ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 11, 2011

စက္ကူပန်းလေးများ

>

“ငါတော့လေ ပန်းဘ၀သာ ဖြစ်ခွင့်ရမယ်ဆိုရင် စက္ကူပန်းပဲ ဖြစ်ချင်တယ်”

သူတို့ နှစ်ဦးသား သူမ၏ အဆောင်ရှေ့က အုပ်အုပ်ဆိုင်းဆိုင်းနှင့် အပွင့်များ ဝေနေပြီး အရိပ်ကောင်းလှသော စက္ကူပန်းခြုံကြီးအောက်ရှိ ကွပ်ပျစ်ပေါ်တွင်ထိုင်ကာ လက်ဖက်သုပ်နှင့် ရေနွေကြမ်းကို မြည်းနေကြရင်းမှ စက္ကူပန်းရုံကို မော့ကြည့်ကာ သူမ ထံက ထိုစကားသံ ထွက်ပေါ်လာခြင်းဖြစ်သည်။

“အမ်.. နင်ကလည်း တစ်မျိုးပါလား.. မိန်းခလေးမဆန်လိုက်တာဟာ.. စက္ကူပန်းမှ ဖြစ်ချင်ရတယ်လို့။ သူများတွေများ နှင်းဆီတို့ စပါယ်တို့ သဇင်၊ သစ်ခွတို့ ကြိုက်ကြတယ်.. နင့်ကျမှ အနံ့လည်းမရှိ၊ အဖိုးလည်းမတန်တဲ့ စက္ကူပန်းကို ကြိုက်တယ်။ ထူးဆန်းပါပေ့ ”

“အော.. မိန်းခလေးမှန်ရင် အဲဒီနှင်းဆီမှ စပါယ်မှ သစ်ခွမှ ကြိုက်ရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့တုန်း. လူတိုင်းဟာ ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့။ ဘယ်တူနိုင်ပါ့မလဲ။ ငါ စက္ကူပန်းတွေကို ကြိုက်တာ အကြောင်းရှိတယ်ဟ.. လှလို့ ကြိုက်တာထက် သူ့ရဲ့ အရည်အချင်းတွေကို သဘောကျလို့ ကြိုက်တာ”

“အရည်အချင်းဟုတ်လား .. နင်ကတော့ အထူးအဆန်းဘဲ.. ကဲ ဒါဆို ပြောစမ်းပါဦး.. နင့်စက္ကူပန်းမှာ ဘယ်လိုအရည်အချင်းတွေ ရှိလို့တုန်း။ အဲဒီပန်းမှာ အရည်အချင်းရှိတယ်လို့ ငါတော့ တစ်ခါမှ မတွေးမိဘူး.. ငါသိတာတော့ ဘာအနံ့မှလဲ မမွှေးဘူး။”

သူမ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး လက်ဖက်တစ်ဇွန်းကို ကောက်ဝါးလိုက်ကာ “ နင်ကြည့်လိုက်လေ.. ငါတို့ခေါင်းပေါ်က စက္ကူပန်းရုံကြီးကို.. တစ်ရုံလုံး အရွက်တွေတောင် မမြင်ရအောင် ပွင့်နေတယ်မဟုတ်လား။ ပြီးတော့ နေ ဘယ်လောက်ပြင်းပြင်း လုံးဝ ညိုးနွမ်းသွားတာမျိုး မရှိဘူးလေ။ ကောင်းကင်ပြာပြာကြီးနဲ့ တစ်ပင်လုံး ညွှတ်ဝေနေတဲ့ စက္ကူပန်းတွေကို ကြည့်ရတာ ဘယ်လောက် ပဏာရလိုက်သလဲဆိုတာ။ ရွှန်းစိုးနေတဲ့ အရောင်အသွေးတွေနဲ့ ပွင့်နေတာကိုမြင်ရတာ ဘယ်လောက်များ အားမာန်ပြည့်ဝတဲ့ မြင်ကွင်းလဲ။ စက္ကူပန်းက တစ်ခြားပန်းတွေလို ဆောင်းရာသီတို့ မိုးရာသီတို့လိုချိန်မှ ပွင့်တာမဟုတ်ဘဲ.. နွေရောက်မှ ရဲရဲရင့်ရင့် ပွင့်ကြတာ။ မျက်စိကျိန်းလောက်အောင် ပူပြင်းတဲ့ နေရောင်အောက်မှာ တောက်တောက်ပပ ပွင့်နေလိုက်တာများ။ ကြည့်ရတာ အားတက်ဖို့ ကောင်းတဲ့ မြင်ကွင်းတစ်ခုလို့ ငါ့စိတ်ထဲ ခံစားရတယ်။ တကယ်တော့ လူတွေဟာ စက္ကူပန်းကို အတုယူသင့်တယ်။ သိလား.. ”

