တိုင်းပြည်တစ်ပြည်၊နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်နေတဲ့ ရှေးအခေါ်အဝေါ် မင်း(သို့)ဘုရင်၊ယခုခေတ်အခေါ်အဝေါ် နိုင်ငံတော်ဥက္ကဋ္ဌ၊နိုင်ငံတော်သမ္မတ၊နိုင်ငံတော်အကြီးအကဲ စသူများပေါ့လေ။၎င်းတို့မှာရှိသင့်ရှိထိုက်တဲ့ ကျင့်သုံးဆောက်တည်အပ်တဲ့တရားတွေရှိပါတယ်။အဲဒါကဘာတွေလဲလို့ဆိုတော့ မင်းကျင့်တရား(၁၀)ပါး၊ သင်္ဂဟတရား(၄)ပါး၊ရာဇဂုဏ်(၈)ပါးဖြစ်ပါတယ်။ထိုတရားများထဲမှ မင်းကျင့်တရား(၁၀)ပါးနဲ့ သင်္ဂဟတရား(၄)ပါးကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အခုဆက်ပြီးဖော်ပြချင်တာက ရာဇဂုဏ်(၈)ပါးဖြစ်ပါတယ်။ဂုဏ်ဆိုတာက ကျင့်သုံးဆောက်တည်ခြင်းကြောင့် ချီးမွမ်းထိုက်တဲ့အရာ၊(တစ်နည်း) ကဲ့ရဲ့အပ်သော အပြစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။လောကမှာရှိကြတယ်။ပိုက်ဆံချမ်းသာခြင်း၊ရုပ်ချောခြင်း၊ပညာတတ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းဘာသာတရားကိုင်းရှိုင်းခြင်း၊စတာတွေကဂုဏ်တွေပါ။ တိုင်းပြည်အုပ်ချုပ်သူတို့ ကျင့်သုံးဆောက်တည်အပ်သော ရာဇဂုဏ် ရှစ်ပါးဒီဂုဏ်တွေကကျင့်သုံးမှရတာပါ။
ရုပ်ရည်မလှမပဖြစ်ခြင်း၊ဆင်းရဲမွဲတွေခြင်း၊ပညာမဲ့ခြင်း၊အကျင့်စာရိတ္တမကောင်းခြင်း ဘာသာတရားကိုမျက်ကွယ်ပြုခြင်း
စတာတွေက အပြစ်ပါ။လူတွေမှာလည်းဖြည့်ကျင့်သုံးဆောက်တည်ရတဲ့ ဂုဏ်တွေရှိသလို၊ရဟန်းတွေမှာလည်းဆောက်တည်ရမယ့်ဂုဏ်တွေရှိနေပါတယ်။ထို့အတူ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူတို့လည်း ဆောက်တည် ကျင့်သုံးရမယ့် ဂုဏ်တွေရှိပါတယ်။ထိုဂုဏ်တွေကဘာတွေလို့ဆိုတော့ မင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ်မှာ....
(၁)။ဣန္ဒ(သိကြားမင်းကဲ့သို့ကျင့်ခြင်း)
သိကြားမင်းသည် နတ်အပေါင်းတို့တွင် နှိပ်ကွပ်တန်သောသူအား နှိပ်ကွပ်၍ ချီးမြှောက်တန်သူအား ချီးမြှောက်သကဲ့သို့ တိုင်းပြည်အုပ်ချုပ်သောမင်းတို့သည်လည်း လူအပေါင်းတို့ တွင် မကောင်းသောသူ၊ယုတ်မာသောသူတို့အား နှိပ်ကွပ်၍ ကောင်းသောသူ၊မယုတ်မာသောသူတို့အား ချီးမြှောက်ရပါတယ်။
(၂)။အက္က(နေမင်းကဲ့သို့ကျင့်ခြင်း)
နေမင်းသည် ရောင်ခြည်တထောင်ဖြင့် ဖြည်းညှင်းစွာ မိုးရေကို ခန်းခြောက်စေ သကဲ့သို့ မင်းတို့သည်လည်း အခွန်အတုတ်ကို ဖြည်းညှင်း သာယာစွာ ကောက်ခံ သိမ်းယူရပါမယ်။အကောက်အခွန်တွေမြောက်မြားစွာမတရားကြမ်းကြမ်းတမ်းတမ်း ကောက်ခံမယ်ဆိုရင် ထိုဂုဏ်နဲ့မညီညွတ်ပါဘူး။
