အမြင့်မြတ်ဆုံး ဘ၀နေနည်း လေးမျိုးရှိကြောင်း ဗုဒ္ဓစာပေတွင် ဖော်ပြထားသည်၊၊
အမြတ်ဆုံး ဘ၀နေနည်း လေးမျိုးဆိုတာ---
(၁) မေတ္တာဖြင့် နေခြင်း
(၂) ကရုဏာဖြင့် နေခြင်း
(၃) မုဒိတာဖြင့် နေခြင်း
(၄) ဥပေက္ခာဖြင့် နေခြင်းတို့ ဖြစ်သည်၊၊
“မေတ္တာ”အကြောင်း စာတမ်းတခုရေးဖို့ အကြံပြုထားပါသည်၊ စာဖတ်သူအားလုံးအတွက်
ပါဠိစာပေ ဗဟုသုတနှင့် အကျိုးကျေးဇူးများသည့် အကြံပေးချက်ဖြစ်၍ အရှင် မေတ္တာနှင့်
ဆက်စပ်သည့် ပါဠိစာပေ အထောက်အထား အချက်လက်များကို ရှာဖွေစုစည်းပြီး “မေတ္တာ
စာတမ်း”ကို ရေးလိုက်ပါသည်၊၊
‘မေတ္တာ’ဟူသော ပါဠိပုဒ်ကို အဓိပ္ပါယ်များစွာ ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊
စာဖတ်သူအတွက် အဆင်လည်းပြေ၊ အဓိပ္ပါယ်ဖွင့်ဆိုချက် အားလုံးကိုလည်း ငုံမိစေတဲ့
တစ်လုံးတည်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရှင် လေ့လာကြည့်သောအခါ "မေတ္တာ"ဟူသည်
“အကျိုးလိုလားမှု” ဟူ၍ ဖြစ်ပါ သည်၊၊ တပါးသူ၏ အကျိုးကို လိုလားမှုကို မေတ္တာဟု
ခေါ်ဆိုကြောင်း လေ့လာရပါသည်၊၊
သတိပြုရန်မှာ တခါတရံတွင် ‘အချစ်’က မေတ္တာအသွင်ဆောင်၍ လူတွေကို
လှည့်စားတတ်သည်ဆိုသည့် အချက်ဖြစ်သည်၊၊ ‘အချစ်’နှင့်‘မေတ္တာ’မှာ
ဘာသာစကားခြင်း မတူရုံမျှမက အဓိပ္ပါယ်လည်း များစွာ ကွာခြားကြောင်း လေ့လာရပါသည်၊၊
ဗုဒ္ဓဘာသာတွင် မေတ္တာပို့ ကျင့်စဉ်တစ်ခု ရှိပါသည်၊၊ ‘မေတ္တာ’ဆိုတာ
ပို့လို့ရပါသလားဟုမေးလျင်--ရသည်
ဟုဖြေဆိုရပါမည်၊၊ သို့သော် မေတ္တာပို့နည်း
စနစ်ကျဖို့တော့ အထူးလိုအပ်ပါသည်၊၊
မေတ္တသုတ်တွင် မေတ္တာပို့မည့်သူ၌ ထားရှိရမည့် စိတ်ဓာတ်ကို
ဤသို့ဖော်ပြထားပါသည်--“ရင်သွေး တစ်ဦးတည်းသာရှိသောမိခင်သည် ထိုရင်သွေးကို
အသက်နှင့်ရင်းနှီး၍ စောင့်ရှောက်လိုသော၊ အကျိုး လိုလားသော စိတ်ဓာတ်ရှိသသို
မေတ္တာပို့လိုသူသည်လည်း မိမိမေတ္တာပို့မည့် သူအပေါ်တွင် တကယ် အကျိုးလိုလားမှုနှင့်
စောင့်ရှောက်လိုမှု ရှိရမည်”ဟု ဖော်ပြထားပါသည်၊၊ မေတ္တာပို့မည့်သူ၏
သန္တာန်တွင်လည်း မိခင်အရင်းက သားသ္မီးကို စောင့်ရှောက်လိုသော၊
အကျိုးတကယ်လိုလားသော စိတ်ဓာတ်များ မွေးမြူ ထားရမည် ဖြစ်သည်၊၊
မေတ္တာပို့လိုသူသည် မေတ္တာမပို့ခင် မိမိမေတ္တာပို့မည့်သူ၏ ရုပ်အသွင်ကို အာရုံတွင်
ကြည်ကြည် လင်လင် ပေါ်လာအောင် ကြည့်ရပါမည်၊၊ ပေါ်လာပြီဆိုမှ စိတ်ပါလက်ပါ
မေတ္တာပို့ရမည် ဖြစ်ကြောင်း ပါဠိစာပေက ဆိုထားပါသည်၊၊ မေတ္တာပို့သောအခါတွင်
ဘယ်သူကစ၍ မေတ္တာပို့ရမည်ကို သိရန်လိုအပ် ပါသည်၊ ပထမဆုံး မိမိကိုယ်တိုင်ကို စတင်၍
မေတ္တာပို့ရပါသည်၊၊ မိမိကိုယ်ကို မေတ္တာပို့သည့် အခါတွင် လည်း မိမိရုပ်အသွင်ကို
မှန်ရှေ့မှာရပ်၍ ကြည့်သလို ထင်လာအောင် အာရုံတွင်ထင်ပေါ်စေပြီးမှ
မေတ္တာပို့ရပါသည်၊၊
များသောအားဖြင့် လူအများ မေတ္တာပို့သည့်အခါ သူတပါးကိုချည်း မေတ္တာပို့နေတတ်ကြသည်၊
မိမိကိုယ်ကို မေတ္တာစပြီး ပို့ရကြောင်းသိသူ နည်းနေသေးသည်၊၊ ပါဠိစာပေအရ
မေတ္တာပို့သည့်အခါ အစဆုံး မိမိကိုယ်ကို မေတ္တာပို့ပြီးမှ ထိုမေတ္တာကို
အခြားသူများသို့ ဖြန့်ဝေပေးရခြင်း ဖြစ်သည်၊၊ သတိပြုသင့်သည့် အခြားတစ်ခုမှာ
သေပြီးသူကို မေတ္တာပို့၍ မရဆိုသည့် အချက်ဖြစ်သည်၊၊ သေပြီးသူသည် မည်သည့်ဘုံဘ၀တွင်
မည်သည့် သတ္တ၀ါမျိုးဖြစ်နေသည်ဟု အတိအကျ မသိရတော့သည့်အတွက် ထိုသူ၏ရုပ်အသွင်ကို
အာရုံတွင်မြင်ကြည့်၍ မရတော့ပါ၊ ထို့ကြောင့် သေလွန်ပြီးသူကို ဗုဒ္ဓဘာသာအလိုအရ
မေတ္တာ မပို့ရတော့ဘဲ၊ ကုသိုလ်ပြုပြီး အမျှပေးဝေရန်သာ ဖြစ် ပါသည်၊၊
ကွယ်လွန်ပြီးသည့် မိဘဆွေမျိုးများကို ကျန်းမာပါစေ ချမ်းသာပါစေဟု
မေတ္တာပို့နေသူများကို တွေ့ခဲ့ရဘူးသည်၊၊ သေပြီးသူကို မေတ္တာပို့၍ မရကြောင်း
သတိပြုရပါမည်၊၊ မေတ္တာစတင် ပို့သည့်အခါ တွင်လည်း သိပ်ချစ်လွန်းသူများနှင့်
သိပ်မုန်းလွန်းသူများကို နောက်ဆုံးထား၍ မေတ္တာပို့ရပါသည်၊၊ အကြောင်းမှာ
သိပ်ချစ်သူကို အစဆုံးမေတ္တာပို့သည့်အခါ လိုအပ်သည့်မေတ္တာအပြင် ဆန္ဒရောသည့်
အချစ်စိတ်များ ဖြစ်ပေါ်လာတတ်၍ ဖြစ်ပြီး၊ သိပ်မုန်းသည့်သူများကို
မေတ္တာအရင်ပို့မိလျှင် မေတ္တာအစား ဒေါသများ ၀င်လာတတ်၍ဖြစ်သည်ဟု စာပေက
ရှင်းပြပါသည်၊၊
မေတ္တာကို ပထမဆုံး---
မိမိကိုယ်ကို စတင်ပို့ရပါသည်၊
ဒုတိယအနေဖြင့် လေးစားထိုက်သူများကို ပို့ရပါသည်၊
တတိယအနေဖြင့် ချစ်ခင်သူများကို ပို့ရပါသည်၊
စတုတ္ထအနေဖြင့် မချစ် မမုန်းသူများကို ပို့ရပါသည်၊
ပဉ္စမအနေဖြင့် မုန်းသူများကို ပို့ရပါသည်၊၊ ဤမေတ္တာပို့အစဉ်မှာ
ဝိသုဒ္ဓိမဂ်ပါဠိတော် ညွန်ကြားချက်နှင့် အညီဖြစ်ပါသည်၊၊ (မေတ္တာပို့ပုံများကို
အောက်ဆုံးတွင် သီးခြားဖော်ပြပါမည်)၊၊
သီးခြားအနေဖြင့် မေတ္တာပို့နည်း သုံးမျိုးရှိသေးကြောင်းလည်း ပါဠိတော်တွင်
ဖော်ပြထားပါသည်---
