**ပါကစ္စတန်နိုင်ငံ၌ မိုးသည်းထန်ပြီးရေလွှမ်း ၈၈ ဦးသေဆုံး၊ ရှစ်သန်းခန့် ရေဘေးဒုက္ခကြုံတွေ့**
(အစ္စလမ္မာဘတ်၊ စက်တင်ဘာ ၅)
ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုများ ဖြစ်ပေါ်လျက်ရှိရာ စက်တင်ဘာ ၅ ရက်အထိ သေဆုံးသူ ၈၈ ဦးရှိပြီး ပြည်သူ ရှစ်သန်းခန့်ရေဘေးဒုက္ခနှင့် ကြုံတွေ့ရလျက်ရှိကြောင်း ပါကစ္စတန်အမျိုးသား သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့က စက်တင်ဘာ ၅ ရက်၌ သတင်းထုတ်ပြန်သည်။ ရေဘေးဒုက္ခ ကြုံတွေ့နေရသည့် ဒေသများမှာ ဆင်ဂ်ျပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းတို့တွင် ဖြစ်ပြီး ဒေသခံအများအပြား နေအိမ်များကို စွန့်ခွာကာ ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိသည်။ ရေဘေးဒုက္ခ ကြုံတွေ့နေရသည့်ဒေသတို့ ပါကစ္စတန်အစိုးရက ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပြီး အရေးပေါ်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးလျက်ရှိသည်။ တစ်ဖ်ရေမှတစ်ဆင့် ကူးစက်တက်သောရောဂါများ မဖြစ်ပွားစေရန် ကျန်းမာရေးဆိုင်ရာ ကာကွယ်ပေးမှုများ ဆောင်ရွက်ပေးနေသည့်အပြင် စားနပ်ရိက္ခာဖြန့်ဝေပေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ (အင်တာနက်)

**တရုတ်နိုင်ငံအရှေ့ပိုင်း၌ ကုန်လှောင်ရုံမီးလောင်၊ ငါးဦးသေဆုံး**
(နန်နင်း၊ စက်တင်ဘာ ၅)
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ်တွင် စက်တင်ဘာ ၅ ရက်နံနက်က ကုန်သိုလှောင်ရုံတစ်ရုံမီးလောင်မှုဖြစ်ပွားရာ ငါးဦးသေဆုံးပြီး ၄င်းအဆောက်အအုံပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကျန်စုပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။ အခင်းဖြစ်ပွားမှုမှာ ကျန်စုပြည်နယ် စူကျို့မြို့ရှိ စီးပွားရေးဇုန်တစ်ခုတွင် ရော်ဘာထုတ်ကုန်ပစ္စည်းများ သိုလှောင်ရာကုန်လှောင်ရုံ၌ ယင်းနေ့ နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးမှာ အချိန်တစ်နာရီကျော်ကြာမျှ လောင်ကျွမ်းခဲ့ပြီးနောက် အနီးဝန်းကျင်ရှိ အခြားအဆောက်အအုံများသို့ မီးမကူးစက်အောင် တားဆီးနိုင်ခဲ့ပြီး မီးငြှိမ်းသတ်နိုင်ခဲ့သည်။ (အင်တာနက်)
**စင်ကာပူနိုင်ငံမှ နယူးဇီလန်နိုင်ငံသို့ ပျံသန်းနေသည့် လေယာဉ်ပေါ်တွင် အမျိုးသားတစ်ဦးသေဆုံး**
(စင်ကာပူ၊ စက်တင်ဘာ ၅)
စင်ကာပူနိုင်ငံတွင် အလုပ်လာရောက်လုပ်ကိုင်နေသော နယူးဇီလန်နိုင်ငံသားတစ်ဦးသည် နယူးဇီလန်နိုင်ငံ အော့ကလန်မြို့သို့အပြန် ဂျက်စတားခရီးသည်တင်လေယာဉ်ပေါ်၌ ကျွေးမွေးသော အစားအစာများကို စားသုံးပြီး မကြာမီသေဆုံးသွားခဲ့အကြောင်း စင်ကာပူမီဒီယာများက စက်တင်ဘာ ၅ ရက်၌ ဖော်ပြသည်။ လေယာဉ်ပေါ် သေဆုံးသွားသူမှာ အသက် ၃၁ နှစ်အရွယ် ရောဘတ်ရစ်ပင်ဂေးအမည်ရှိ အမျိုးသားဖြစ်ပြီး သူ၏အမျိုးသမီးမိတ်ဆွေ ဗင်ဆာပရီချာကူလ်နှင့်အတူ နေရပ်သို့ လေယာဉ်ဖြင့်အပြန် လေယာဉ်ပေါ်မှ ကျွေးမွေးသော အသားအချို့ကိုစားသုံးပြီးနောက် ရုတ်တရတ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန်- မိုးမြင့်လင်းလက်

No comments:
Post a Comment