"ဟဲ့....ဘယ်ကပြန်လာတာလဲ။ လက်ထဲလဲ အထုပ်အပိုးတွေနဲပါလား"
"ဒီလိုလေ...ကိုကြီးဆန်းရဲ့။ ဧည့်သည်ရောက်နေလို့ ဟင်းချက်စရာလေး သွားဝယ်လာတာ။
ဟိုနည်းနည်း ဒီနည်းနည်းပါပဲ။"
"အော်..အော်...အိမ်သာတော့ ဧည့်လာတယ်လို့ပဲ မှတ်ပေါ့ဟယ်"
"ဟုတ်..ကိုကြီးဆန်း"
"ဟေ့..ဟေ့..နေဦး။ တစ်ခုတော့ ရှိတယ်နော်။ ဧည့်သည်လာ ဆန်မကုန်စေနဲ့။ ကြားလား"
ဟုတ်..ဟုတ်..ကိုကြီးဆန်းရေ...နောက်ကျနေမစိုးလို့ သွားတော့မယ်နော်"
မိနိုးမနဲ့ ပီရစ်လည်း ကိုကြီးဆန်းနားကနေ အမြန်ပဲ ထွက်လာခဲ့ကြတော့တယ်။ အတော်လေးဝေးသွားကြမှ..
"ဟဲ့..ပီရစ်မ၊ ငါအခုမှ စဉ်းစားမိတယ်၊ ကိုကြီးဆန်း ပြောတာလေ။ ဧည့်သည်လာရင် ဆန်မကုန်စေနဲ့..ဆိုတာ"
"အေးလေ..ဟုတ်သား။ ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမလဲအေ၊ ညီး စဉ်းစားကြည့်စမ်း၊ ဆန်မကုန်စေနဲ့..ဆိုတော့ ........... "
"အေးနော်..ထမင်းကျက်မကျွေးနဲ့ ပြောချင်တာလား မသိဘူး"
"ထမင်းမကျွေးနဲ့ဆိုတော့ ...အင်း...ကိုကြီးဆန်းက သူ့အိမ်လာတဲ့ ဧည့်သည်ကို ဘာကျွေးလဲ သိဘူး"

"အေ..တော်..သူကြိုက်တဲ့ ဟိုဟာလေးတိုက်ပြီးတော့ ဧည့်ခံတာဖြစ်မယ်။ ဟိ..ဟိ..အအေးပြောတာနော်.."
"လာဟယ်..နောက်ကျနေမယ်။ မြန်မြန်လေး ပြန်ချက်လိုက်ရအောင်၊ နောက်မှ သွားမေးကြတာပေါ့။ ဘာလဲမသိဘူး..ဧည့်သည်လာ ဆန်မကုန်စေနဲ့တဲ့ သူမို့ပြောတတ်တယ် ရှာရှာ ပေါက်ပေါက်"
အကျွန်ုပ် ရွာသားလေး စိုပြေ၏ အိမ်ရှေ့ဝယ် အထက်ပါအတိုင်း ပေါက်ပေါက်ဖောက်
သွားကြသော ရွာ့အချစ်တော် မိနိုးမနှင့် ပီရစ်မတို့၏ ပြောစကားအလုံးစုံကို ကြားလိုက်ရသော
ကြောင့် ရှိရင်းစွဲ ၀ါသနာအတိုင်း အကျွန်ုပ်သည် မှတ်စု မှတ်တမ်းများမှ တွေ့ရှိသမျှကို
ဖေါ်ပြလိုက်ပါသည်။
*******************************************************
မြန်မာဟူသည် ကမ္ဘာမှာ ဖေါ်ရွေမှု၊ ရက်ရောမှုတို့ဖြင့် ထင်ရှားသည်ဟု ပြောလေ့ရှိသည်။ ဧည့်သည်များကို အပြုံးဖြင့် နှုက်ဆက်သည့်ဓလေ့ကို ကမ္ဘာကပင် အသိမှတ်ပြုထားကြသည်။ "အိမ်သာလို့ ဧည့်လာ" ဟူသည့် စကားဖြင့် ဂုဏ်ယူတတ်ကြသော လူမျိုးဖြစ်သည်။ မိမိအိမ်သို့ အလည်လာသည်ကို လိုလေသေးမရှိ ကျွေးမွေးကြသည်။ ဧည့်ခံကြသည်။ မလာတာကြာလျှင် မျှော်တတ်ပြီး ပြန်သွားလျှင် လွမ်းကျန်တတ်သည့် လူမျိုးဖြစ်သည်။
သို့ဖြစ်ပါလျက် မြန်မာ့စကားတွင် "ဧည့်သည်လာလျှင် ဆန်မကုန်စေနဲ့"-ဟူသည့် စကားနှင့် မည်သို့ ဆက်စပ်မည်နည်း။

မြန်မာတို့သည် မြတ်ဗုဒ္ဓ၏ အဆုံးမအောက်တွင် လိုက်နာကျင့်သုံးသူများပီပီ သူတစ်ပါးကို
ပေးရ၊ ကျွေးရသည်ကို ၀မ်းမြောက်ဝမ်းသာဖြစ်တတ်ကြသည်။ ဒါနပြုသည်ဟု မှတ်ယူကြ သည်။ တရားတော်များ တွင်လည်း အလှူပေးခြင်းကြောင့် ရလာသော အကျိုးများကို
တွေ့ရသဖြင့် ကြည်ကြည်ဖြူဖြူ ပေးတတ်ကြသည်။ ကုန်သွားသည်လို့ မထင်မှတ်ကြ။ ယုတ်စွအဆုံး တိရစ္ဆာန်လေးများကိုပင် ကျွေးမွေးကြ သည်။ ခင်မင်မှုဖြင့် လာသည့်ဧည့်သည် များကိုမူ ပြောစရာပင် မလိုချေ။ ရှိသမျှအကုန် ချကျွေးကြသည်။ သူငယ်ချင်းများအိမ်သို့ အလည်လာသူများကိုပင် မိမိတို့ဧည့်သည်ဟုယူဆပြီး ဖိတ်ကြားဧည့်ခံသည်။
သို့သော် " ပေးကားပေး၏ မရ"ဆိုသကဲ့သို့ "ကုန်သာကုန်သော်လည်း ပြန်မရတတ်"သည်များ ရှိပါ၏။ အဘယ်ကြောင့်နည်း။ ဗုဒ္ဓဘာသာတို့၏ ယုံကြည်သက်ဝင်မှုအရ စေတနာ သဒ္ဓါတရား ကွာခြားသောကြောင့်ပင်တည်း။ စေတနာသုံးမျိုးဟု မှတ်သားမိပါ၏။
- မပေးခင် မကျွေးခင်ကပင် ၀မ်းမြောက်ဝမ်းသာဖြစ်မှု၊
- ပေးနေစဉ်(ကျွေးနေစဉ်) ၀မ်းမြောက်ဝမ်းသာဖြစ်မှု၊
- နောက်ပိုင်းမှာလည်း အမြဲတမ်း ၀မ်သာနေမှုတို့ပင်တည်း။
ပေးချင်စိတ်၊ ကျွေးချင်စိတ် မပါပဲ၊ မဖြစ်သာလို့ ပေးရ၊ ကျွေးရ၊ ကြောက်လို့ ပေးရ၊ ကျွေးရ၊ ဂုဏ်ယူ ကြွားဝါ ချင်လို့ ပေးရ၊ ကျွေးရခြင်းသည်ကား ပေးသူအတွက် အကျိုးမများနိုင်ပေ။ ကုန်သွားခြင်းသာ အဖတ်တင်သည်။
ပေးပါ၊ ကျွေးပါ၊ သို့သော် စေတနာ သဒ္ဓါတရားကောင်းကောင်းနှင့်သာ ပြုလုပ်ပါ။ ထိုအရာများသည် ကုန်သွားခြင်း မဟုတ်။ ဒါနသဘောဖြစ်သဖြင့် ကုန်ရကျိုးနပ်ပေသည်။ အကျိုးများသည်။ ထိုအရာများသည် ကုန်သွားခြင်း မဟုတ်၊ ရရှိခြင်းဖြစ်သည်။
ထိုသိုမဟုတ်ဘဲ ကြောက်လို့၊ မဖြစ်သာလို့၊ ကြွားချင်လို့ဟူသော စိတ်ထားဖြင့် ပြုလုပ်ပါက အကျိုးမများပေ။ ကုန်သည်သာ အဖတ်တင်ပေမည်။ ၀တ်ကြေ တန်းကြေ ပြုလုပ်သောကြောင့် ဒါနအကျိုးကို ပြည့်ပြည့်၀၀ မရရှိနိုင်။
ထို့ကြောင့်ပင် ရှေးမြန်မာများသည် ''ဧည့်သည်လာ ဆန်မကုန်စေနဲ့'' ဆိုစကားရှိခဲ့ခြင်း
ဖြစ်ပေမည်။

အကျွန်ုပ်တွေ့ရှိသမျှကို တင်ပြလိုက်ခြင်းသာဖြစ်ပါ၏။ မိနိုးမတို့ ပီရစ်မတို့ ကိုကြီးဆန်းကို သွားမေးကြလျှင်ဖြင့် သူ့အိမ်ကို ဧည့်သည်လာပါက မည်သို့မည်ပုံ၊ မည်သည့်အရာတို့ဖြင့် ဧည့်ခံသည်ဆိုသည်ကို သိနိုင်ပေမည်။ သူတို့မမေးခင် အရင်သိချင်ပါကလည်း ကိုယ်တိုင် သွားရောက် မေးမြန်းစုံစမ်းလျှင် အဖြေတစ်ခုခုတော့ သိနိုင်ကောင်းပါရဲ့..........
(ရွာသားလေး..စိုပြေမှ)
**ကိုတင့်**

No comments:
Post a Comment