“ အင်း လုပ်စမ်းပါဦး နင့်ဒဿနတွေ.. ကြားရတာပေါ့ ”

“မလှောင်နဲ့ဟ.. ငါအကောင်းပြောတာ။ ခြံတွေမှာ စိုက်ထားတတ်တဲ့ နှင်းဆီတို့၊ စပါယ်တို့၊ သစ်ခွ၊ သဇင် စတဲ့ပန်းတွေဟာ စိုက်တဲ့သူက ယုယုယယ ရေလောင်းပေါင်းသင် လုပ်ပေးရတယ်။ မြေသြဇာထည့်ပေးရတယ်. ဒီတော့မှ သူတို့မှာ ပွင့်ဖူးကြရတယ်။ တကယ်တမ်းတော့ လူတွေကသာ သူတို့ကို ပြုစုယုယမှု မလုပ်ပေးဘူး ဆိုရင် အပွင့်မသန်၊ အဖူးမဖူး ဖြစ်နေကြမှာလေ။ သူတို့က အစောင့်ရှောက်ခံ ပန်းတွေကိုး။”

“အင်း ဒါတော့ဟုတ်တယ်”

“စက္ကူပန်းကျတော့ စိုက်ထားပြီးတာနဲ့ ဘာမှလုပ်စရာမလိုဘူး ဒီတိုင်းပစ်ထားလိုက်.. အချိန်တန်လို့ ပွင့်တဲ့ခါရင် တစ်ပင်လုံး ခဲနေအောင် ပွင့်တတ်တာမျိုး။ ဒီ စက္ကူပန်းပင်ကြီးကို နင်ကြည့်လိုက်စမ်း.. ဘယ်လောက် လှလိုက်သလဲ.. နွေနေကို အံတုပြီး ရဲရဲရင့်ရင့် ပွင့်နေလိုက်တာလေ။ အဲဒါဟာ လူတွေအတွက် နမူနာကောင်းတွေ ပေးနေတယ်၊ ခွန်အားတွေ မျှဝေပေးနေတယ်လို့ ငါတော့ ယူဆတယ်”

သူမက ရေနွေးကုန်နေသော သူ့ခွက်ထဲ ဓာတ်ဗူးထဲမှ ရေနွေးကို ငှဲ့လိုက်ပြီး သူ့ထံ လှမ်းပေးကာ စကားကို ဆက်ပြောလေသည်။

“နင်စဉ်းစားကြည့်လေ။ ကျောထောက်နောက်ခံကောင်းပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဘာမှ မကြုံတွေ့ရဖူးဘဲ ဆွေမျိုးမိဘ အကူအညီနဲ့ ဘ၀ကို လွယ်လွယ်ကူကူ ဖြတ်သန်းခဲ့ရတဲ့သူတွေဟာ နည်းနည်းလေး အခက်အခဲတွေ့ပြီ ဆိုတာနဲ့ ခံနိုင်ရည် မရှိကြတော့ဘူး။ သူတို့တွေက သူများကို အားကိုးပြီး ကြီးပြင်းလာရတော့ ပြဿနာ တစ်ခုခုနဲ့ကြုံရင် ကိုယ်တိုင်ဖြေရှင်းနိုင်ဖို့ စိတ်ဓာတ်ခွန်အား မရှိကြဘူး။ အလွယ်တကူ အရှုံးပေးချင်ကြတယ်။ စိတ်ဓာတ် ကျလွယ်ကြတယ်။ ဒါပေမဲ့လည်း ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်လာရသူတွေကျတော့ အခက်အခဲကြုံလေ ပိုပြီး ရဲရင့်လေ၊ ခွန်အားတွေ ပိုပြီး ရလာလေ ဖြစ်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့ဘ၀မှာ ဘယ်အရာကိုမှ အလွယ်တကူ မရခဲ့ဘူး။ ခက်ခဲပင်ပန်းစွာ ဖြတ်သန်းလာရတာဖြစ်လို့ တော်တန်ရုံ အခက်အခဲမျိုးဆို မမှုတော့ဘူး.. ဖြေရှင်းဖို့ အဆင်သင့် ဖြစ်နေကြတယ်။ အခက်အခဲတွေ့လေ အရည်အချင်းပိုပြီး တောက်ပြောင်လာလေပဲ။ ဟောကြည့် စက္ကူပန်းတွေဟာ နွေနေပူလေ ပိုပြီးပွင့်လေ.. သူ့အရောင်အသွေးက ပိုပြီး စိုလက် တောက်ပလာလေ မဟုတ်လား ”

