နေမကောင်းတဲ့ အဖေ့အတွက် ကြက်သားဆွပ်ပြုတ်လေးတိုက်ချင်တာနဲ့ ဒီနေ့မနက် ဈေးထဲက သားငါးတန်းဘက်ကို ဦးတည်လာခဲ့တယ်။ ကြက်သားသုံးဆယ်သားကျော်ကျော် အတွက် ငွေ၁၆၀၀ကျပ်ကျသင့်လို့ ကျွန်မ ငွေ၂၀၀၀ ထုတ်ပေးလိုက်တယ်။ ဈေးသည်က ပြန်အမ်းငွေ ၄၀၀ကျပ်အတွက် အခက်ခဲဖြစ်နေတယ်။ စလွယ်သိုင်းလွယ်ထားတဲ့ ပိုက်ဆံတွေထည့်ထားတဲ့လွယ်အိတ်လေးထဲကို မွှေနှောက်ရှာနေလို့ ကျွန်မမှာ နေရင်းထိုင်ရင်း အားနာနေမိသေးတယ်။ တအောင့်နေတော့ သူက ၁၀၀၀ကျပ်တန် ပိုက်ဆံတစ်ရွက် ထုတ်ပေးရင်း ” ရော့.. အစ်မ.. အနုတ်မရှိလို့ နောက်နေ့မှ တစ်ရာပေးတော့ ” ။ ကျွန်မလည်း ရုံးချိန်အမှီ ချက်ပြုတ်ရဦးမှာဆိုတော့ သူအမ်းပေးတဲ့ ၁၀၀၀ကျပ်တန် လှမ်းယူပြီး စိတ်လောလောနဲ့ ထွက်လာခဲ့တယ်။ နောက်လိုအပ်တဲ့ အသီးအရွက်လေး၊ ကြက်သွန်ဖြူနီလေး နည်းနည်းပါးပါးထပ်ဝယ်အပြီးမှာ အိမ်ကိုပြန်ခဲ့တယ်။
အိမ်ပြန်မရောက်ခင် လမ်းမှာ ကျွန်မစိတ်ထဲမှာ ဇဝေဇ၀ါဖြစ်လာတာနဲ့ ခုနကြက်သားသည် အမ်းလိုက်တဲ့ ၁၀၀၀ကျပ်တန်တစ်ရွက်ကို ပြန်စဉ်းစား လိုက်မိတယ်။ ဗုဒ္ဓေါ .. ဈေးသည်က ကျွန်မကို ၅၀၀ကျပ်တန်အမှတ်နဲ့ မှားပြီး ၁၀၀၀ကျပ်တန်တစ်ရွက် အမ်းလိုက်မိတာကို။ သူက ၄၀၀ကျပ်ထဲ ပြန်အမ်းရမှာဆိုတော့ တကယ်က ကျွန်မကို ၅၀၀တန်ပေးသင့်ပြီး နောက်နေ့မှ ၁၀၀ ကျပ်လာပေး တော့ အစ်မရေ လို့ပြောလိုက်တာ။ ဒါပေမယ့် သူတကယ်ပေးလိုက်တာက ၅၀၀ကျပ် မဟုတ်။ ၁၀၀၀ကျပ်။ ဒီတော့ သူက သူတကယ်ပြန်ရမယ့် ၁၀၀ကျပ်အပြင် ကျွန်မကို နောက်ထပ်အပို ၅၀၀ကျပ်၊ စုစုပေါင်း ၆၀၀ကျပ် ပေးလိုက်သလို မဖြစ်နေဖူးလား။ ကျွန်မကလည်း လောလောနဲ့ သတိမထားပဲ ယူလာမိတာ။
ကဲ.. ရုံးချိန်မမှီလည်း မတတ်နိုင်။ နောက်နေ့မှဆို ရှင်းရတာခက်နေမယ်။ သွေးပူတုန်းလေး ရှင်းပြပြီး ပြန်ပေးလိုက်မှ။ စိတ်မြန်လက်မြန်နဲ့ ကျွန်မ ခြေလှမ်းတွေက ဈေးဘက်ကို ခြေဦးပြန် လှည့်လိုက်တယ်။ ပိုက်ဆံအိတ်လေးထဲမှာ ဈေးဝယ်ရင်း အနုတ်လေးတွေ ပြန်ရလာတာရှိတော့ သူ့ကို တကယ် ပြန်ပေးရမယ့် ၁၀၀ကျပ်ရယ်+သူပိုပေးလိုက်တဲ့၅၀၀ကျပ်= စုစုပေါင်း၆၀၀ကျပ်ကို လက်ထဲကကိုင်လို့ ခုနကြက်သားသည်ရှိရာကို အပြေးလေးပြန်လာလိုက်တယ်။
သူ့ဆိုင်ရှေ့မှာ ၀ယ်သူရှင်းတာစောင့်ပြီးချိန်မှာ ကျွန်မက ထုံးစံအတိုင်း စိတ်လောလောနဲ့ ဘာမပြော ညာမပြော.. ” ရော့.. ဒီမှာ ၆၀၀.. ခုန ပြန်ပေးရမယ့်ပိုက်ဆံ ” ..လို့ပြောပြီး သူ့လက်ထဲကို ပိုက်ဆံ ၆၀၀လှမ်းပေးလိုက်တယ်။
