ကိုဝေဖြိုး၏ မိဘများ ဘုရားဖူးရင်း ရန်ကုန်အလည်လာကြမည် ဆိုသောသတင်းက နေခြည်သွေးကို စိတ်လှုပ်ရှား၊ ဗျာများသွားစေပါသည်။ သူတို့၏ အထပ်မြင့်တိုက်ခန်းရှေ့မှာ ဖြစ်နိုင်လျှင် ရာဇမတ်ကာ၊ သဲဖြူခင်း၍ ပင် ကြိုဆိုချင်သေး သယောင်။
သည် အခွင့်အရေးမျိုးကိုပဲ သူမစောင့်ဆိုင်နေခဲ့တာ ကာလအတန်ကြာခဲ့ပြီ မဟုတ်လား။ ကိုဝေဖြိုးနှင့် လက်ထပ်ပြီးစ သူ့မိဘများနေထိုင်ရာ နယ်မြိုကကလေးဆီ ဆွေပြမျိုးပြလိုက်လည်ဖြစ်ခဲ့သော လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက။
``မယား..တောသူ´´ ဆိုရိုးကို လက်ကိုင်ပြုနေဆဲ၊ ရှေးရိုးစွဲကြသော ကိုဝေဖြိုး၏ မိဘများက ရန်ကုန်သူစင်စစ်ဖြစ်သော နေခြည်သွေးအား လှိုက်လှဲနွေးထွေးမှုနည်းပါးလိုက်တာဟု သူမခံစားခဲ့ရသည်။ ထိုခံစားချက်က ရင်ထဲမှာ ဆူးတစ်ချောင်းနှယ် ခုတုတု၊ မျက်ရှရှ။
``မေမေတို့၊ ဖေဖေတို့က…ရိုးလွန်းလို့ပါချစ်ရယ်´´
``ဟွန်း…ချစ်ကပဲ သူတို့သားကို ဖြားယောင်းပြီး မတရားသိမ်းပိုက်ထားတော့သလိုလို….´´
တစ်ပါတ်ခန့် အလည်ခရီးမှာ နေခြည်သွေးတစ်ယောက် ငါးခါလောက် စိတ်ကောက်ခဲ့ရ တာမို့ ဝေဖြိုးခမျာလည်း စိတ်ညစ်၊အနေခက်ခဲ့ရရှာသည်။ ဇနီး အသစ်စက်စက်ကလေးကို ပြေရာပြေကြောင်း အရိပ်ကြည့်၊ ချော့မော့နေရတာနှင့် ဆွေမျိုးစေ့စုံအောင် နှုတ်မဆက်ခဲ့ရပေ။
ခုတော့…ယောက္ခမစုံတွဲ နေခြည်သွေးတို့ထံ တစ်ပြန်တစ်လှည့် အလည်ရောက်လာ ခဲ့ကြပြီ။
``ဖေဖေနဲ့ မေမေ…အေးအေးဆေးဆေးပဲမဟုတ်လား။ အကြာကြီးနေရမှာနော်။ ဘုရားစုံဖူး၊ နေရာစုံလည် ပြီးမှ ပြန်ရမယ်။ ´´
နေခြည်သွေး၏ ဧည့်ဝတ်ကျေပြွန်မှုတို့က အနည်းငယ်ပိုလွန်သည်ဟု ကိုဝေဖြိုးက တွေးနေမိသည်။`` သူများလို တို့မရိုင်းတယ်၊ တိုင်းသိပါရဲ့´´..ဟုစိတ်မှာ မြည်တမ်းနေသေးသယောင်။
တကယ်တမ်းမှာ သူ့ဇနီးနေခြည်သွေးသည် စိတ်ရင်းကောင်းသူကလေးသာဖြစ်ပါသည်။ မိဘမဲ့ဘ၀မှာ ဦးလေး၊အဒေါ်များထံ ခိုကပ်နေထိုင်၊ကြီးပျင်းခဲ့ရဖူးသူမို့ သူတပါး၏အရိပ်အကဲကို အလွယ်တကူ ရိပ်မိနားလည်နေတတ်ကာ အောက်သက်ကျေကျ သိတတ်စွာဖြည့်ဆည်းပေဆပ်ရန် ၀န်မလေး၊ မတွန့်တို တတ်သူလည်းဖြစ်သေးသည်။
ရန်ကုန်မြို့တော်မှာ ဘွဲ့ကလေး တစ်လုံးပိုက်ကာ အသက်မွေးဝမ်းကျောင်းဘ၀တစ်ခု ကြိုးစားတည်ဆောက်ရင်း ကသီလင်တနိုင်ခဲ့ရသော သူ့ဘ၀မှာ နေခြည်သွေးက ဖေးမတွဲကူဖော်ရလှသော ရဲဘော်ရဲဘက်လည်း ဖြစ်ခဲ့သည်။