“အင်း နင်ပြောတော့လဲ ဟုတ်သလိုလိုပဲ။ ငါတော့ စက္ကူပန်းကို သေချာတောင် တစ်ခါမှ မကြည့်မိပါဘူးဟာ။ ကြိုက်တယ်လို့လည်း မထင်ဘူး.. ကြိုက်တယ် မကြိုက်ဘူး ဆိုတာတောင် တစ်ခါမှကို မစဉ်းစားမိခဲ့တာပါလေ”

“ဘယ်ကြည့်မိမလဲလေ.. နင်ကလဲ ဘ၀မှာ ဘာအပူအပင်မှ မရှိဘဲ ကြီးပြင်းလာတဲ့သူကိုး. ပညာသင်ပြီးတာနဲ့ အချိန်တန်ရင် မိဘရဲ့ လုပ်ငန်းမှာ ၀င်လုပ်လိုက်ရုံဘဲ။ နင့်ဘ၀ရှေ့ရေးအတွက် နင်ဘာများ ပူစရာရှိလို့လဲ။ ဒီတော့ အဲလို ပြည့်စုံနေတဲ့သူတွေက ဘ၀အတွက် ခွန်အားတွေ တကူးတက ရှာနေစရာမှ မလိုတာ။ ငါတို့လို ဘ၀တွေကျတော့ အခက်အခဲတွေ အများကြီးနဲ့ အမြဲတမ်း ရင်ဆိုင်နေရတဲ့အတွက် ဘ၀ကိုရုန်းကန်ဖို့ ခွန်အားတွေ၊ ရဲရင့်ခြင်းတွေကို ကိုယ့်ဘေးပတ်ဝန်းကျင်ကနေ ရအောင်ယူရတယ်။ မြင်အောင်ကြည့်ရတယ်လေ။ ဒီတော့ မြင်ရတယ်လေ။ ဒါကြောင့် ငါ့အတွက်တော့ စက္ကူပန်းဟာလည်း ခွန်အားတွေ ပေးတဲ့ပန်းလို့ ခံယူတယ်.. ဒါတင်မကသေးဘူး သိလား.. စက္ကူပန်းရဲ့ နောက်ထပ်ထူးခြားချက် ရှိသေးတယ်”

“ဟင် စက္ကူပန်း ဒဿနတွေက များလှပါလားဟ ” သူက ခပ်ပြုံးပြုံးဖြင့် ကောင်မလေးကို စ လိုက်သည်။ သို့သော် သူမက သူ စ လိုက်သည်ကိုပင် သတိထားမိပုံမပေါ်.. ပြောလက်စ စကားကိုသာ ဆက်ပြီး ပြောနေခဲ့သည်။

