ွကအစပြုတာပါ။
ခြောက်နှစ်အရွယ်သမီးကလေး တစ်ယောက်နှင့် သူမ၏ဖခင်သည် တစ်ခုသောအားလပ်ရက် တစ်ရက်၌ မြို့ပြ၏ မွန်းကျပ်မှုများမှ တစ်ခဏ ရှောင်ပြေးထွက်ရန် ဆိုင်ကယ်တစ်စီး ဖြင့် မြို့ပြင်သို့ထွက်လာခဲ့ကြသည်။
အောင်ပင်လယ်။ ကျောက်မီး။နားတောင်းကျချောင်း။အုန်းချော။ ထုံးဘို...........တစ်ရွာပြီးတစ်ရွာ တစ်ရွာကျော် ဖြတ်မောင်းနှင်လာရင်းစိမ်းညို့ညို့ တောတန်းများ၊ မတ်စောက်သော တောင်ကမ်းပါးများနှင့် ဟြေင်းလဲလာသောရှုခင်းများထဲတွင် စီးမျောလာခဲ့သည်။ ရောင်စုံပန်းတို့ဖြင့် ဟန်ရေးပြတတ်သော တောင်လှေကားမြို့၏ ရှေ့ပြေးအလှတစ်ခုဖြစ်သည့် မြွေတစ်ကောင်လို ကွေ့ကွေ့ဝိုက်ဝိုက်ခြောက်ထပ်ကွေ့ကို စတင်ဖြတ်သန်းလိုက်သည်။ ချောမွတ်ညီညာသော်လည်းကွေ့ကောက်သော ကတ္တရာတောင်တက်လမ်းမို့ သတိကြီးစွာ ထား၍ မောင်းနှင်လာခဲ့သည်။ ဤသို့ဖြင့် လမ်းပေါ်မှ ရေကွက်တစ်ခုတစ်ကွက်ကို ဖြတ်သန်းမောင်းနှင်လိုက်ချိန် ဆိုင်ကယ်သည်ဟန်ချက်ပျက်၍တစ်ဖက်သောနံရံဘက်ဆီသို့တိမ်းစောင်းပြီး လဲကျသွားခဲ့၏
အလန့်တကြားဖြစ်သွားသော သမီးလေးသည် ငိုယိုဖို့ကိုပင်မေ့လျောနေခဲ့သည်။ ကြီးကြီးကျယ်ကျယ်ထိခိုက်မှုတော့ဘာမှမဖြစ်။ သမီးလေး၏တံတောင်ဆစ်နှင့်ဒူးတို့ အနည်းငယ် ပွန်းပဲ့သွားရုံသာ။ သို့သော် သမီးလေးကတော့ အကြောက်ကြီးကြောက်နေသည်။ ဤသို့ဖြင့် သမီးနှင့်အဖေသည် တောင်လှေကားမြို့ခရီးကို တစ်ဝက်တစ်ပျက်ဖြင့် လှည့်ပြန်ခဲ့ကြရသည်။
နောက်တစ်နေ့နံနက်စောစောတွင် ထိုသမီးလေးနှင့်အဖေသည် ထိုတောင်တက်လမ်းလေးသို့ဒုတိယအကြိမ် ထွက်ခွာလာခဲ့သည်။ မနေ့က ဆိုင်ကယ်လဲသွားခဲ့သော ရေကွက်နားတွင်ရပ်လိုက်ကြသည်။ ရေကွက်များသည် ဟိုတစ်ကွက်ဒီတစ်ကွက်ရှိနေဆဲပင်။ ထို့နောက် အဖေလုပ်သူသည်သမီးလေးကိုခေါ်၍ ရေကွက်ကိုကိုင်ကြည့်ခိုင်းခဲ့သည်။
“ရေမဟုတ်ဘူး ဖေဖေ”
“အေး မနေ့ကဖေဖေက ရေမှတ်လို့ဖြတ်မောင်းလိုက်တာ။ တကယ်တော့ဆီသယ်တဲ့ကားကြီးတွေက ယိုကျခဲ့တဲ့ ဆီကွက်တွေပဲ။ ဒါ့ကြောင့် ဖေဖေတို့ဆိုင်ကယ်လဲကျသွားတာပေါ့။ ကဲနောက်လူတွေမလဲအောင်မြေမှုန့်တွေနဲ့လိုက်ဖုံးကြရအောင်”