နှစ်ဦးသဘောတူ လက်ထပ်ခဲ့ကြပြီးနောက် သည်လေးလွှာ ၊ အထပ်မြင့်တိုက်ခန်းကျဉ်း ကလေးမှာ စခဲ့ရသောဘ၀ကို နေခြည်သွေးတစ်ယောက် အလွန်ကျေနပ်၊ဂုဏ်ယူမဆုံးနိုင်ခဲ့။ ကိုယ့်အိုး၊ကိုယ်အိမ်နှင့်ဘ၀ကို သူမတစ်သက်လုံးမျှော်လင့်ရင်ခုန်ခဲ့ရတာ မဟုတ်လား။
သူ့မိဘ၊ ဆွေမျိုးများအပေါ်တွင်လည်း မိဘအရင်းနှင့်မခြား ချွဲနွဲ့တွယ်တာချင်ခဲ့ပြန်သည်။ သို့ပေမယ့် ရိုးအေးသော ဖေဖေမေမေတို့က ရန်ကုန်သူ ပညာတတ်၊ ချက်ချာလည်ဝယ်ဟန်ရှိသော ချွေးမချောကို ရုတ်တရက် လှုက်လှဲနွေးထွေးစွာ ဖိတ်ကြိုရန် မ၀ံ့သလို ကိုယ်ရှိန်သတ်နေခဲ့ကြပါသည်။
ဤသည်ကို မကျေလည်နိုင်ခဲ့သော နေခြည်တစ်ယောက် သူမ အိမ်ရှင်ပြန်ဖြစ်ခွင့် ရခဲ့လျှင်တော့ ပျူငှာဖော်ရွေလွန်းမက အမူပိုနေပြန်တော့ပြီိ။
``ဖေဖေနဲ့ မေမေ….ဘာစားချင်လဲ´´
အနေအေးသော ဖေဖေကတော့….
``ထွေလီကာလီတွေ စီစဉ်ချက်ပြုတ်မနေပါနဲ့။ အလုပ်ရှုပ်၊ ပင်ပမ်းနေမယ်´´
မေကေလည်း ခြင်းတောင်းထဲမှ ပါလာသမျှ အစားအသောက် လက်ဆောင်တွေ တစ်မယ်ချင်းထုတ်ယူနေပြန်ကာ….
``မေမေတို့အတွက် ဈေးထွက်ဝယ်ခြမ်း၊ ဒုက္ခရောက်နေမှာ စိုးလို့ပါအေ။ ဒါတွေနဲကပဲ……ဟင်းဖြစ်အောင် ကြည့်စီစဉ်ပါ´´
မိသားစုစုံညီ ညစာထမင်းဝိုင်းလေးက ဖွယ်ရာမြိုင်ဆိုင်နေပြန်တာကြောင့် နေခြည့်အား ကိုဝေဖြိုးက လက်မထောင်ပြလိုက်ပါသည်။ နေခြည်အောင်မြင်လုပြီ။ သို့သော်….
ညစာအပြီးမှာတော့ တီဗီသတင်း ဖွင့်ထားပေးကာ ရေနွေကြမ်း၊ လက်ဘက်သုတ်ပန်းကန် အလည်ချရင်း စကားဝိုင်းဖွဲ့ဖြစ်ရန် နေခြည်က ရည်ရွယ်စီစဉ်နေပါသည်။
``ဟဲ့…ငါ့မှာ ဇာတ်လမ်းတွဲခွေ ပါလာသေးတယ်´´
သူနှင့် နေခြည်ကတော့ ဇာတ်လမ်းတွဲကြည့်သည့် အလေ့အကျင့် လုပ်မထားကြပါ။ တီဗီကလွှင့်နေချိန်နှင့် တိုက်ဆိုင်လျှင်တော့ ကြည့်ဖြစ်ကြပါသည်။ ဒါတောင် ကိုယ်နောက်ဆုံးကြည့်ခဲ့ ရသော ဇာတ်ကွက်၊ ဇာတ်လမ်းနှင့် လက်ရြှိကည့်နေသော ဇာတ်လမ်းကို မနည်းကြီး ဆက်စပ်စဉ်စားရင်း နှစ်ဦးသားငြင်းခုန်နေကြရတာနှင့် မကာမိ။ အမေကတော့…..
``ကျုပ်ကြည့်တာ ပထမတစ်ပြားပြီးသွားပြီ။ ဇာတ်ကအတော်အရှိန်တက်နေပြီရယ်။ကိုဖြိုးရေ…အပိုင်း (၁၂) ကစဖွင့်ပေး….´´
ထိုညဦးကို ကိုရီးယား ဇာတ်လမ်းတွဲက သိမ်းပိုက်သွားခဲ့ပါသည်။
နောက်တစ်ညမှာတော့…..
