေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။ ဖြစ်ပွားမှုမှာ ခန်ရှီရမ်နာဂျာခရိုင်အတွင်းကျင်းပသော မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်မည့် လူ ၈၀ ခန်တင်ဆောင်လာသော ဘတ်စ်ကားနှင့် ချဟာပရာမာသူရာအမည်ရှိ အမြန်ရထားတို့သည် သာနာဂါအွန်မြို့အနီး ရထားလမ်းနှင့် ကားလမ်းဖြတ်နေရာတွင် ဇူလိုင် ၇ ရက် နံနက် ၂ နာရီခန့်က တိုက်မိခဲ့ခြင်းဖြစ်သည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)

**တရုတ်ကျောက်မီးသွေးတွင် မီးလောင်မိုင်းလုပ်သား ၃၆ ဦးပိတ်မိနေ**
(ပေကျင်း၊ ဇူလိုင် ၇)
တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်ပြည်နယ်တွင် ကျောက်မီးသွေးတွင်း တစ်တွင်း ဇူလိုင် ၆ ရက် ညက မီးလောင်မှုဖြစ်ပွားရာမိုင်းလုပ်သား ၃၆ ဦး မြေအောက်တွင် ပိတ်မိနေကြောင်း တရုတ်နိုင်ငံအလုပ်သမားများ လုံခြုံမှုစီမံခန့်ခွဲရေးဌာနက ဇူလိုင် ၇ ရက်တွင် သတင်းထုတ်ပြန်သည်။ ၄င်းမိုင်းလုပ်သား ၃၆ ဦးမှာ ကျောက်မီးသွေးတွင်၏ မြေအောက် ၂၂၅ မီတာ အနက်တွင် လုပ်ငန်းခွင်ဝင်ရောက်နေကြစဉ် ဇူလိုင် ၆ ရက်ညနေ ၆ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ဘရာဇီးနိုင်ငံတွင် နှစ်လအတွင်းလက်နက် ၉၁၆၀ သိမ်းဆည်းရမိ**
(ဘရာဆီးလီးယား၊ ဇူလိုင် ၈)
ဘရာဇီးနိုင်ငံ၏ အမျိုးသားလက်နက်ဖျက်သိမ်းရေး လှုပ်ရှားမှုတွင် နှစ်လအတွင်း လက်နက်မျိုးစုံ ၉၁၆၀ နှင့် ကျည်ဆန်၊ ခဲယမ်း ၃၀၉၀၀ ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တရားရေးဝန်ကြီးဌာနက ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။ အဆိုပါသိမ်းဆည်းရမိသော လက်နက်များတွင် အရည်အသွေးမြင့် သေနက်များ၊ ခြောက်လုံးပြူးများ၊ ရိုင်ဖယ်သေနတ်၊ စက်သေနတ်များပါဝင်သည်ဟု အင်တာနက်သတင်းတစ်ရပ်တွင် ဇူလိုင် ၇ ရက်က ဖော်ပြသည်။ (အင်တာနက်)
**ဘင်္ဂလားဒေ့ရှ်တွင် ကူးတို့ယာဉ်နစ်မြုပ်ခုနစ်ဦးသေဆုံး၊ အချို့ပျောက်ဆုံး**
(ဒါကာ၊ ဇူလိုင် ၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နာရာယန်ဂန်ခရိုင်ရှိ ဆီတယာလာခယာမြစ်အတွင်း ဇူလိုင် ၆ ရက်က ကူးတို့ယာဉ်တစ်စင်းနစ်မြုပ်ခဲ့ရာ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိများက ဇူလိုင် ၇ ရက်တွင် ပြောကြားသည်။ ဖြစ်ပွားမှုမှာ ခရီးသည် ၅၀ ကျော်ထင်ဆောင်လာသော ၄င်းကူးတို့ယာဉ်သည် ဒါကာမြို့အရှေ့တောက်ဘက် ၁၇ ကီလိုမီတာအကွာ ဆီတာလာခယာမြစ်အတွင်း ရေနံတင်သင်္ဘောကြီးတစ်စင်းမှ ဖြစ်ပေါ်လာသည့် ရေလှိုင်းများ၏ ရိုက်ပုတ်မှုကြောင့် ဇူလိုင် ၇ ရက် ညနာရီခန့်က တိမ်းစောင်းနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**တာလီဘန်တို့ တိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ၇၈ ဦးသေဆုံး**
(ကဘူးလ်၊ ဇူလိုင်)
အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါကစ္စတန်နယ်စပ်ရှိ နျရီစတန်ပြည်နယ်တွင် တာလီဘန်တို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူဦးရေ ၇၈ ဦးသေဆုံးခဲ့သည်ဟု ပြည်နယ်အစိုးရ တာဝန်ရှိသူများက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်ရက်အတွင်း အဆိုပါနယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၃၃ ဦးခန့် သေဆုံးခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၄၀ ဦး အရပ်သားငါးဦးသေဆုံးခဲ့ရကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျာမာလူဒင်ဘာဂါက ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
**စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်၊ မျိုးမင်းဟိန်း**

No comments:
Post a Comment