အချိန်က ညနေ(၆)နာရီခွဲကာနီး။ တိတိကျကျပြောရရင် ၆နာရီနဲ့၂၈မိနစ်။ သူတို့နှစ်ယောက် ဆရာ့ဆီက ဖုန်းရချိန်မှာ ညနေဈေးလေးတွင် ဈေးဝယ်နေစဉ်ဖြစ်သည်။
“ မနက်၁၁နာရီက တစ်ကြိမ်လွှင့်သွားပြီးပြီ၊ အခုည(၇)နာရီတစ်ကြိမ်ထပ်လွှင့်မယ်၊ မနက်ထဲက ဖုန်းခေါ်နေတာ၊ အခုမှ ခေါ်လို့ရတယ်၊ စောင့်နားထောင်လိုက်ဦး”
“ စိတ်ချဆရာ.. သေချာနားထောင်လိုက်ပါ့မယ်ခင်ဗျာ..”
ဆရာ့ကို ပြန်ဖြေနေတဲ့ သူ့အသံတွေမှာ အပျော်တွေ စီးမျောပျော်ဝင်နေတာ သူမ မသိဘဲနေပါ့မလား။ သူမကိုယ်တိုင်ကရော…။ ၀မ်းသာအံ့သြစိတ်နှင့် မျက်လုံးအ၀ိုင်းသား။ ဆရာနှင့် ဖုန်းရပြီးချိန်မှာ သူတို့နှစ်ယောက် ဈေးဝယ်ရာမှ အာရုံဝင်စားလို့ မရတော့။ ငါးကြင်းသုံးဆယ်သား အရင်လို အလေးပြည့်မပြည့်လည်း သူတို့ မစူးစမ်းလိုတော့။ ပန်းဂေါ်ဖီနှစ်ပွင့်ကို ရှစ်နှစ်ရာနဲ့ ယူသွားပါလို့ ဈေးသည်က ထိုးပေးတာကိုလည်း မငြူမစူ ယူမိလို့။ စိတ်လှုပ်ရှားစွာ၊ ပျော်ရွှင်စွာဖြင့် မျက်စိရှေ့ အဆင်ပြေ၊ အလျဉ်းသင့်ရာ ဟင်းသီးဟင်းရွက်များကို ခပ်မြန်မြန် ကောက်ဝယ်မိလိုက်ကြသည်။
ခက်တာက သူတို့မှာ ရေဒီယိုနှင့်တူတာဆိုလို့ တစ်လုံးမျှမရှိ။ အိမ်မှာ အရင်တုန်းက အဖေ နားထောင်ထောင်နေသည့် ရေဒီယိုအစုတ်လေးလည်း အခုတော့ ဘယ်နားရောက်သွားသည် မသိ။ အခုအချိန်မှာမှ အိမ်ပြန်ရှာနေဖို့လည်း မဖြစ်နိုင်၊ မမှီနိုင်တော့။ ဘယ်နေရာမှာ သူတို့ သွားနားထောင်ရင် ကောင်းမလဲလို့ နှစ်ယောက်သား အမြန်စဉ်းစားမိကြသည်။ သူမ၏ မျက်နှာပေါ်က စိတ်ပျက်အရိပ်ယောင် တစွန်းတစ မြင်လိုက်ရလို့လားမသိ သူက..
“ ဒါလေးများ.. အခုချက်ချင်းသွားဝယ်လို့ရတယ်၊ ဒီနေ့ မဟေသီမှာ စာမူခငါးထောင် ထုတ်ထားတယ်၊ ဂုဏ်ပြုတဲ့ အနေနဲ့ ၀ယ်ပေးမယ်၊ ပြောနေတာ ကြာတယ်၊ လာ… အခုသွားမယ်…”
မချိုမချဉ်ပြောလျှက်က စိတ်မြန်လက်မြန်နှင့် သူမလက်ကို ဆွဲလို့ ၁၀မိနစ်လောက်လျှောက်ရင် ရောက်နိုင်တဲ့ ၃၄လမ်းထိပ်က မီနီမားကက်တစ်ခုစီ သူမတို့ရောက်ခဲ့၏။ သူ့စိတ်ကြိုက် လိုင်းအားလုံး ဖမ်းလို့ရသည့် မီးခိုးရောင်ရေဒီယိုလေးတစ်လုံးကို သူကရွေးချယ်လိုက်ပြီး တစ်ချိန်ထဲမှာပင် သူဖမ်းလိုသည့် စီးတီးအက်ဖ်အမ်လိုင်းကို ဖမ်းကြည့်လိုက်သည်။ ပီပီသသ အသံဖမ်းလို့ ရလိုက်တော့ ကျေနပ်စိတ်ဖြင့် သူတို့နှစ်ယောက်ပြိုင်တူ ပြုံးမိပြန်တော့ အရောင်းကောင်တာက ကလေးမလေးပါ သူတို့နှစ်ယောက်ရဲ့ အလျင်လိုနေတဲ့ဟန်၊ ထူးခြားအမူအရာတွေပေါ် ပြုံးတုံ့တုံ့ ဖြစ်နေလေသည်။
သူတို့နှစ်ယောက်၏ လက်နှစ်ဘက်လုံး မအားကြပေ။ သူ၏ ပခုံးပေါ်က ပင်နီရောင် ဖျင်လွယ်အိတ်ကလည်း ထုံးစံအတိုင်း စာရွက်စာတမ်းများနှင့် ဖောင်းကားလို့နေသည်။ သူ၏ ညာဘက်လက်ထဲမှ ပလပ်စတစ်အိတ်ပျော့ထဲတွင် ညနေဈေးမှ ၀ယ်ယူလာသည့် နောက်တစ်နေ့အတွက် ဟင်းသီးဟင်းရွက်၊ ဟင်းလျာများက ထိုးထိုးထောင်ထောင်။ သူ့ရဲ့ ဘယ်ဘက်လက်ဖ၀ါးက သူမ၏ညာဘက်လက်ဖ၀ါးကို တင်းတင်းဆုတ်ကိုင်လျှက် ကားများ ဥဒဟိုသွားနေသည့် ရှုပ်ထွေးလမ်းမကြီးကို ဟိုသည်ကွေ့ရှောင်ကာ ကျော်ဖြတ်လိုက်သည်။ သူမ၏ လွတ်နေသည့် ဘယ်ဘက်လက်ထဲမှာတော့ သူမ၏ ရုံးထမင်းဘူး၊ ခေါက်ထီး၊ မျက်မှန်အိတ်၊ တယ်လီဖုန်း ဘက်ထရီချာဂျာလေးများ ထည့်ထားသည့် လက်ဆွဲခြင်းဝိုင်းလေး တစ်လုံးအပြင် အခုလေးတင်မှ ၃၄လမ်းထိပ် စတိုးဆိုင်မှ ပူပူနွေးနွေး ၀ယ်ယူလာသည့် အိတ်ဆောင်ရေဒီယို သေးသေးလေးတစ်လုံး ထည့်ထားသည့် ပလတ်စတစ်အိတ်တစ်လုံးက လှုပ်ယမ်းလျှက်ပါလာ၏။
သူတို့နှစ်ယောက်လုံး ဂဏှာမငြိမ်။ သူတို့စိတ်တွေ လောနေ၏။ ခြေလှမ်းသွက်သွက် လျှောက်လာရင်းက ၃၅လမ်းအလယ်ဘလောက်က စားနေကျ ပန်းသေးခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲကျော်တစ်ပွဲ ပါဆယ်မှာလိုက်၏။ ဒီခေါက်ဆွဲကြော်ဝယ်မည့် အစီအစဉ်က မနက်ထဲက စီစဉ်ထားတာမို့ မဖြစ်မနေ ၀င်ဝယ်ဖြစ်ခြင်းပင်။ စားပွဲထိုးလေးကို ပါဆယ်မြန်မြန်လုပ်ပေးဖို့ နှစ်ယောက်သား လောနေမိ၏။ တကယ်တမ်းက ခေါက်ဆွဲကြော်ထက် အခုအချိန်မှာ သူတို့နှစ်ယောက်ရဲ့ စိတ်အာရုံကို ချုပ်ကိုင်ထားတာက ၇နာရီအချိန်မှာ ရေဒီယိုထဲက ထုတ်လွှင့်မည့် သူမ၏ အင်တာဗျူးအစီအစဉ်။