(၁) ဒေသအလိုက် မေတ္တာပို့နည်း၊
(၂) ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်း၊
(၃) ရည်ညွှန်း မေတ္တာပို့နည်းတို့ ဖြစ်ပါသည်၊၊
ဒေသအလိုက် မေတ္တာပို့နည်းမှာ မိမိ မေတ္တာပို့မည့် မြို့၊ ရွာ၊ တိုင်း၊
နိုင်ငံနာမည်ကို အတိအကျ ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်သည်၊၊ ဤနည်းဖြင့်
မေတ္တာပို့သည့်အခါ မိမိအိမ်မှစတင်ပြီး ဒေသအသီးသီး နိုင်ငံအသီးသီးကို
နာမည်ဖော်ပြ၍ မေတ္တာပို့ရမည် ဖြစ်ပါသည်၊၊
ပုဂ္ဂိုလ်အလိုက် မေတ္တာပို့နည်းမှာ
မိမိမေတ္တာပို့လိုသူ၏ နာမည်အတိအကျကို ဖော်ပြ၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊
ဤနည်းဖြင့် မေတ္တာပို့သည့်အခါတွင် မိမိနာမည်မှစ၍ အခြားမေတ္တာပို့လိုသော
သူများ၏ နာမည်များကို ဖော်ပြပြီး မေတ္တာ ပို့ရမည် ဖြစ်ပါသည်၊၊
ရည်ညွှန်း မေတ္တာပို့နည်းမှာ မည်သူမည်ဝါ၊ မည်သည့်ဒေသဟု နာမည် အတိအကျ မဖော်ပြဘဲ
စင်္ကြာဝဠာ ရှိရှိသမျှ သတ္တ၀ါအားလုံးကို ရည်ညွှန်း၍ မေတ္တာပို့နည်း ဖြစ်ပါသည်၊၊
(ဤနည်းများဖြင့် မေတ္တာပို့နည်းများကိုလည်း အောက်ဆုံးတွင်ဖော်ပြပါမည်)
ပါဠိစာပေတွင် “မေတ္တာစေတော ၀ိမုတ္တိ”ဆိုသောပုဒ် တစ်ပုဒ်ရှိပါသည်၊၊
အဓိပ္ပါယ်မှာ“မေတ္တာများဖြင့် လွပ်လပ်နေသူ”ဟူ၍ ဖြစ်သည်၊၊ ဖော်ပြခဲ့ပြီးသော
နည်းများဖြင့် မေတ္တာပို့နိုင်သူများသည် မေတ္တာဖြင့် ဘ၀လွပ်လပ်သူဟု
ခေါ်ဆိုနိုင်ကြောင်း သိမှတ်ရန်ဖြစ်သည်၊၊ ဘယ်အရာတွေမှ ဘ၀လွပ်လပ်သူဖြစ်
ပါသလဲဆိုလျှင် လောဘ ဒေါသ မောဟနှင့် မာန၊ အတ္တ၊ မစ္ဆရိယ စသည့် စိတ်အညစ်အကျေးများမှ
လွပ်လပ်သူ ဟူ၍ ဗုဒ္ဓရှင်တော်က ရှင်းလင်း သင်ပြထားပါသည်၊၊
မေတ္တာစိတ်နည်းပါးနေသူသည် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျဉ်းကျနေသူ
ဖြစ်သည်ဟုဖော်ပြ ထားပြန်ပါသေးသည်၊ လောဘ ဒေါသ မောဟနှင့် အတ္တ မာနထောင်များတွင်
အကျဉ်းစံနေရသူဟု စာပေတွင် မှတ်တမ်းတင်ထားပါသည်၊၊
မေတ္တာစိတ် ခေါင်းပါးလွန်းလာပြီဆိုလျင် အများနှင့် မဆိုထားဘိ
တစ်ယောက်တည်း နေလျှက်ပင် အလိုမကျ ရန်တွေ့နေတတ်ပါသည်၊၊ ဤသူများကို
ဒေါသ အကျဉ်းစံများ ဟု ခေါ်ဆိုရမည် ဖြစ်ပါသည်၊၊
မေတ္တာ၏ အစောဆုံး အကျိုးကျေးဇူးမှာ“ကိုယ် စိတ်လွပ်လပ်နေမှု”ဖြစ်ပါသည်၊၊ ကိုယ်
စိတ်လွပ်လပ် ပေါ့ပါးပြီး အကျိုးလိုလားသော စိတ်သက်သက်ဖြင့် မေတ္တာပို့လိုက်လျင်