(၃)။ဝါယု(လေကဲ့သို့ကျင့်ခြင်း)
လေသည် သတ္တ၀ါအပေါင်း၏ ကိုယ်တွင်းသို့ဝင်၍ သွားသကဲ့သို့ မင်းတို့သည် လည်း မှူးမတ် တိုင်းသူ ပြည်သားခပ်သိမ်းတို့၏ အပြုအမူ၊ဆင်းရဲချမ်းသာကို လျှို့ဝှက် သူလျှိုထား၍ ကိုယ်တွင်းသို့ဝင်သကဲ့သို့ သိအောင်ပြုရပါမယ်။ထိုသို့မဟုတ်ပဲ မိမိရဲ့မိသားစု အသိုင်းအဝိုင်းကောင်းစားရေး၊မိမိအာဏာတည်မြဲခြင်းအရေးကိစ္စကိုပဲဆောင်ရွတ်ပြီး တိုင်းသူပြည်သားတို့ရဲ့ အရေးကို သိအောင်မပြုလုပ်ဘူး၊လစ်လျှူရှုနေမယ်ဆိုရင်တော့ ဒီဂုဏ်နဲ့ မထိုက်တန်ဘူးလို့ဆိုရမှာပါ။

(Abraham-lincoln)
...................................
(၄)။ယမ(ယမ မင်းကဲ့သို့ကျင့်ခြင်း)
ယမမင်းသည် ချစ်သူ မုန်းသူဟူ၍ အထူးအခြား ကွဲပြားမရှိ၊ ကံအားလျော်စွာ ရောက်လာလျှင် စီရင်သကဲ့သို့ မင်းတို့သည်လည်း ချစ်သူ မုန်းသူဟူ၍ မျက်နှာ မငဲ့၊ အမှုနှင့်လျော်ညီစွာ စီရင်ရပါမယ်။ဆိုလိုတာက အပြစ်ရှိတဲ့သူနဲ့ အပြစ်မရှိတဲ့သူ အကြောင်းအရာတစ်ခုကြောင့် တရားရုံးမှာ အမှုရင်ဆိုင်ရတယ်ဆိုရင် အပြစ်မရှိတဲ့သူကိုအပြစ်မရှိတဲ့အလျှောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာဖြစ်သလို၊အပြစ်ရှိသူကိုလည်း ထိုက်တဲ့အပြစ်ကိုပေးရမှာပါ။
မထိုက်တန်တဲ့အပြစ်မျိုးမပေးရပါဘူး။ထောင်ဒဏ်တစ်နှစ်တန်ရင်တစ်နှစ်ပဲပေးရမှာပါ။အပြစ်ရှိသူကို ငွေထိုးလို့ အပြစ်မှကင်းလွတ်ပေးရမျိုးလည်းမဖြစ်ရပါဘူး။ဒါကို ယမင်းမင်းကဲ့သို့ကျင့်ခြင်းလို့ခေါ်တာပါ။ဒါက ဂုဏ်တစ်ခုပါ။
(၅)။သမုဒ္ဒ(သမုဒ္ဒရာကဲ့သို့ကျင့်ခြင်း)
သမုဒ္ဒရာသည် ရေကို မတောင့်တ၊ မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာတို့ အလို အလျောက်ဝင်လာသမျှကိုသာ ခံသကဲ့သို့
မင်းတို့သည်လည်း ဥစ္စာကို မလိုချင် မတောင့်တ၊ ထုံးစံရှိသည့်အတိုင်း ရသင့်သမျှကိုသာ ခံယူရပါတယ်။ဆိုလိုတာက ငွေရဖို့တစ်ခုတည်းကိုကြည့်ပြီး တိုင်းသူပြည်သားတို့အပေါ် မတရားသော အခွန်များကိုကောက်ခံခြင်းမပြုရဘူးလို့ဆိုလိုတာပါ။
(၆)။စန္ဒ(လပြည့်ဝန်းကြီးကဲ့သို့ကျင့်ခြင်း)
လပြည့်ဝန်းသည် မြင်မြင်သမျှ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေသကဲ့သို့ မင်းတို့သည်လည်း မျက်နှာရွှင်လန်းလျက်