“ တစ်ခြားပန်းတွေက ခူးဆွတ်သူကို စောင့်နေကြတယ်.. ခူးချင်တဲ့သူတွေကလည်း များတယ်။ ခူးဆွတ်ခံရပြီဆိုရင် သူတို့ရဲ့ ရနံ့နဲ့ အလှတွေက ခူးတဲ့သူအတွက်ပဲ ဖြန့်ဝေပေးနိုင်တယ်။ ဒါပေမဲ့ စက္ကူပန်းကိုကျတော့ ဘယ်သူကမှ မခူးကြဘူး။ ပွင့်သမျှ အပွင့်တွေအားလုံးဟာ အပင်ပေါ်မှာဘဲ လှလှပပ ၀ံ့ဝံ့ကြွားကြွား ရှိနေကြတယ်။ လူတွေက စက္ကူပန်းကို စိုက်ကတည်းက ခူးဖို့၊ ပန်းအိုးထိုးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ကြတာမဟုတ်ဘူး။ အပင်မှာဘဲ ပွင့်စေဖို့၊ ပတ်ဝန်းကျင်ကို လှပစေဖို့ ရည်ရွယ်ပြီး စိုက်ကြတာ။ ဒါကြောင့် သူဟာ တစ်ဦးတစ်ယောက်တည်းအတွက် ပွင့်ရတာမျိုးမဟုတ်ဘဲ အားလုံးအတွက် အလှဆင်ဖို့ တန်ဖိုးရှိစွာ ပွင့်ရတဲ့ ပန်းဖြစ်လာရတယ်။ သူ့အစွမ်းအစနဲ့ လောကကြီးကို အလှဆင်နေတာလေ။ ရာသီပူပြင်းတဲ့ ဒဏ်ကိုလည်း ခံနိုင်တယ် အရောင်အသွေးကလည်း စုံတယ်။ ပြီးတော့ မြင်ရသူတိုင်းကို စိတ်ကြည်နူးစေတယ်.. ခွန်အားတွေ ရရှိစေတယ်လေ။ ဘယ်လောက် လေးစားဖို့ကောင်းတဲ့ ပန်းလဲ။ ငါလဲ စက္ကူပန်းလို ကိုယ်တတ်နိုင်သလောက် ကိုယ့်ဘေးပတ်ဝန်းကျင်ကို အလှဆင်နိုင်တဲ့သူ ဖြစ်အောင် ကြိုးစားချင်တယ်။ ကြိုးလဲကြိုးစားမယ်။ ဒါကြောင့်လဲ ငါသာ ပန်းဘ၀ ဖြစ်ခွင့်ရမယ်ဆိုရင် စက္ကူပန်းပဲ ဖြစ်ချင်တယ်လို့ ပြောခဲ့တာပေါ့”
“အမယ်. နင်က စက္ကူပန်းလို ပတ်ဝန်းကျင်ကို ဘယ်လိုများ အလှဆင်မလို့လဲ”

“ငါအခု တက်နေတဲ့ MBA ပြီးတာနဲ့ ငါ့ဇာတိကို ပြန်မယ်လေ။ ပြန်ပြီးရင် မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ ငါတို့ရွာကလေးမှာ ကလေးတွေကို စာပြန်သင်ပေးရမယ်။”

သူမ စကားအဆုံး သူ့လက်ထဲက ရေနွေးခွက်က လွတ်ကျမတတ်ဖြစ်ပြီး ရေနွေးကြမ်းတစ်ချို့ သူ့ပုဆိုးပေါ် ဖိတ်ကျသွားခဲ့သည်။

“ဘယ်လို.. နင်ကရွာပြန်ပြီး ဆရာမလုပ်မယ် ဟုတ်လား။ ဒီလောက် ပညာတွေ အများကြီး သင်ထားပြီး ရွာပြန်ကျောင်းဆရာမ လုပ်ဖို့တဲ့လား။ ကျောင်းဆရာမ လုပ်ဖို့ဆို ဒီMBA တွေ၊ အင်္ဂလိပ်စာ ဒီပလိုမာတွေ၊ ကွန်ပျူတာဘွဲ့တွေ တက်ထားဖို့ လိုသေးလို့လား။ နင် အစောကတည်းက ရိုးရိုးဘွဲ့တစ်ခုလောက် ရကတည်းက ရွာပြန်ပြီး ဆရာမလုပ်နေရင် ရပြီဘဲ။ အခု နင်တတ်ထားတဲ့ ပညာတွေနဲ့ ကုမ္ပဏီကြီးတစ်ခုခုမှာ အလုပ်ဝင်လို့ ဖြစ်နေပြီ။ အဆုံးစွန်ကွာ ငါ့အလုပ်မှာ နင်ဝင်လုပ်မလား.. နင့်အတွက် အလုပ်တစ်နေရာ လုံးဝ မရှားဘူး။ ငါပေးနိုင်တယ်. လစာလဲကောင်းစေရမယ်”

