**အမေရိကန်နိုင်ငံ၌ အီရီနေမုန်တိုင်းကြောင့် ၃၈ ဦးသေဆုံး ၊မြောက်ကာရိုလိုင်းနားပြည်နယ်ဆေးရုံ၌ မုန်တိုင်းတိုက်ခတ်နေချိန် ရင်သွေးငယ် ၁၈ ဦးမွေးဖွား**
(၀ယ်လင်တန်၊ သြဂုတ် ၃၀)
အီရီနေဟာရီကိန်းမုန်တိုင်းသည် အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသရှိ မြောက်ကာရိုလိုင်းနားပြည်နယ်သို့ သြဂုတ် ၂၉ ရက်က ၀င်ရောက်တိုက်ခတ်ခဲ့ပြီး နယူးဂျာစီနှင့်ဗာမွန့်ဒေသများသို့လည်း တိုက်ခတ်ခဲ့ရာ လူသေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ၁၀ စုနှစ်အတွင်း အဆိုးရွားဆုံးရေလွှမ်းမှုများဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်အမျိုးသားဟာရီကိန်းဌာနက သြဂုတ် ၃၀ ရက်၌ သတင်းထုတ်ပြန်သည်။ မိုးသည်းထန်ပြီး ရေလွှမ်းမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကာ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင် မုန်တိုင်းကြောင့် သီတင်းတစ်ပတ်အတွင်း ပြည်နယ် ၁၁ ပြည်နယ်၌ သေဆုံးသူဦးရေ ၃၈ ဦးခန့်ရှိခဲ့သည်။ ကရစ်ဘီယံပင်လယ်တွင် အီရီနေမုန်တိုင်းစတင်ဖြစ်ပေါ် တိုက်ခတ်ခဲ့ရာတွင် ဒိုမီနီကန်နှင့် ပွာတိုရီကိုနိုင်ငံတို့တွင်လည်း သုံးဦးသေဆုံးခဲ့သည်။ နယူးယောက်မြို့တွင်လည်း အီရီနေမုန်တိုင်းဒဏ်ကြောင့် လူတစ်သန်းခန့် ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုအချိန်အထိ မြောက်ကာရိုလိုင်းနားပြည်နယ်တွင် အိမ် ၅ ဒသမ ၁ သန်းခန့် ဓာတ်အားပြတ်တောက်နေဆဲဖြစ်သည်။ ၄င်းမုန်တိုင်းတိုက်ခတ်နေစဉ်မှာပင် မြောက်ကာရိုလိုင်းနားပြည်နယ် ဆေးရုံတွင် ၁၈ နာရီအတွင်း ရင်သွေးငယ် ၁၈ ဦးကိုမွေးဖွားခဲ့ရာ နေ့စဉ် ပုံမုန် ရင်သွေး ၁၀ ဦးမှ ၁၁ ဦးသာမွေးဖားခဲ့ရာမှ စံချိန်တင်မွေးဖွားခဲ့သည်က ထူးခြားမှုဖြစ်ခဲ့သည်။ (အင်တာနက်)
(Nigeria Floods: At Least 20 Killed in Ibadan)
**နိုင်ဂျီးရီးယားနိုင်ငံ၌ မိုးသည်းထန်ပြီး ရေလွှမ်း၊ သေဆုံးသူ ၂၀ ရှိ**
နိုင်ဂျီးရီးယားအနောက်တောင်ပိုင်းတွင်ရေလွှမ်းမှုကြောင့် သေဆုံးသူဦးရေ ၂၀ ရှိကြောင်း နိုင်ငံ၏အရေးပေါ်ကယ်ဆယ်ရေးအေဂျင်စသီက သြဂုတ် ၂၉ ရက်၌ အတည်ပြုပြောကြားသည်။ သြဂုတ် ၂၆ ရက်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းဒေသတွင် နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ (အင်တာနက်)
**ပါကစ္စတန်နိုင်ငံ၌ ရထားနှစ်စင်းတိုက်မှုဖြစ်**
(အစ္စလမ္မဘတ်၊ သြဂုတ် ၃၀)
ပါကစ္စတန်နိုင်ငံလာဟိုးမြို့အရှေ့ပိုင်းတွင် သြဂုတ် ၃၀ ရက် နံနက်က ရထားနှစ်စင်းတိုက်မိခဲ့ရာ ခရီးသည် ၅ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အူရဒူရုပ်မြင်သံကြားသတင်းဌာနက သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှု လာဟိုမြို့တွင်း ဖြစ်သန်းဖောက်လုပ်ထားသော ရထားလမ်း၌ ကလေးငယ်တစ်ဦးသေဆုံးစေခဲ့သည့် ရထားတိုက်မှုဖြစ်ပွားပြီး ရပ်တန့်ထားသော ခရီးသည်တင်ရထားကို ကုန်တင်ရထားတစ်စင်းက နောက်မှဝင်တိုက်မိခဲ့ခြင်းဖြစ်သည်ဟု မီဒီယာများက ဖော်ပြသည်။ ၄င်းကုန်တင်ရထားအား လမ်းကြောင်းပြောင်းပေးရန် တာဝန်ရှိသူများက မေ့လျော့ခဲ့သဖြင့် ရပ်တန့်ထားသော ခရီးသည်ရထားကို ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်၌ ရဟတ်ယာဉ်ပျက်ကျ၊ယာဉ်ပေါ်လိုက်ပါသူ လေးဦးစလုံးသေဆုံး**
(အော့တ၀ါ၊ သြဂုတ် ၃၀)
သြဂုတ် ၂၉ ရက် ညပိုင်းက ကနေဒါနိုင်ငံ ကွီဘက်ပြည်နယ်အတွင်း ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ လေးဦးစလုံး သေဆုံးခဲ့သည်။ ကွီဘက်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ သစ်တောထူထပ်ရာ နယ်မြေအတွင်း ည ၉ နာရီ ၁၅ မိနစ်ခန့်က ယင်းရဟတ်ယာဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။ (အမ်အင်န်အေ၊ ဆင်ဟွာ)
စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment