မကောင်းမှုလုပ်မဲ့ လူတွေက
နေ့ကောင်းရက်မြတ်ရွေးပြီးမှ လုပ်တယ်...၊
ဘိန်းစိုက်ပျိးသူများ ဘိန်းအထွက်တိုးဖို့
နတ်ကိုးကွယ် သလိုမျိုး...။
ပုဂ္ဂလိက ခံစားချက်များ
အိမ်အ၀င်ဝမှာ ဖိနပ်လိုချွတ်ထားပြီးကာမှ
သားရဲတွင်းထဲ ပြုတ်ကျသွားတဲ့
သွေးသံရဲရဲ မျှော်လင့်ခြင်းများ
ထောင်ချောက်ထဲကို တိုးဝင်နေသော ယုံကြည်ချက်များ...။
သယံဇာတတော့ ကုန်ပြီ
သံသယများ မကုန်ဆုံးအောင် ရှိနေစဲ ၊
ကောင်းကင်က ကြယ်စင်တွေကိုတောင် ဖြစ်နိုင်ရင်
လက်ညှိုးထိုးပြီး ရောင်းစားချင်ကြတယ်..၊
များပြားလှတဲ့တန်စိုး လက်ဆောင် အကြံအဖန် ပစ္စည်းတွေ ထားစရာနေရာ မရှိတော့တဲ့နေ့မှာ
အကျင့်စာရိတ္တများ နည်းနည်းကောင်းမွန်လာမယ်လို့ ပြောသံသဲ့သဲ့ကြားတယ်....။
မတော်တဲ့ ဘောင်းဘီကို
အတင်းအကြပ် ၀တ်ဆင်ခိုင်းသလိုမျိုး
အမြင်မတော်မှုများက မျက်စိရှေ့မှာ ပေကပ်ကပ် ခြေစုံရပ်နေတယ်...၊
အရုပ်ဆိုး အကျည်းတန် အနာဂတ်ကို
အပြုံးတုနဲ့ဖုံးအုပ်ပြီး အိတ်ကပ်ထဲ ဇွတ် ထိုးထည့်နေတယ်...။
ဟောင်းနွမ်းနေပြီဖြစ်တဲ့ ပူပင်သောကများထဲ
အလုပ်အကိုင်သစ်တွေ မဖန်တီးပဲ ပစ်ထားတဲ့မြေမှာ
အပေါင်ဆုံး ပစ္စည်းတွေ ပေါပေမဲ့
အလုပ် ၊ ရေ နဲ့လျှပ်စစ်မီး ရှားတာက လွဲပြီး
အလုပ် လက်မဲ့ မရှိပါဘူး...၊
အလုပ်ရှာနေရတာကိုက အလုပ်တစ်ခုပါ....။
ကြမ်းကျွံသွားတဲ့ စကားလုံးများ ပြန်နုတ်လို့မရတော့
အနုတ်လက္ခာဏာထဲမှာ မြစ်တစ်စင်းလို ချောင်ပိတ်မိနေတယ်...။
အတုအယောင်တွေ ပေါတဲ့ ခေတ်မှာ
စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာ....
စိတ်ကူးနဲ့ မှန်းဆပြီး ဖြစ်လာမဲ့
ကြိတ်ပြီး တမ်းတလို့ ရတဲ့ ကိစ္စတော့ မဟုတ်ဘူး......၊
ခေတ်ပျက်သူဋေးများ ခေတ်ကောင်းမှာကို စိုးရိမ်သလို
လက်နက်ပွဲစားများ ငြိမ်းချမ်းရေးကို မလိုလားဘူး ၊
စစ်ဘုရင်က ငြိမ်းချမ်းရေးကို မခုံမင်ဘူး...။
ကျောက်ပတ်တီးစီးထားတဲ့ နေ့စွဲများမှာ
ကတုပ်ကျင်းထဲ ၀ပ်နေရတဲ့ ငြိမ်းချမ်းရေး
ဆေးမရှိတဲ့ ဆေးရုံမှာ တက်နေရစဲ ငြိမ်းချမ်းရေး
သုဘရာဇာ တစ်ယောက်က သွေးရူးသွေးတန်းနဲ့ လှမ်းခေါ်နေတယ်
ငိုသံတွေကလွဲလို့ အားလုံးတိတ်ဆိတ်နေစဲ
သချိုင်းကုန်းလို ငြိမ်းချမ်းရေးမြေမှာ...။
**အောင်ခိုင်မြင့်**

No comments:
Post a Comment