သူမက မျက်လုံးလေးကို မှေးစင်းလိုက်ရင်း တွန့်ကွေးသွားသော နှုတ်ခမ်းတစ်စုံမှ မပီပြင်သော အပြုံးတစ်စနှင့် “ဟင့်အင်း.. ငါ ဒီမှာဘဲ အလုပ်လုပ်ရင် ငါ့တစ်ယောက်ထဲ အတွက်တော့ ကောင်းမယ်။ ဒါပေမဲ့ ငါ့ရပ်ရွာအတွက်တော့ ဘာမှ အထောက်အကူ မဖြစ်နိုင်ဘူး။ ငါက တစ်ဦး တစ်ယောက်တည်းအတွက် ရှင်သန်ချင်တဲ့ ပန်း မဟုတ်ဘူးလေဟာ။ စက္ကူပန်းလို ကိုယ်တတ်နိုင်သမျှ ကိုယ့်ဘေးပတ်ဝန်းကျင်ကို အလှဆင်ချင်တာ။ ငါတို့ ရွာကလေးက လမ်းပန်းဆက်သွယ်ရေး သိပ်ခက်ခဲတော့ ပညာရေးမှာ မဖွံ့ဖြိုး မတိုးတက်ဘူး။ ပညာရေးမှ မဟုတ်ပါဘူးလေ. ကျန်းမာရေး၊ လူမှုရေး အားလုံး နိမ့်ကျနေတုန်းပဲ ရှိသေးတယ်”

“နင်က နင့်ရွာကို သိပ်ချစ်တာပဲနော်”

“ဟုတ်တယ်.. ငါ့ရွာကလေးကို ငါခင်တွယ်တယ်.. ဘာမှ မတိုးတက်သေးတဲ့ ငါ့ရွာကလေးကို တိုးတက်လာအောင် လုပ်ပေးချင်တယ်။ ငါ့စိတ်ကူးတွေ သိပ်မြင့်နေမလားတော့ မသိဘူး”

သူမက ခပ်ဝေးဝေးကို လှမ်းကြည့်နေသော်လည်း ဘာကိုမှ မြင်တွေ့ပုံမရဘဲ.. သူမ ရွာကလေးကိုသာ မြင်ယောင်နေပုံ ရလေသည်။

“နင်က ဘာတွေလုပ်ဖို့ စိတ်ကူးထားလို့လဲ” သူ့အမေးစကားအဆုံးတွင်

“ငါ့ရွာကလေးကို ပြန်ရောက်ရင် စာကြည့်တိုက်လေး တစ်ခု ဖြစ်မြောက်အောင် လုပ်မယ်။ စာဖတ်ရကောင်းမှန်း မသိကြတဲ့ ငါတို့ရွာက ကလေးတွေကို စာဖတ်တတ်တဲ့အကျင့် ရလာအောင် လှုံ့ဆော်ပေးရမယ်။ တိုက်တွန်း အားပေးရမယ်.. ငါတို့အရပ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ အချိန်ဖြုန်းနေတဲ့ ယောက်ျားလေးတွေ အများကြီးပဲ၊ ပြီးတော့ ကျောင်းစာဆိုတာ သေစာရှင်စာလောက် ဖတ်တတ်ရင် တော်ပြီလို့ ခံယူပြီး ကျောင်းမပြီးခင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတဲ့ မိန်းခလေးတွေလည်း အများကြီး ရှိနေတယ်.. ငါတို့ရွာကလေးမှာ ပညာတတ် သိပ်နည်းတယ်။ ဒါကြောင့်လည်း ကလေးတွေကို စာတွေများများ ဖတ်ပြီး အသိဥာဏ်တွေ ပိုပြီးမြင့်မားလာအောင် ငါ လုပ်ပေးချင်သေးတယ်။ ကွန်ပျူတာဆိုတာ ဘာမှန်းတောင် မသိသေးတဲ့ ရွာက လူငယ်လေးတွေကို ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ဖြစ်လာအောင်၊ သုံးတတ်လာအောင်လည်း လုပ်ပေးချင်တယ်။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး ကိုယ့်ရွာ ကိုယ့်ဒေသ ကျဉ်းကျဉ်းလေးထဲမှာ ပျော်မွေ့နေတဲ့ ငါတို့ ရွာကလေးက လူတွေကို ကမ္ဘာကြီးရဲ့ ပြောင်းလဲ တိုးတက်နေမှုတွေကို သိစေချင်တယ်..”