“ ဖွင့်ရင် ဖွင့်နားထောင်လေ၊ ၇နာရီထိုးတော့မှာဆိုတော့ တော်ကြာ လွတ်သွားဦးမယ်၊ နောက်တစ်ခေါက် ထပ်လွှင့်ဖို့ဆိုတာ မသေချာဘူးလေ ”
သူကိုယ်တိုင် နားထောင်ချင်စိတ်ကို သိုဝှက်ကာ သူမကို သတိပေးသလို လုပ်နေတဲ့ သူ့ရဲ့ လူလည်ကျမှုကို သူမက ခပ်ဟက်ဟက်ရယ်လိုက်ရင်း ခေါင်းခါလိုက်သည်။ ဆိုင်ထဲမှာ စားသောက်နေသူတွေနဲ့ ဘယ်လိုလုပ်ပြီး ရေဒီယိုကို ဖွင့်နားထောင်ရပါလိမ့်။ စိတ်ထဲမှာတော့ ကျလိကျလိဖြစ်နေပြီင်္။ လက်က နာရီကို ကြည့်လိုက်တော့ ၇နာရီထိုးဖို့၅မိနစ်။ ခေါက်ဆွဲကြော်ပါဆယ် ရလာချိန်မှာ နှစ်ယောက်သား ဆိုင်အပြင်ကို ဒရောသောပါး ထွက်ခဲ့၏။ အရေးထဲ လမ်းသွားရင် မိတ်ဆွေတစ်ယောက်မဟုတ်တစ်ယောက်နှင့် ဆုံတတ်သည့်သူကို အသိတစ်ယောက်က တွေ့ပြီး နှုတ်ဆက်နေပြန်တာမို့ သူမစိတ်ထဲ တကယ်ကို မရိုးမရွဖြစ်လာရ၏။
မိတ်ဆွေနှင့် စကားဖြတ်ပြီးသည်နှင့် သူက သူမလက်ထဲက အဆင်သင့်ထုတ်ထားသည့် ရေဒီယိုလေးကို စိတ်စောစွာဖြင့် ဖွင့်လိုက်သည်။
“ ဒီအတိုင်းဆို အိမ်အပြန် လမ်းလျှောက်ရင်းနဲ့ ပဲ နားထောင်ရမယ့်ပုံပဲ ”
သူ့အပြောကို သူမက ခေါင်းသွက်သွက်ခါပြီး ငြင်းလိုက်၏။ လမ်းသွားရင်း လူသံ၊ ကားသံ တညံညံနှင့် မည်သည့်စိတ်ထားမျိုး မွေးပြီး နားထောင်လို့ရနိုင်ပါ့မလဲ။ ဘေးဘီကို ကြည့်လိုက်တော့ လမ်းထဲက မြေညီထပ်မှာ ဆိုင်ခန်းများဖွင့်ထားကြပြီး ဆိုင်တော်တော်များများက ပိတ်ထားကြပြီ။ ထိုစဉ် သူမ၏မျက်လုံးက တစ်နေရာသို့ ရောက်သွားကာ လက်ခနဲဖြစ်သွား၏။ သည်တစ်ခါတော့ သူ့ရဲ့လက်ကို သူမက တစ်ဖန်ပြန်ဆွဲယူလို့ ခြေဦးလှည့်လိုက်သည့် နေရာက မျက်မှန်အရောင်းဆိုင် တစ်ဆိုင်၏ ရှေ့မှ လူရှင်းနေသော ပလက်ဖောင်း အမှောင်ရိပ်လေးဆီသို့။
“ ဒီ..အမှောင်ထဲမှာ မကောင်းပါဘူးကွာ…”
“ အို.. ဘာမှမကောင်းစရာမရှိဘူး၊ အခုအချိန်မှာ ဒီနေရာလောက်ကောင်းတဲ့ နေရာ ဘယ်နေရာမှာမှ မတွေ့နိုင်ဘူး၊ မဟုတ်တာလုပ်တာမှ မဟုတ်တာ၊ ထိုင်မှာသာ ထိုင်စမ်းပါ..”