လက်ထဲက ပိုက်ဆံ ၆၀၀ကို ကြည့်ပြီးတော့ ဈေးသည်ရဲ့ မျက်နှာမှာ အရိပ်လေးတစ်ခုဖြတ်သွားတာ ကျွန်မအသေအချာဖတ်လိုက်ရတယ်။ သူက ကျွန်မကမ်းပေးတဲ့ ငွေ၆၀၀ကို လွယ်အိတ်ထဲ ဖတ်ကနဲ ဇိုးဇိုးဇတ်ဇတ်ထည့်ပြီး ကျွန်မကို မျက်နှာလွှဲလိုက်ချိန်မှာတော့ ကျွန်မပိုသေချာသွားတယ်။ ကျွန်မရဲ့ အခံစိတ်က မနေနိုင်တော့ဘူး။ ကျွန်မစိတ်ထဲထင်တာ မမှားဘူးဆိုရင် သူ့ကို ကျွန်မ မဖြစ်မနေ ရှင်းပြဖို့ လိုအပ်လာပြီ။
” ဒီမှာ.. ခုနကျွန်မကို ၅၀၀တန်အမှတ်နဲ့ ပေးလိုက်တာမဟုတ်လား။ တကယ်တမ်း ရှင်ပေးလိုက်တာက ၁၀၀၀တန်ကြီးရှင့်။ အဲ့ဒီ ၆၀၀က ကျွန်မပြန်ပေးရမယ့် ၁၀၀ရယ်.. ရှင် ပိုအမ်းလိုက်တဲ့ ၅၀၀ရယ်ဘဲ”
ဈေးသည်ရဲ့ မျက်နှာပေါ်က ဖြတ်ပြေးသွားတဲ့ အံ့သြမှုတွေ အားတုံ့အားနာဖြစ်မှုတွေကို ကျွန်မ မြင်ဖြစ်အောင် ထပ်မြင်ဖြစ်လိုက်ပြန်တယ်။

” ဟင်..ဟုတ်လား၊ ဒါဆို ၁၀၀၀တန်မှားပေးလိုက်တာပေါ့၊ တော်သေးတာပေါ့။ ဈေးရောင်းမကောင်းရတဲ့အထဲ အစ်မသာ ပြန်လာမပေးရင် ကျွန်မလည်း သိမှာမဟုတ်တော့ဘူး။ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် အစ်မ ခုန ၆၀၀ရုတ်တရက်ပေးလာတော့ အစ်မ ငါ့ကို မှားပြီး ၅၀၀ ပိုအမ်းနေပြီဆိုပြီး မသိချင်ယောင်ဆောင်ယူလိုက်မိတာ။ ကျေးဇူးပါအစ်မရယ် “
ကျွန်မ ဆိုင်ရှေ့က ထွက်လာခဲ့တယ်။ ရုံးချိန်တော့ သေခြာပေါက် နောက်ကျသွားပြီ။ ဒါပေမယ့် ကျွန်မကျေနပ်တယ်။ ကျွန်မအတွက်ရော.. ဈေးသည်.. သူ့အတွက်ရောပေါ့ ။
ကျွန်မတို့ရဲ့ပတ်ဝန်းကျင်တွေမှာ ဒီလိုအဖြစ်အပျက်တွေ အများကြီးရှိနေတယ်။ ကိုယ်က ပိုရလိုက်တာလို့ ထင်နေပေမယ့် တကယ်တမ်းကျတော့ ကိုယ်ကမရလိုက်တဲ့အပြင် ကိုယ့်ဆီကတောင် ပြန်ပါသွားမှန်း မသိလိုက်ရတဲ့ အဖြစ်အပျက်တွေ တပုံတပင်ကြီး ရှိနေကြတယ်။ ဒီလို လွယ်လွယ်နဲ့ ရနေတဲ့အပေါ် သာယာနေရင်းနဲ့ဘဲ ကိုယ်သာ ပရုပ်လုံးလို တဖြေးဖြေး လုံးပါးပါးသွားနိုင်တယ်။ ဒါကြောင့် ကိုယ်ရသင့်ရထိုက်တာထက် ဘာမှပိုမယူတာ အကောင်းဆုံးဘဲလို့ ကျွန်မခံယူထားတယ်။ လောဘစိတ်ကို သတိဆိုတဲ့ ချွန်းနဲ့ အုပ်သင့်တယ်။ ဒါမှ လိပ်ပြာသန့်သန့်နဲ့ ဘ၀ဟာ နေပျော်စရာ ကောင်းမှာပါ။ မဟုတ်ရင်တော့ အိပ်ရေးဝကြမှာ မဟုတ်ပါဘူး။ ကျွန်မတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကြရအောင်လား။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
** မြသွေးနီ**

No comments:
Post a Comment