“နင်လုပ်ချင်တာတွေက များလှပါလား. ဒါတွေက လွယ်လွယ်နဲ့ ဖြစ်လာနိုင်ပါ့မလား ”

သက်ပြင်းခပ်ဖွဖွ တစ်ချက်ချပြီး သူမက သူ့အမေးကို ဖြေသည်။ “အင်း ဟုတ်တယ် ငါလုပ်ချင်တာတွေက အများကြီးပဲ။ ဒါတွေအားလုံး တစ်ခါတည်းတော့ မဖြစ်နိုင်မှန်း ငါလဲသိပါတယ်။ တဖြေးဖြေး လုပ်ယူသွားရမှာပေါ့။ အဲလို လုပ်တဲ့နေရာမှာ အခက်အခဲတွေ အတားအဆီးတွေ အများကြီး တွေ့ရမယ်ဆိုတာ ငါမျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ငါက စက္ကူပန်းလို ရှင်သန်မယ်လေ.. ဘယ်လို အခက်အခဲတွေ့တွေ့ စိတ်မပျက်ဘဲ ငါဖြစ်ချင်တာတွေ ဖြစ်အောင်လုပ်မယ်.. စက္ကူပန်းလို နေပူလေ ရဲရဲတောက် ပွင့်လေဆိုတဲ့ အနေအထားမျိုး ဖြစ်စေရမယ်။ ဘာဘဲဖြစ်ဖြစ် နှစ်တွေကြာလာတဲ့အခါ ငါ့ရွာကလေးဟာ ခုအနေအထားထက် ပြောင်းလဲတိုးတက်နေတာမျိုး ဖြစ်ကို ဖြစ်လာရမှာပါလေ။ ငါ့ကိုယ်ငါ ယုံကြည်တယ်”

သူမ နှုတ်ခမ်းများက ယုံကြည်ချက်ပြင်းပြသူ၊ စိတ်ဓာတ်ခိုင်မာသူတို့၏ လက္ခဏာရပ်အဖြစ် တင်းတင်းစေ့လို့ နေခဲ့သည်။ ထိုနေ့က သူတို့ရှေ့တွင် ရှိနေခဲ့သော လက်ဖက်သုပ် ပန်းကန်းလေးမှာ သူရော သူမပါ ထပ်မနှိုက်ဖြစ်တော့ဘဲ မျက်နှာငယ်စွာ ကျန်ရစ်ခဲ့လေသည်။ ထို့အတူ သူမကို ပြောမည်ဟု ရည်ရွယ်ထားခဲ့သော စကားအချို့လည်း ဖွင့်မပြောဖြစ်တော့ဘဲ သူ့ရင်ထဲမှာပဲ သိမ်းဆည်း ထားလိုက်လေတော့သည်။ သူမက တစ်ဦး တစ်ယောက်တည်း အတွက် မရှင်သန်လိုဘူးဟု ဆိုသည်မဟုတ်လားလေ။