မေတ္တာပို့သူရော မေတ္တာအပို့ခံ ယူရသည့်သူပါ မေတ္တာ၏ အကျိုးကို
တကယ်ရရှိနိုင်ကြောင်း
ပါဠိစာပေ နေရာများစွာတွင် ဆိုထားပါသည်၊၊
ပါဠိတော်တွင် တိုက်ရိုက်လာသည့် မေတ္တာပို့သူ ရရှိနိုင်သောအကျိုး ဆယ့်တစ်မျိုး
ရှိကြောင်းကို လေ့လာ ရပါသည်---
(၁) မေတ္တာရှင်များသည် အိပ်စက်၍ လွယ်ကူသည်
၊
(၂) မေတ္တာရှင်များသည် ကြည်ကြည်လင်လင် အိပ်ရာမှ နိုးထနိုင်သည်၊၊
(၃) မေတ္တာရှည်များသည် အိပ်မက်ဆိုး မြင်မက်မှု မရှိနိုင်ပါ၊
(၄) မေတ္တာရှင်များသည် အများ၏ ချစ်ခင်မှုကို ရရှိသည်၊
(၅) မေတ္တာရှင်များသည် မမြင်ရသည့် ပုဂ္ဂိုလ်ထူးများ၏ ချစ်ခင် စောင့်ရှောက်မှုကို
ရသည်၊
(၆) မေတ္တာရှင်များသည် နတ်တို့ ချစ်ခင်စောင့်ရှောက်မှုကို ရသည်၊
(၇) မေတ္တာရှင်များသည် မီး အဆိပ် လက်နက်စသော ဘေးအန္တရာယ်များ မကျရောက်နိုင်ပါ၊
(၈) မေတ္တာရှင်များသည် စိတ်ကြည်လင် လွယ်ပါသည်၊
(၉) မေတ္တာရှင်များသည် မျက်နှာအသွင် တည်ကြည်ကြသည်၊
(၁၀) မေတ္တာရှင်များသည် သက်တမ်းစေ့ နေနိုင်ပြီး၊ သေဆုံးသည့်အခါ ချမ်းသာစွာ
သေဆုံးနိုင်သည်၊
(၁၁) မေတ္တာရှင်များသည် နိဗ္ဗာန်မရသေးခင်၊ ဘ၀သံသရာများတွင် အထက်တန်းကြသော
ဘ၀များတွင် ဖြစ်နိုင်သည် ၊၊
မေတ္တာပို့နည်းနှင့် မေတ္တာပို့မည့်သူ၏ လိုအပ်သည့်စိတ်ထားများကို တင်ပြ၍
လုံလောက်ပြီဟု အရှင်ယူဆပါသည်၊၊ ယ္ခုအခါ မေတ္တာအသီးသီးပို့ပုံ ပို့နည်းများကို
တင်ပြ ဆွေးနွေး သွားပါမည်၊၊
မိမိကိုယ်ကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်ကိုယ်တိုင် ရန်မရှိ ဖြစ်ပါစေ၊ ဆင်းရဲမှု မရှိ ဖြစ်ပါစေ၊
စိတ်ဆင်းရဲမှု မရှိ ဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
မိဘနှစ်ပါးကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ မိဘနှစ်ပါး ရန်မရှိ ဖြစ်ပါစေ၊ ဆင်းရဲမှု မရှိ ဖြစ်ပါစေ၊

ချစ်ခင်သူကို မေတ္တာပို့ပုံ---
ဘုရားတပည့်တော်၏ ဇနီး/ခင်ပွန်း ရန်မရှိ ဖြစ်ပါစေ၊ ဆင်းရဲမှု မရှိ ဖြစ်ပါစေ၊
စိတ်ဆင်းရဲမှု မရှိ ဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊ (မှတ်ချက်/
ဤနည်းအတိုင်း မချစ် မမုန်းသူနှင့် မုန်းသူများကိုလည်း မေတ္တာပို့ပါ)
ဒေသအလိုက် မေတ္တာပို့ပုံ---
ရန်ကုန်မှာနေသည့် ဘုရားတပည့်တော်၏ မိသားစု ရန်မရှိ ဖြစ်ပါစေ၊ ဆင်းရဲမှု
မရှိ ဖြစ်ပါစေ၊ စိတ်ဆင်းရဲမှု မရှိ ဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ နေရပါစေ၊၊
