('Secret US terror army kills enemies')
**ရန်သူဟုယူဆရသူများကို လုပ်ကြံရန် လျှို့ဝှက်တပ်ဖွဲ့များ အမေရိကန်ထူထောင်**
(၀ါရှင်တန်၊ စက်တင်ဘာ ၃)
ကမ္ဘာတစ်ဝန်း မည်သည့်အရပ်ဒေသ၌မဆို အထူးသဖြင့် အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံများ၌ ရန်သူဟု ယူဆရသူများကို လုပ်ကြံသတ်ဖြတ်ရန် လေ့ကျင့်ပေးထားသည့် လျှို့ဝှက်တပ်ဖွဲ့အား အမေရိကန်စစ်ဘက်က ထူထောင်ထားကြောင်း စနေနေ့ အင်တာနက်သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသော ၀ါရှင်တန် ပို့(စ်) သတင်းစာတွင် ဖော်ပြထားသည့် သတင်းတစ်ပုဒ်၌ ပူးတွဲအထူးစစ်ရေးတပ်ဖွဲ့ (ဂျေအက်စ်အိုစီ) ဟုခေါ်သော တပ်ဖွဲ့တစ်ဖွဲ့ကို ကမ္ဘာအနှံ့အပြားမှ အကြမ်းဖက်သမားများဟု သံသယရှိသူများအား လုပ်ကြံသတ်ဖြတ်ရန်၊ ထောင်သွင်းအကျည်းချထား၍ စစ်ကြောမေးမြန်းရန် တာဝန်ပေးထားကြောင်း ရေးသားထားသည်။ ဂျေအက်စ်အိုစီသည် အကြမ်းဖက်သမားများဟု သံသယရှိသူများကို ၄င်းတို့ကိုယ်ပိုင် အကျဉ်းစခန်းများ၌ ချုပ်နှောင်ထားကြောင်း၊ အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် စီအိုင်အေပြုမှုသကဲ့သို့ လုပ်ဆောင်ကြကြောင်း စက်တင်ဘာ ၂ ရက်ထုတ် ၀ါရှင်တန်ပို့စ်ပါ ဆောင်းပါး၌ ဖော်ပြထားသည်။ (အင်တာနက်)

(TWO DEAD AS TROPICAL STORM TALAS HITS WESTERN JAPAN.)
**ဂျပန်နိုင်ငံ ရှီကိုကူးကျွန်းတွင် တိုင်ဖုန်းမုန်တိုင်းတိုက်ခတ် လူနှစ်ဦးသေဆုံး၊ ငါးဦးပျောက်ဆုံးကာ ၄၀ ကျော် ဒဏ်ရာရ**
(အိုဆာကာ၊ စက်တင်ဘာ ၃)
စက်တင်ဘာ ၃ ရက်က ဂျပန်နိုင်ငံအနောက်ပိုင်း ရှီကိုကူးကျွန်းတွင် အင်အားပြင်းထန်သော တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ပြီး မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးကာ ငါးဦးမှာ ပျောက်ဆုံးနေပြီး လူ ၄၀ ကျော်မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသဆိုင်ရာ သတင်းများတွင် ဖော်ပြသည်။ အိုင်မီ စီရင်စု မတ်ဆုယာမာမြစသ် အတွင်း၌ စက်တင်ဘာ ၃ ရက်နံနက်ပိုင်း တွင် အသက် (၃၀) ကျော်အရွယ် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရပြီး နာမာရာ စီရင်စု တိုဆုကာဝါကျေးရွာတွင် မြေပြိုမှုကြောင့် လွင့်ပါခဲ့သည့် နေအိမ်တစ်လုံးအတွင်း၌ အသက် (၇၃) နှစ်အရွယ်အဘိုးအိုတစ်ဦးသေဆုံးခဲ့သည်။ ၄င်းအပြင် တိုကူရှီးမား၊ ဟီရိုးရှီးမား၊ ၀ါကာယားမားနှင့် ကာဂိုရှီးမားစီရင်စုများမှ လူငါးဦးတို့ ပျောက်ဆုံးနေသည်ဟု ဆိုသည်။ တိုင်ဖုန်းမုန်တိုင်းရာသီ၏ ၁၂ ခုမြောက်မုန်တိုင်း တာလက်စ်တိုက်ခတ်မှုကြောင့် ဂျပန်နိုင်ငံ အနောက်အလယ်ပိုင်းမှ လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းခဲ့ရပြီး စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ပြည်တွင်းလေကြောင်းခရီးစဉ် ၃၇၅ ခုနှင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ် ၁၇ ခုကို ဖျက်သိမ်းခဲ့ရသည်။ မုန်တိုင်းတိုက်ခတ်ရာဒေသရှိ ကင်ကီဒေသနှင့် ရှီမာနေစီရင်စုရှိ လူနေအိမ်ခြေ ၇၆၃၀၀ တို့မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်ပြီး မှောင်အတိအကျနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။ (ဆင်ဟွာ)
**ရေနံယိုဖိတ်မှုဖြစ်ပွားပြီးနောက် ထုတ်လုပ်မှုရပ်ဆိုင်းရန် အမေရိကန်ကုမ္ပဏီကို တရုတ်အစိုးရ ညွှန်ကြား**
(ပေကျင်း၊ စက်တင်ဘာ ၃)
တရုတ်နိုင်ငံအရှေ့ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသကမ်းလွန်ပင်လယ်၌ ကြီးမားသော ရေနံယိုဖိတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် ထိပ်တန်းရေနံကုမ္ပဏီဖြစ်သော ကိုနိုကိုဖီးလစ်ကုမ္ပဏီ၏ ရေနံထုတ်လုပ်မှုကို ရပ်ဆိုင်းရန် တရတ်အစိုးရက စက်တင်ဘာ ၂ ရက်တွင် ညွှန်ကြားလိုက်သည်။ အမေရိကန်နိုင်ငံမှ ကိုနိုကိုဖီးလစ်ကုမ္ပဏီက လုပ်ကိုင်နေသော ကမ်းလွန်ရေနံမြေများအနက် ရေနံမြေတစ်ခု၌ ထုတ်လုပ်မှုများ ရပ်ဆိုင်းရန် တရုတ်အစိုးရက ညွှန်ကြားခဲ့သည်။ တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းလွန်ဒေသ၌ ရေနံယိုဖိတ်မှုကို ရပ်တန့်သွားစေရန် ကိုနိုကိုဖီးလစ်ကုမ္ပဏီ၏ လုပ်ဆောင်ချက်မှာ အောင်မြင်မှုမရသဖြင့် မိမိတို့ စိတ်ပျက်ရကြောင်း တရုတ်နိုင်ငံတော် ပင်လယ်သမုဒ္ဒရာစီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။(ဆင်ဟွာ)
စုစည်းဘာသာပြန် - ဟန်သစ်

No comments:
Post a Comment