***************@**************

စက္ကူပန်းကဲ့သို့ အများအကျိုးအတွက် ရှင်သန်ချင်သော မိန်းခလေးနှင့် သူ မတွေ့ဖြစ်ကြတော့သည်မှာ နှစ်များစွာ ကြာခဲ့ပါပြီ။ သူကလည်း မဆက်သွယ်သလို သူမကလည်း သူ့ထံ မဆက်သွယ်ပါ။ ကြည့်လေရာအရပ်တွင် စက္ကူပန်းတွေ စိုက်ပျိုးထားသော မြို့တစ်မြို့ကို သူ ရောက်နေခဲ့သဖြင့် စက္ကူပန်းဖြစ်ချင်သော မိန်းခလေးကို ပြင်းပြင်းပြပြ သတိရလိုက်မိလေသည်။ ယခု သူရောက်နေသော မြို့ကလေးသည် နွေရာသီတွင် ပူပြင်းသော ရာသီဥတုမျိုးရှိပြီး အခြားပန်းများထက် စက္ကူပန်းများသာ အိမ်တိုင်းလိုလို စိုက်ထားကြသကဲ့သို့၊ လမ်းဘေးဝဲယာနှင့် ပန်းခြံတို့တွင်လည်း စက္ကူပန်းခြုံများကို လှပစွာ ပုံဖော် အလှဆင်ထားကြသည်။ တစ်မြို့လုံး စက္ကူပန်းရောင်စုံတွေက နွေနေအောက်တွင် လန်းဆန်းတောက်ပစွာဖြင့် အားနှင့် မာန်နှင့် ပွင့်နေကြသည်ကို မြင်ရသဖြင့် သူမပြောခဲ့သော စကားများကို ပြန်ပြီး သတိရမိခြင်း ဖြစ်လေသည်။

နှစ်များစွာကြာခဲ့သော်လည်း စက္ကူပန်းတွေ မြင်တိုင်း သူမကို သတိရမိဆဲဖြစ်သည်။ သူမကရော သူ့ကို သတိရနေမည်လား မေ့နေပြီလား သူ မသိနိုင်ခဲ့ပါ။ စက္ကူပန်းတွေမြင်တိုင်း သူမကို သတိရသည်ဟု ဆိုရာတွင် စက္ကူပန်းတွေကို မမြင်ရင်တော့ သတိမရသည့်သဘော သက်ဝင်သွားပေလိမ့်မည်။ စက္ကူပန်းလိုဖြစ်ချင်သော မိန်းခလေး မသိလိုက်သည့် အချက်မှာ သူမ၏ ဇာတိရပ်ရွာကို ပြန်သွားပြီး၊ သူတို့နှစ်ယောက် မတွေ့ဖြစ်ကြတော့ကတည်းက သူ ဘယ်တုန်းကမှ ကြိုက်သည်မထင်ခဲ့သော၊ သတိမထားခဲ့သော စက္ကူပန်းများကို သူ့အိမ် နေရာအနှံ့၊ ခြံစည်းရိုးများတွင်လည်းကောင်း၊ အိမ်ပေါ် ၀ရံတာထက်တွင် ပန်းအိုးများဖြင့်လည်းကောင်း၊ ခြံဝင်းထဲတွင် လည်းကောင်း စိုက်ပျိုးထားခဲ့မိလေသည်။ ခုချိန်တွင်တော့ သူရောက်နေသော မြို့ကလေးအတိုင်း သူ့တစ်အိမ်လုံးသည်လည်း တောက်ပ၀ံ့ကြွားစွာ ပွင့်ဝေနေကြသော စက္ကူပန်းများဖြင့် နွေနေအောက်တွင် လှပနေပေတော့မည်။ စက္ကူပန်းနှင့်တူသော မိန်းခလေးသည်လည်း သူမ၏ ဇာတိရွာကလေးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သူမပြောခဲ့သည့်အတိုင်း အောင်မြင်အောင် လုပ်ဆောင်နေမည်ဟု သူ ယုံကြည်ပါသည်။ စက္ကူပန်းတွေကို စိုက်ပျိုးထားသူ သူကိုယ်တိုင်မှာတော့ ခုချိန်ထိတိုင် စက္ကူပန်းလို မကျင့်ကြံနိုင်ခဲ့သေးပေ။

လမ်းနံဘေးမှာ ပွင့်ဝေရပေမဲ့ စက္ကူပန်းတွေကတော့ နွေနေပူလဲ လန်းနေမြဲ လန်းနေဆဲပါ။

** ချော(အစိမ်းရောင်လွင်ပြင်)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)