(Sep-8 ၊မြတ်ညို-အလွတ်သတင်းထောက်)
၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဖလန်ဆောင် ထက်ခမ်း အရပ်ရှိ ၀ပ်ထက်ခမ်း ဘုန်းတော်ကြီးကျောင်းတွင် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ရခိုင်လူငယ်များစုပေါင်း ကျင်းပခဲ့ကြသည်။
အခမ်းအနား ကျင်းပရေးကော်မတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ထိုင်း) ဥက္ကဋ္ဌ ဦခိုင်အံ့မောင်က “မြန်မာနိုင်ငံမှာ ကျေးဇူးကြီးမားတဲ့ ဆရာတော်ဦးဥတ္တမ လို ဗိုလ်ချုပ်အောင်ဆန်း တို့လို လူတွေကို မှေးမှိန်အောင်ပပျောက်သွားအောင် မြန်မာအစိုးရ အဆက်ဆက် လုပ်လာကြတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ကျေးဇူးရှိတဲ့ ဒီ ပုဂိုလ်တွေကို ကျနော်တို့ မမေ့မလျော့ရှိကြပါတယ် ဆိုတာကို ပြ ကြတာပါ’’ဟု ပြောသည်။
မြန်မာပြည်တွင်း၌ ဦးဥတ္တမ နေ့ကို ပေါ်ပေါ်ထင်ထင် ကျင်းပခွင့်မရရှိပေ။
မြန်မာနိုင်ငံ၌ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်သည့် ခေတ်တွင် အကြမ်းမဖက်နည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်ဟု အခမ်းအနား သဘာပတိအဖွဲ့ဝင်တစ်ဦးဖြစ်သူ မြန်မာ သတင်းသမဂ္ဂ ဒု ဥက္ကဌ ဦးဇင်လင်းကလည်း ပြောဆိုသည်။
“ဆရာတော်ဟာ ရခိုင်လူမျိုးပေမယ့် ရခိုင်အတွက်လုပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်ဖြစ်နေတဲ့ မြန်မာတစ်နိုင်ငံလုံး လွတ်လပ် ရေး အတွက် ကြိုးပမ်းခဲ့သူဖြစ်တယ်၊ ဒါ့အပြင် အာရှတိုက် လွတ်မြောက်ရေးအတွက်ပါကြိုးပမ်းခဲ့သူဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
ဆရာတော် ဦးဥတ္တမသည် ၁၉၁၈ ခုနှစ်တွင် မြန်မာပြည်ဘုရင်ခံဖြစ်သော ဆာဂျီရယ် ကရက်ဒေါက် အား “ကရက်ဒေါက် ဂက်အောက်(ကရက်ဒေါက် မြန်မာပြည်မှ ပြန်ထွက်သွားပါ)”ဟု သူရိယ သတင်းစာမှဆောင်းပါးရေးပြီး အင်္ဂလိပ်အစိုးရကို ဆန့်ကျင် စိန်ခေါ် ခဲ့သူဖြစ်သည်။
“အစိုးရမကောင်းရင် မကောင်းဘူးလို့ ဝေဖန်ခွင့်ဟာ ငါတို့မှာရှိတယ်။ ခေါင်းငုံ့မခံကြနဲ့ ကြောက်လျှင်ပြန် ရဲလျှင်ကြံ။ လွတ်လပ် ရေး ဆိုတာ တကာတကာမတို့၏ ကြိုးကုတ်လုံ့လ ကြီးမားမှုပြုလျှင် ဧကန်မုချရမည်မလွဲ ’ဟု ဆရာတော် မိန့်ကြားခဲ့ဖူးသည်။
ဆရာတော် ဦးဥတ္တမသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ ပုဇွန်တောင်မြို့ နယ် ညောင်တုန်း ကျောင်း တိုက်တွင် ပျံလွန်တော်မူခဲ့ပြီး ထိုနေ့ကို ဆရာတော်ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ယခု ကန်တော်မင် (ကန်တော်မင်္ဂလာ) ပန်းခြံမှာ ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက သတ်မှတ်ခဲ့သော ပန်းခြံဖြစ်သည်။
စက်တင်ဘာလ ၉ ရက်နေ့တွင် မဲဆောက်မြို့တွင် ကျင်ပမည်ဖြစ်ပြီး စက်တင်ဘာလ၁၁ ရက် တနင်္ဂနွေနေ့တွင်လည်း ထိုင်းနိုင်ငံ မဟာချိုင်မြို့နှင့် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဆရာတော် ဦးဥတ္တမ နေ့ အခမ်းအနား ကျင်းပကြမည်ဖြစ်ကြောင်း သိရှိရသည်။
မဆလ ခေတ်က ဆရာတော် ဦးဥတ္တမနှင့် ပတ်သက်၍ အခြေခံပညာ ကျောင်းသုံးဖတ်စာအုပ်တွင် သင်ကြားရန် ပြဌာန်းခဲ့ပြီး နအဖ ခေတ်တွင်မူ ဆရာတော်၏ အခန်းကဏ္ဍကို လုံးဝ လျစ်လျူရှုထားခဲ့သည်။

No comments:
Post a Comment