အမေရိကားတွင် နေသည့် ဘုရားတပည့်တော်၏ မိခင် ရန်မရှိ ဖြစ်ပါစေ၊ ဆင်းရဲမှု
မရှိ ဖြစ်ပါစေ၊ စိတ် ဆင်းရဲမှု မရှိ ဖြစ်ပါစေ၊ ကိုယ်စိတ်ချမ်းသာစွာ
နေရပါစေ၊၊ (စသည်ဖြင့် ဒေသနာမည်များကို ဖော်ပြ၍ မေတ္တာပို့သ နိုင်ပါသည်)
အရပ်မျက်နှာအလိုက် မေတ္တာပို့ပုံ---
အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာ အနန္တသတ္တ၀ါတို့ ဘေးရန်ခပ်သိပ် ငြိမ်းကြပါစေ၊
ကြောင့်ကြခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ၊ (ဤနည်းအတိုင်း အရပ်ဆယ်မျက်နှာသို့ မေတ္တာဖြန့်ဝေရန် ဖြစ်သည်)
မေတ္တာနှင့် ဆက်စပ်သည့် မှတ်သားဖွယ်များကို တင်ပြလို့ အတိုင်းတာ
တခုအထိ လုံလောက်ပြီဟု အရှင်ယူဆပါသည်၊လုံးဝ ပြည့်စုံသည်ဟုကား မဆိုသာပါ၊၊
ဒီ့ထက်ပို၍ အသေးစိတ်သိလိုသူများ အရှင့်Gmail မှဆက်သွယ်၍ မေးမြန်းနိုင်ပါသည်၊
စာတမ်းပုံစံဖြင့် တင်ပြသောအခါ သိပ်ရှည်လွန်းသွားလျင် စာဖတ်သူ ငြီးငွေ့တတ်သည့်
သဘာဝကို စာရေးသူများ နားလည်ရပါသည်၊၊ တိုက်တွန်းချက်တခု အနေဖြင့် (ဦးသုခ)
ရေးသော
မေတ္တသုတ် စာအုပ်ကိုလည်း ဖတ်မှတ်လေ့လာဖို့ တိုက်တွန်းလိုပါသည်၊၊
“အလင်း စက်” စာဖတ်ပရိတ်သတ်များ မေတ္တာပြည့်ဝသူများ ဖြစ်ပြီး၊ မေတ္တာများဖြင့်
ဘ၀အခက်ခဲ၊ သံသရာ ဆင်းရဲများကို ကျော်နိုင်သောသူများ ဖြစ်ပါစေကြောင်း
မေတ္တာပို့သလျှက် စာတမ်းကို အဆုံးသတ်လိုက်ပါတယ်၊၊
**အရှင်ကေ၀လ(အလင်း စက်)**
(၈.၁၀.၂၀၁၀)
(မေတ္တသုတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော်၊ ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့်
ဝိသုဒ္ဓိမဂ် ပါဠိများကို ကိုးကား၍ ဤစာတမ်းကို ရေးပါသည်)
..................................................................................
ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ်တက်၏။
ရုပ်နာမ်ဓမ္မသင်္ခါရတို့ ကိုယ်က ဤပုံ ဖြစ်လိုတုန်လည်း
တစ်ဖုံဆင်ကွဲ သူတနဲ ဖြင့်
ဖောက်လွဲတက်စွာ ဓမ္မတာကို
ပညာစက္ခု မျှော်ထောက်ရှု ၍
ယခုကပင်လျှင် မအိုခင်က
ယခုကပင်လျှင် မနာခင်က
ယခုကပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားလော့ (ကျေးဇူးရှင် မင်းကွန်းဆရာတော်)
အားလုံးသော သူငယ်ချင်းများ မေတ္တာ ပို့ တတ်စေရန်ရည်ရွယ် ပါသည် ။
fm fwd mail
**kyawsoe Moe**

No comments:
Post a Comment