လုပ်ချင်တာရှိရင် ရအောင်လုပ်တတ်တဲ့ သူမစိတ်ကို သိတဲ့သူက ပုခုံးနှစ်ဖက်တွန့်ပြလျှက်က သူလွယ်ထားတဲ့ လွယ်အိတ်ကြီးကို ပလက်ဖောင်းပေါ် အသာချထားလိုက်၏။ လက်ကဆွဲလာတဲ့ ဟင်းရံအိတ်နှင့် ခေါက်ဆွဲကြော် ပါဆယ်ထုတ်လည်း လွယ်အိတ်ကြီး၏ နဘေးနားမှာ။ သူ့၏ညာဘက် ပလက်ဖောင်းပေါ်မှာ သူမက ထိုင်ချလိုက်၏။ ဆိုင်ရှေ့ကပြင် ပလက်ဖောင်းနေရာက သူတို့ခြေချထိုင်လို့ရသည့် အမြင့်လောက်မို့ ထိုင်ရသည်မှာ တော်တော် အဆင်ပြေသွားရသည်။
၇နာရီတိတိမှာ ရေဒီယိုလေးက တာဝန်ကျေစွာ အလင်းတန်းများ အစီအစဉ်ကို စတင်ထုတ်လွှင့်နေလေပြီ။ စတီဒီယိုတေးသံရှင်တစ်ဦးနဲ့ အင်တာဗျူး ထုတ်လွှင့်နေသံကို သူတို့ ကြားနေရသည်။ သူမအလှည့် သိပ်မကြာခင်ရောက်လာနိုင်သည်။ သူတို့နှစ်ယောက် တစ်ယောက်၏ လက်ဖ၀ါးကို တစ်ယောက် တင်းတင်းဆုတ်ကိုင်မိလျှက် ငြိမ်သက်စွာ နားစိုက်နေမိကြ၏။ အမှောင်ထဲမှာ ရေဒီယိုတစ်လုံးနှင့် ငြိမ်သက်နေကြသည့် သူတို့နှစ်ယောက်ကို လမ်းသွားလမ်းလာအချို့က ကွက်ကြည့်ကွက်ကြည့်နှင့်ရှိ၏။
သူမနာမည်ကြေညာသံကို ကြားလိုက်ရပြီးနောက် မရှေးမနှောင်းမှာပင် အင်တာဗျူဝါ၏ မေးခွန်းများကို ဖြေပေးနေသော သူမ၏အသံကို ရေဒီယိုလေးထဲက ပြန်ကြားလိုက်ရ၏။ ရေဒီယိုထဲက မိမိအသံကို ယခုလို ကိုယ်တိုင် သည်တစ်ခါပင် ကြားဘူးသေး၏။ သူတို့မျက်တောင် မခတ်တော့။ အသက်ရှူဖို့ရာပင် မေ့နေပြီလား မသိချေ။
သူတို့နှစ်ယောက် ပြီးခဲ့သည့် စနေတစ်ရက်က လမ်းပေါ်မှာရှိနေစဉ် ဆရာတို့ အရေးပေါ် ဖုန်းဆက်ခေါ်ယူသဖြင့် နေပူထဲမှာ ချွေးသံတရွှဲရွှဲဖြင့် ချက်ချင်းရောက်သွားပြီး အင်တာဗျူးမေးခွန်းများကို သူမဖြေဆိုခဲ့ရ၏။ အင်တာဗျူးက ဂျာနယ်စာမျက်နှာပေါ် အကြောင်းကြောင်းကြောင့် ပါခွင့်မသာခဲ့တာ သိထားပေမယ့် ယခုလို လေလှိုင်းကနေ ထုတ်လွှင့်ပေးမည်ဟု ကြိုတင်မသိထားလေတော့ အံ့သြ၀မ်းသာနေမိတာကို မညာလိုတော့။
အင်တာဗျူးထဲက သူမအသံတွေက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ်တောင် တုန်နေသည်ကို အရှက်မျက်နှာနှင့် နားထောင်မိ၏။ သို့ပေမယ့် အင်တာဗျူးထဲက အဖြေများကတော့ သူမရင်ထဲက စကားလုံး အတိအကျများသာဖြစ်၏။ သည်ဆုရ ဇာတ်လမ်းလေးဖြစ်ပေါ်လာပုံ၊ ဒီဇာတ်လမ်းလေးက ပေးချင်တဲ့ မက်ဆေ့ခ်ျကို သူမသေချာဖြေဆိုခဲ့၏။ ကျေးဇူးစကား ပြောချိန်တွင်လည်း ဆုရဇာတ်လမ်းလေးကို ကျောရိုးယူရေးနိုင်အောင် တကယ့်အဖြစ်အပျက် ကြုံခဲ့ရသည့် ညီမလေး၊ သည်အစီအစဉ်ကို ထမြောက်အောင် အကောင်ထည်ဖော်ခဲ့သူများ၊ အကဲဖြတ်အမှတ်ပေးခဲ့ကြသည့် ဆရာကြီး ဆရာမကြီးများနှင့် စာဖတ်သူများ အားလုံးကို မမေ့မလျှော့ သူမ ကျေးဇူးစကားဆိုခဲ့သည်။၊
အင်တာဗျူးအစီအစဉ်အပြီးမှာတော့ စာအုပ်စင်ကဏ္ဍမှာပါ ဆက်လို့ သူမ၏ စာအုပ်လေး အကြောင်း ထုတ်လွှင့်ပေးပြန်၏။ သူမ၏ ဆုရ၀တ္တုလေးကလည်း သည်စာအုပ်ထဲမှာ ပါဝင်နေပြန်တော့ ၀တ္တုထဲမှ ဇာတ်အသိမ်းတွင် ဖခင်နှင့်သမီးဖြစ်သူ အပြန်အလှန်ပြောသည့်၊ ဇာတ်လမ်းကို အဓိကပံ့ပိုးပေးသည့် ဒိုင်ရာလော့ခ်များကို အပြန်အလှန်ပြောသည့် ပုံစံနှင့်ပါ ထုတ်လွှင့်ပေးလေတော့ သူမမှာ ခုန်လှုပ်သော စိတ်ဖြင့် နားထောင်ရင်း ၀မ်းသာမျက်ရည်များပင် လည်လာရ၏။
ပထမဆုံး သူမပုံနှိပ်စာအုပ်လေး ထွက်ချိန်နှင့် တိုက်ဆိုင်စွာ အွန်လိုင်းဝတ္တုတိုဆုကိုပါ ဆွတ်ခူးရလိုက်ချိန်မှာ ယခုလို ဆရာတို့က စေတနာအပြည့်အ၀ဖြင့် သေချာစီစဉ်ပေးလေတော့ သူတို့ ကျေးဇူးတင်ဝမ်းမြောက်မိသည်မှာ မထူးဆန်းလှချေ။ အားလုံးပြီးတော့ သူတို့နှစ်ယောက် ဆရာ့ဆီ ကျေးဇူးစကား ဖုန်းဆက်ပြောမိကြ၏။ လွန်ခဲ့သည့်နှစ်၂၀က ဆရာမြေတောင် မြှောက်ပေးသည့် ကလောင်တစ်လက်အတွက် ဆရာသည်လည်း ကျေနပ်ဝမ်းသာနေမှာ သေချာ၏။
……..@@@………
သူတို့နှစ်ယောက် လက်ထဲမှာ အထုတ်အပိုးများ ကိုယ်စီဆွဲလို့ အိမ်အပြန်ခရီးစခဲ့သည်။
“ ဘယ်နှယ့်.. ပျော်ရဲ့လား ”
“ ပျော်ပါ့၊ အရမ်းပျော်၏…”
“ ပင်ပမ်းခဲ့သမျှတွေ အားလုံး ယူပစ်လိုက်သလို ပျောက်သွားပြီ ”
“ အဲ့ဒီလိုပဲ ဖြစ်ရမယ်လေ ”
“ အင်တာဗျူးမှာ အသံတွေက တုန်နေတာပဲ၊ ကြောက်နေပုံရတယ် ”
“ မဟုတ်တာ..၊ လုံးဝ တုန်လှုပ်မှုမရှိပဲ ဖြေခဲ့တာ၊ ဟ.. ဟား ”
“ ထားပါတော့၊ လုပ်ပေးချင်တာ လုပ်ပေးခွင့်ရလိုက်တာရယ်၊ အခုလို အစစ အဆင်ပြေသွားတာရယ် အတွက်တော့ တကယ့်ကို ကျေနပ်မိတယ် ”
“ ယုံပါတယ်၊ အဲ့ဒီအတွက်လည်း တကယ့်ကို ကျေးဇူးတင်မိပါတယ် ”
“ အိုကေ… အဲ့ဒီအတိုးတွေ တစ်သက်လုံး အတိုးနဲ့ဆပ်ရမယ် ”
