ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ စကားတွေ ပြောဆိုကြရတယ်..။ မိသားစုအချင်းချင်း ပြောကြတယ်..။ မိတ်ဆွေတွေနဲ့ပြောကြတယ်..။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဘက်တွေ အချင်းချင်းနဲ့ ပြောကြတယ်..။ ချစ်သူခင်သူတွေနဲ့လည်း အပြန်အလှန်ပြောကြတယ်..။
စကားတွေပြောရင်းနဲ့ပဲ ရင်းနှီးခွင့်တွေရတယ်။ သိလိုတာတွေ သိခွင့်ရတယ်..။ မိတ်ဆွေတွေ တိုးပွားကြရတယ်..။ ချစ်သူခင်သူတွေနဲ့လည်း ဆုံခွင့်တွေ့ခွင့် ရခဲ့ကြတယ်..။ စကားတွေ ပြောရင်းနဲ့ပဲ ငြင်းခုံခွင့်တွေရကြတယ်..။ အယူအဆတွေ ဖလှယ်ခွင့်ရတယ်..။ စကားတွေ ပြောရင်းနဲ့ပဲ မုန်းတွေ ပွားရတယ်…။ အရင်းနှီးဆုံး မိတ်ဆွေတွေကနေ အမုန်းဆုံး ရန်သူတွေလည်း ဖြစ်ကြရတယ်..။
စကားတွေကတော့ ပြောနေကြတာဘဲ…။ စကားတစ်ခွန်းကြောင့်ပဲ စိတ်ချမ်းမြေ့မှုတွေ ရရှိသွားတယ်..။ စိတ်ဓာတ်ခွန်အားတွေလည်း တိုးလာရတယ်..။ ထောင်မတ်သွားတဲ့ ဘ၀တွေလည်းရှိခဲ့တယ်..။
လက်လွတ်စပယ်ပြောလိုက်တဲ့ စကားတခွန်းကြောင့် တဘက်သားကို ထိခိုက်နစ်နာရတယ်..။ ဘ၀တွေလည်း ပျက်ကြရတယ်..။ စကားတစ်ခွန်းကြောင့်ပဲ စစ်မက်တွေ ဖြစ်ပွားရတယ်..။ စကားတွေပြောကြရင်းနဲ့ပဲ ငြိမ်းချမ်းရေးတွေ တည်ဆောက်ခွင့်ရကြတယ်..။ စကားတွေ ပြောရင်းနဲ့ပဲ.. နှုတ်ဖျားလေး ဟလိုက်ယုံနဲ့ အူဘယ်နှစ်ခွေရှိတယ်ဆိုတာ သိနိုင်သလို လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတယ်။ စကား စကားပြောဖန်များ စကားထဲက ဇာတိပြ ။ နှုတ်တစ်ရာ စာတစ်လုံးဆိုတာတွေကလည်း စကားတွေ ပြောရင်းရလာတဲ့ စကားပုံတွေပဲလေ။
စကားတွေကို… အပျင်းပြေ ပြောနေသင့်လား..။ စကားဆိုတာ လိုအပ်မှရောမပြောသင့်ဘူးလား။ စကားတွေကို.. ချင့်ချိန်ပြီး မပြောသင့်ဘူးလား..။ စကားတစ်ခွန်း မပြောခင် ပြောသင့်ရဲ့လား၊ ပြောခွင့်ရှိရဲ့လား၊ ပြောဘို့ရောလိုလို့လား…. ဆိုတာ စဉ်းစားမိကြလား။ ကိုယ်ပြောလိုက်တဲ့ စကားတွေကြောင့် ရလာတဲ့ ရလဒ်တွေကိုရော ခံယူဘို့ အသင့်ဖြစ်ကြပြီလား..? ကိုယ်ပြောလိုက်တဲ့ စကားကိုရော တာဝန်ယူရဲကြရဲ့လား..? အပြောနဲ့ အလုပ်ရော ညီကြရဲ့လား..?
ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ရလာတဲ့ ရလဒ်အပေါ်မှာရော စိတ်သန့်သန့်နဲ့ မုဒိတာ ပွားနိုင်ရဲ့လား..? ပြောခွင့်မရလိုက်ရဘဲ မြိုသိပ်ပြီး နေလိုက်ရလို့ ရလာတဲ့ ရလဒ်တွေကရော ခါးသီးနေမလား….? ဒါမှမဟုတ်… ချိုမြိန်နေရဲ့လား..?
ကဲ… ကျွန်မနဲ့အတူ စဉ်းစားကြည့်ရအောင်လား..?
**မြသွေးနီ **
t

No comments:
Post a Comment