ကိုဝေဖြိုးတို့ ရပ်ကွက်က နေ့ဘက်တစ်လှည့်၊ ညတစ်လှည့်သာ မီးလာနေကျဆိုတော့ နေခြည်က LED မီးတိုင်လေးကို အခန်းထောင့် တစ်နေရာမှာ တင်ထွန်းပေးကာ ဧည့်ခံရှာပါသည်။
``ဟဲ့ မီးမလာသေးဘူးလား´´
``ဒီည….နေခြည်တို့အလှည့် မဟုတ်ဘူး မေမေ။ဟိုဘက် ရပ်ကွက်ကို လှည့်ပေးရမှာ။ နေခြည်တို့ဆီ နောက်နေ့ နံနက်စောစောမှ ပြန်လာမှာ….´´
ခဏငယ်မျှ စကားစမြည်ပြောနေဖြစ်ကြသေးသည်။ ဖေဖေရော..မေမေပါ စောစီးစွာ အိပ်ယာဝင်မည်ပြင်ကြတာမို့ သူတို့ နှစ်ယာက် စိတ်သက်သာရာ ရသွားကြပါသည်။ သူတို့လည်း စောစော အိပ်ယာဝင်ကြမည်။ နံနက်မီးလာချိန်မှာ အိပ်ယာစောစောပြန်ထကြရဦးမှာလေ။
ညဦးကတည်းက အစီစစဉ်အတိုင်း ကိုဝေဖြိုးက ရေတင်ရဦးမည်။ နေခြည့်အတွက် အ၀တ်လျှော်စက် ဖွင့်ထားပေးရမည်။ နေခြည်ကတော့ နံနက်စာအမီ ချက်ရေး၊ပြုတ်ရေးတို့ဖြင့် ဂျင်ခြေလည်ရဦးတော့မှာပင်။
``ဟင်…မေမေ။ အစောကြီးနိုးနေပါလား´´
အိပ်ယာမှ မထချင်၊ထချင် လူးလဲကျုံးထလာခဲ့ရသော ကိုဝေဖြိုးတစ်ယောက် အံ့သြတကြီး အိပ်မှုန်ပြယ်သွားသည်။
``နေခြည်တို့ အသံတွေဆူညံနေလို့ မေမေနိုးလာတာ ထင်တယ်။ ပြန်အိပ်လိုက်ပါဦးလား မေမေရဲ့။ မနက်ကျ ခေါင်းတွေကိုက်နေရင် လျှောက်မလည်နိုင်ပဲ ဖြစ်နေဦးမယ်´´
``ရပါတယ်။ နေ့လည်မှပဲ ပြန်အိပ်တော့မယ်။ ဘယ်မှ မလည်ရလည်း ရှိပါစေတော့။ ရွှေတိဂုံဘရားကြီး ဖူးရရင်ပဲ ကျေနပ်လှပါပြီ´´
``…………….´´
``ကိုဖြိုး….မေမေ့ကို ဟိုတစ်ညက ဇာတ်လမ်းတွဲခွေ ဖွင့်ပေးဦး´´
နေခြည်နှင့်သူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စကားမပြန်နိုင်။
မေမေတစ်တစ်ယောက် အိမ်ပြန်ရန်စိတ်စောနေတတ်ပြန်တာမို့ လည်ပတ်ရတာ စိတ်မဖြောင့်နိုင်ရှာပါ။ ဖေဖေက ဒေါတွေပွကာ…
``နောက်နေ့ကျ မင်းအိမ်စောင့်နေကျန်ခဲ့´´
မေမေ့ပုံစံက တကယ်ပဲ အိမ်မှာကျန်နေရစ်ကာ မီးလာချိန်စောင့်၍ ဇာတ်လမ်းတွဲကိုပဲ စောင့်စားကြည့်နေရစ်မည့်ပုံ။ နေခြည်တို့နှစ်ဦးသား ဖေဖေကို ဖြောင်းဖျ၊ မေမေ့ကိုချော့မော့နှင့် ဗျာများကြရပြန်သည်။
ခုတော့ ဖေဖေနှင့်မေမေ မြို့ပြန်ကြတော့မည်။
မေမေတို့အတွက် အိမ်အပြန်လက်ဆောင်တွေကြားမှာ နောက်ဆုံးထွက်သည့် နာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲ ဒီဗီဒီ အသစ်စက်စက်သုံးချပ်ကို မဖြစ်မနေ၊ မမေ့မလျော့ ထည့်ပေးလိုက်ဖို့ နေခြည်ကစလို့ စိတ်ကူးရသွားခဲပါသည်။
အဝေးပြေး ကားဂိတ်ဆီ လိုက်ပို့ပေးကြတော့ ကားထွက်ချိန်အထိ ကျေနပ်စွာ ပြုံးမြနေခဲ့သော မေမေက…..
``ခွင့်ရရင် နှစ်ယောက်စလုံး အလည်လာဖြစ်အောင် လာခဲ့ကြဦးနော်။ မေမေ မျှော်နေတော့မှာ…..´´
….တဲ့လေ။ ။
**သတိုး**

No comments:
Post a Comment