သူတို့နှစ်ယောက် တစ်ယောက်၏လက် တစ်ယောက်မြဲမြဲဆုတ်ကိုင်လို့ ဂုံးတံတားအတိုင်း လျှောက်လာခဲ့ကြ၏။ သူတို့နှစ်ယောက်၏ စိတ်တွေ ရုတ်ချည်း နုပျိုသွားသလိုတောင် ခံစားမိ၏။ လွန်ခဲ့သည့် အတိတ်ကာလ ရန်ကုန်တက္ကသိုလ်မြေမှာ ပညာတွေ သင်ယူခဲ့စဉ်က နှစ်ယောက်သား အခုလိုပဲ လက်ခြင်းဆုတ်ကိုင်လို့ လမ်းတွေကို အပျော်၊ အနောက်များနှင့် လျှောက်ခဲ့ကြဘူး၏။
“ ဟေး… လွန်ခဲ့တဲ့အချိန်တွေကို စိတ်က ပြန်ရောက်သွားသလိုပဲ”
“ ဟင်.. တိုက်ဆိုင်လိုက်တာ… ဒီမှာလည်း အဲ့ဒါပဲ တွေးမိနေတာ”
သူတို့နှစ်ယောက် ပြိုင်တူ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိ၏။ ဂုံးတံတားပေါ် အရောက်မှာတော့ သူတို့ခဏရပ်လိုက်ပြီး သန့်ရှင်းလတ်ဆတ်သည့်လေကို ရှုရှိုက်မိလိုက်၏။ ဂုံးတံတား အောက်မှာတော့ ကားမီးရောင်စုံက ဥဒဟိုဖြတ်သွားနေ၏။ သည်နေ့လောက် စိတ်လက်ပေါ့ပါးပြီး စိတ်ထဲက တစ်သိမ့်သိမ့် ကြည်နူးနေတာမျိုး တစ်ခါမှ မရှိစဖူး။ မြို့လည်ခေါင် အမှောင်ရိပ်အောက်က ပလက်ဖောင်းပေါ်မှာ ရေဒီယိုတစ်လုံးဖြင့် သူတို့ ထိုင်ခဲ့ဘူးပြီ။
“ ကလင်…ကလင် ”
သူ့၏ လက်ကိုင်ဖုန်းမှ ရိုးလွန်းသော ဖုန်းမြည်သံက ခုန်ပေါက်ထွက်ပေါ်လာ၏။
“ ဖေဖေတို့ ဘယ်ရောက်နေပြီလဲ”
“ ဂုံးတံတားပေါ် ရောက်နေပြီ”
“ သားမှာတဲ့ ခေါက်ဆွဲကြော်ရော ပါလာရဲ့လား ”
“ ပါတာပေါ့ သား..ရ..၊ ရော့ ..မေမေနဲ့ ပြောဦး ”
သူက ဖုန်းကို အပြုံးမျက်နှာဖြင့် သူမလက်ထဲ ထိုးထည့်ပေးလိုက်၏။
“ သား.. နောက်၁၀မိနစ်ဆို မေမေတို့ ပြန်ရောက်ပြီ ”
“ မြန်မြန်နော် မေမေ၊ သား စားချင်လှပြီဗျ ”
“ အင်းပါ ”
“ အာဘွား မေမေ”
“ အာဘွား.. အာဘွား”
သူက သူမလက်မှ ဖုန်းကိုယူပြီး သူ့ရဲ့ ဖျင်ကြမ်းအိတ်ထဲ ထိုးထည့်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လျှက်က လက်ခြင်းဆုတ်ကိုင်လျှက် အိမ်သို့ ခြေလှမ်းများ ခပ်သွက်သွက် စတင်လိုက်သည်။ အဲ့သည်နောက် ဘာရယ်မဟုတ် စိတ်လက်ပေါ့ပါးစွာ ရယ်လိုက်မိပြန်၏။ ရယ်သံတွေကြောင့် ကောင်းကင်မှ တိမ်တစ်အုပ်ပင် ရွေ့လွင့်သွားသလိုထင်မိ၏။ ရယ်မောသံများထဲတွင်တော့ ချစ်ခြင်းမေတ္တာ၏ ခွန်အားများ၊ သံယောဇဉ်နှောင်ကြိုးများ၏ တစ်ရစ်ရစ် ရစ်ပတ်မှုများနှင့်အတူ အနာဂတ်၏ရောင်ခြည်များ စီးမျောပျော်ဝင်နေသည်ကို သူတို့နှစ်ဦး ခံစားသိရှိနေမိ၏။
ဆန္ဒနှင့်ဘ၀တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ **

No comments:
Post a Comment