ငါငိုနေတယ်ကောင်းကြီး
ငွေကြေးအတွက် မဟုတ်
ကျော်ကြားမှုအတွက် မဟုတ်
ဂုဏ်ဒြပ် ရုပ်ဝတ္တုပစ္စည်းတွေအတွက်လည်း မဟုတ်
ချစ်ခြင်း၊မုန်းခြင်း၊ဆုံးရှုံးခြင်းတွေအတွက်လည်း မဟုတ်ပါဘူး
ငါငိုနေတာ
အရွက်ဖုံးခံထားရတဲ့ ရိုးတံညှာလေးအတွက်
ကြိုးမရှိတော့တဲ့ စက္ကူစွန်လေးအတွက်
လျှပ်ပေါ်လော်လီမှုကို ရှေ့တန်းတင်ထားရတဲ့
ဟော့ဒီခေတ်ကြီးအတွက်
ချစ်သူကိုပေးရမယ့် အနမ်းကို
တခြားသူဆီပေးလိုက်ရတဲ့ မြို့ကြီးအတွက်
အသက်မပြည့်ခင် ရောင်းစားခံရတဲ့
မြို့စွန်မြို့ဖျား နောက်ဖေးလမ်းကြားရပ်ကွက်လေးတစ်ခုအတွက်
သစ်သားဆုတံဆိပ်ကလေးတစ်ခုနဲ့ နှစ်သိမ့်ခံထားရတဲ့
လူတော်လေးတစ်ယောက်အတွက်
မင်္ဂလာဒုံစက်မှုဇုံထဲက အခြေခံအလုပ်သမားလေးတွေအတွက်
ငါငိုနေတယ်ကောင်းကြီး
ငါတို့ခေတ်မှာ ငါတို့ရလိုက်တာ
အဲဒီမျက်ရည်တွေပါပဲ ကောင်းကြီး။

ကောင်းကြီးရေ . . .
လေယာဉ်ပေါ် ပါသွားတဲ့ မင်းနှလုံးသားကိုပြန်သိမ်းထား
(Brain Drain တင်မဟုတ်ဘဲ
Heart ပါ Drain သွားတာကတော့ ငါလည်းစိတ်မကောင်းဘူးပေါ့)
အနေကြာလာတော့လည်း နေကြာတွေလို
နေလာရာအလိုက်သင့် မျက်နှာမူတတ်သွားမှာပါ. . .
တစ်ချိန်ကငါ့အမှောင်ညတွေရဲ့ လျှပ်စီးအလင်းလေးဟာ
အခုတော့ ငါ့ကောင်းကင်မှာ အသာဆုံးလမင်း
‘မီ’ကိုမင်းလွမ်းသလို
ငါမင်းကို တဖွဖွလွမ်းလိုက်ပါတယ် . . .။
ကောင်းကြီးရေ . . .
ဘာရယ်လို့တော့မဟုတ်ပါဘူး
တချိန်ကျ သေမင်းနှုတ်ခမ်းဝ
ငါတို့လည်းရောက်ရမှာပဲလေ. . .
အခြေအနေရှိမယ်ဆိုရင်တော့
မင်းနဲ့ငါအတူတူ
‘အမှိုက်မပစ်ရ’ ဆိုင်းဘုတ်လေးပဲဖြစ်ဖြစ်
စိုက်ထူချင်သေးတယ်
ငါတို့မျှော်လင့်ချက်ဟာ
ဒီလောက်တော့ သိမ်ငယ်ခွင့်ရှိတယ်မဟုတ်လား
မင်းနေကောင်းရဲ့လား ကောင်းကြီး ။ ။
**မင်းစိုးရာ**
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
(“နေကောင်းလားကောင်းကြီး”ကဗျာရှည်မှ)
t

No comments:
Post a Comment