စကားချိုသာ နာပျော်ဖွယ်ပြောဆို၍ မှူးမတ် ပြည်သူ လူခပ်သိမ်းတို့ကို ရွှင်လန်းဝမ်းမြောက်စေရပါတယ်။ဆိုလိုတာက
တိုင်းသူပြည်သားတို့ကို စိတ်ဆင်းရဲအောင် မပြုလုပ်ရပါဘူး၊မပြောဆိုရပါဘူး။လက်နက်နဲ့ရိုင်းရိုင်းစိုင်းစိုင်း အနိုင်ကျင့်ပြီး စိတ်ဆင်းရဲအောင်မလုပ်ရသလို၊ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမှုများကလည်းရှောင်ကြဉ်ရမှာပါ။
ရှေ့တင်တစ်မျိုးပြော၊ကွယ်ရာတစ်မျိုးပြောတာမျိုးလည်းရှောင်ကြဉ်ရမှာပါ။
(၇)။ဘူမိ(မြေကြီးကဲ့သို့ကျင့်ခြင်း)
မြေကြီးသည် သတ္တ၀ါအပေါင်းတို့၏ မှီခိုကိုးကွယ်ရာဖြစ်သကဲ့သို့ မင်းတို့သည် လည်း သင်္ဂဟတရား လေးပါးဖြင့် ပြည်သူလူထုအပေါင်း၏ ကိုးကွယ်ရာဖြစ် အောင် ရွက်ဆောင်ရပါမယ်။အကောက်အခွန်များကို တရားသဖြင့်ကောက်ခံခြင်း၊ချိုချိုသာသာပြောဆိုခြင်း၊နိုင်ငံကို စောင့်ရှောက်ထိန်းသိမ်းသောသူတို့ကို ကြီးစဉ်ငယ်လိုက် နေရာကျ အောင် ချီးမြှောက်ပေးကမ်းခြင်း။ကုန်သည် လယ်သမားတို့ကို ကူးသန်းရောင်းဝယ်နိုင်အောင် အပိတ်အပင်မရှိ ဖွင့်၍ အခွင့်ပေးခြင်း၊ ကြည့်ရှုစောင်မခြင်း။ အရင်းအနှီးမရှိသော ကုန်သည် လယ်သမားတို့အား အတိုးမဲ့ အရင်းအနှီး ပေးကမ်းမစခြင်း။ထိုသင်္ဂဟတရားလေးပါးနဲ့ တိုင်းသူပြည်သားတို့ရဲ့ကိုးကွယ်ရာဖြစ်အောင်ကျင့်ရပါတယ်။
(၈)။ပစ္စုပ္ပန္တွ(မိုးကဲ့သို့ကျင့်ခြင်း)
မိုးသည် မိုးတွင်းလေးလပတ်လုံး လူအပေါင်းတို့ကို ရေဖြင့် ရောင့်ရဲစေသကဲ့သို့ မင်းတို့သည်လည်း အမှုထမ်း အရာရှိတို့အားမျိုးရိက္ခာ၊ အ၀တ်အစား၊ ဆုလာဘ်တို့ဖြင့် နှစ်သက်ရောင့်ရဲစေရပါမယ်။လစာ၊များကို လုံလုံလောက်လောက်လောက်ပေးရသလို၊ဆန်၊ဆီ၊ဆား စတဲ့ရိက္ခာများကိုလည်းလစဉ်ပေးရမှာပါ။မိမိအတွက်ပဲကြည့်နေလို့မဖြစ်ပါဘူး။မိမိလက်အောက် အမှူထမ်းများကိုလည်းကြည့်ရှုစောင့်ရှောက်ရမှာဖြစ်တယ်လို့ဆိုလိုတာပါ။ဒါက တိုင်းပြည်ကိုအုပ်ချုပ်နေသူတိုင်း ကျင့်သုံးဆောက်တည်ရမယ့် ရာဇဂုဏ်ရှစ်ပါးဖြစ်တယ်ဆိုတဲ့အကြောင်းအသိပေးရေးသားလိုက်ပါရသည်။
ကိုးကား။ ။ယောမင်းကြီးဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
**အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊အိန္ဒိယနိုင်ငံ)**
http://www.wiradhamma.blogspot.com
**ကိုတင့်**

No comments:
Post a Comment