သံသရာတစ်ကွေ့မှာ ကလေးလေးနဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးလေးဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်အိမ်ထဲထည့်တယ်။ ငါးကလေးက ဒီသီချင်းဟာ သူ့အတွက်သာ ရည်စူးဆိုတာလို့ ထင်နေသတဲ့။
ကလေးလေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိပါလားလို့ ကြည်နူးနေတတ်တယ်။ ချောင်ထဲကငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ အလှမွေးထားမှန်းလည်း မသိရှာပါဘူး။
ဒီရယ်စရာဇာတ်လမ်းဟာ ကလေးလေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးလေးက ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ ပြီးတော့ သူမယုံဘူးတဲ့လေ။ “ သူ့ကို မစွန့်ပါနဲ့ ” လို့သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။
ချောင်လေးထဲမှာပဲ အေးအေးဆေးဆေး သူနေပါ့မယ်။ ကလေးလေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း ငြိမ်ငြိမ်လေး မလှုပ်ရှားပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးလေးက ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။
ဒီလိုနဲ့ ရင်ကွဲနာကျသွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။ အလွမ်းဒဏ်နဲ့ မလှုပ်မယှက် ရိုရိုသေသေဆုတောင်းတယ်။ ကလေးလေးကို မြင်ရနိုး သေဘေးကို မကြောက်ဘဲ မြစ်ဦးမှာ တိတ်တိတ်လေး စောင့်တယ်။ ဒါပေမယ့် ပျော်စရာတွေ များပိုင်တဲ့ ကလေးလေးဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။
နောက်ဆုံးမှာ ပြင်းဟုန်ရှနေတဲ့အပူကို ပျောက်လိမ့်နိုးနဲ့ ငါးဟာ မြစ်ဖျားပေါ်တက်လာတယ်။ ကြောက်ရွံတတ်လွန်းပေမယ့် ကလေးလေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း အားအင်တွေ စုကာ အမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားပြီလေ။
ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပြဲတယ်။ နာလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ဒါပေမယ့် ကလေးလေးအရိပ်ကြောင့် နောက်တစ်ခေါက် ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပြတ်ကွဲရှကုန်တယ်။ ဒီလိုနဲ့ မေ့မျောရင်း ရေနက်ထဲ ပြန်ရောက်သွားပြန်တာ။
ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးလေးအပြုံးကလွဲလို့ ကျန်တဲ့အရာကို အမှတ်မရှိတဲ့ ငါးရယ်လေ။ နိဂုံးချူပ်ပေးမယ့် အခုန်မှာတော့ ကျေက်စွန်းနဲ့ရိုက်ကာ သူ့အရိုးတွေ ကြေလို့ သွေးတွေ အန်ထွက်တယ်။ ကလေးလေး အရိပ်ကိုလည်း မမြင်ရလိုက်ပါဘဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ခင် အသက်ပျောက်ရှာလေတာ။
လူတွေမြင်တော့ ရယ်ကြတယ်လေ။ တဆင့်နားနဲ့ ကြားတဲ့ကလေးလေးကလည်း ဘေးလူတွေရယ်သလို လိုက်ရယ်တယ်။ ပြီးတော့ “ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေး ” ဆိုပဲ။ နှလုံးသားပဲ ရှိတဲ့ငါးပါ လို့ ချေပပေးမယ့်သူ မရှိဘူး။ ငါးမှာ ကလေးလေး တစ်ဦးတည်းသာ တွယ်တာခဲ့တာပါ ဆိုကာ ထုချေလွှာ တင်ပေးတဲ့သူ မရှိဘူး။
ဒီလိုနဲ့ လျှောက်လဲချက် မပေးနိုင်ဘဲ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။
အဲဒီမှာ ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို တွေ့ရှိသွားခဲ့တာ။

အမြုတေဆိုပဲ။
အလုအယက်ယူကြ။လုယက်ကြ။
နောက်ဆုံးမှာ သူတို့ဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်။
အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။နာလွန်းလို့ အမြုလေးက ကလေးလေးကို တပြီး ကြူကြူပါအောင် အော်ရှာတယ်။သေနတ်နဲ့ပစ်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပါတယ်။ အမြုတေလေးကတော့ ပဲ့မထွက်သွားပါဘူး။ ကြေကွဲလွန်းလို့သာ “ ကလေးလေးရေ ” လို့ ခြောက်ခြောက်ခြားခြား ညည်းရှာတယ်။
ဒါပေမယ့် အမြုတေမဟုတ်မှန်း သိသွားလည်း လူတွေက လွှင့်မပစ်ပါကြဘူး။ အံ့သြလွန်းလို့တဲ့။ ဓားခုတ်ရာ တစ်ချက်ခံရတိုင်း ဒီကျောက်စရစ်လေးဆီကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြတယ်။
ယနေ့ထက်တိုင်လေ။ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့တဲ့ ... ကြာပွတ်တံနဲ့ ရိုက်နှက်နေကြဆဲ။ တကယ်တော့ အမြုတေလေးရဲ့ “ကလေးလေး ... ကလေးလေး ... ” လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။
ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။
(ကျွန်မနားနေတုန်းက စာရေးဖြစ်အောင် tag ပေးတဲ့ လူကလေး အယ်ကို နဲ့ ညီမလေးငုဇာကို တခြားစာမျက်နှာမှာ “ ငါးပုံပြင်” ဆိုပြီး ပြောပြခဲ့တာပါ။ လာလည်အားပေးရှာတဲ့ ချစ်မလေး လသာည ကလည်း နှစ်သက်လို့ ဆိုပြီး သူ့စာမျက်နှာမှာ ကျွန်မကြိုက်တဲ့ငါးပုံပြင်လေး ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ ဆားချက်သလိုဖြစ်သွားရင် အားနာပါတယ်ရှင် =)
မေတ္တာများဖြင့် ...
**မယ်ကိုး **

No comments:
Post a Comment