ဤသို့ဖြင့် သမီးလေးနှင့် သူ၏ဖခင်သည် ထိုဆီကွက်တို့ကိုမြေမှုန့်များဖြင့် ဖုံးခဲ့ကြည်သည်။ သမီးလေး၏ စိတ်ထဲတွင် မနေ့ကဖြစ်ပျက်ကြုံတွေ့ခဲ့ရသော ကြောက်လန့်မှုများ မရှိတော့ဘဲ အဖေနှင့်အတူ ဆော့ကစားနေသလိုပင် ပျော်မြူးလို့ နေတော့သည်။
နုဆတ်လွန်းသော သမီးလေး၏စိတ်ထဲမှ ကြောက်လန့်မှုကို ကျိုးကြောင်းပြရှင်းလန်းခြင်းဖြင့် ဖယ်ထုတ်ခဲ့သည်။ ထို့ထက်တစ်ပါးသော သူများဒုက္ခမရောက်အောင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကို အစားထိုးပေးခဲ့သည်။
ထိုသမီးလေးနှင့် ထိုဖခင်သည် ထိုတောင်လှေကားမြို့သို့အကြိမ်ကြိမ်သွားခဲ့ကြည်သည်။ ထိုအခါမျိုးတွင်တော့ သမီးလေးအလွန်ပျော်သည်။ သူမ၏ဖခင်ပြောပြထားသော လမ်းဘေးဝဲယာမျ အပင်များ၏ နာမည်များကို အမေလုပ်သူအားမေး၍ မဖြေနိုင်သောအခါလှောင်ရယ်ရယ်တတ်သည်။ အဖေနှင့်သမီးတို့၏ သဘာဝအလှခံစားတတ်သော သို့တည်းမဟုတ် စူးစမ်းတတ်သော အလေ့အကျင့်သည်အမေလုပ်သူအတွက်တော့အံ့သြ ငေးမောနေရုံသာ။
သမီးလေး၏မွေးနေ့အဖြစ် တောင်လှေကားမြို့လေးသို့ တက်ခဲ့ကြသောတစ်နေ့။
ဒီတစ်ခါသမီးလေး၏ အမေလည်းလိုက်ပါခဲ့သည်။ စတော်ဘယ်ရီသီးများကိုကိုယ်တိုင်ခူးဆွတ်၍စားသောက်နိုင်သော ဒီဇင်ဘာဥယျာဉ်ခြံသို့ အရောက်သွားခဲ့ကြသည်။ ခြင်းတောင်းလေးကိုဆွဲယူ၍ စတော်ဘယ်ရီခင်းထဲသို့ခုန်ပေါက်မြူးတူးစွာပြေးဝင်သွားသော သမီးလေးသည် အဖြူရောင်ဂါဝန်အင်္ကျီလေးနှင့် ပန်းနုရောင်ဒေါက်မြင့်ဖိနပ်လေးကို ဆင်မြန်းထားသည်။ ဆံပင်ကိုမညှပ်ဘဲ အရှည်ထား၍ အမေလုပ်သူက ကျစ်ဆံမြီးလေးကျစ်ပေးထားသည်။ ထိုကျစ်ဆံမြီးလေးတွင် ပန်းနုရောင်ဖဲကြိုးလေးကိုလည်း စည်းနှောင်ထားပေး၏။ အဖေနှင့် အမေကတော့ ဆိုင်ထဲမှပင် သမီးလေးကိုကြည့်နေလိုက်ကြသည်။ ထို့အတူ အနီးနား စားပွဲမှ သမီးလေးအရွယ်တစ်ခြားသော သမီးငယ်လေးတစ်ယောက်ကလည်း သမီးလေးကိုကြည့်နေသည်။
ဆိုင်ရှင်ကို စတော်ဘယ်ရီခြင်းလေးပေးပြီး စားပွဲတွင် သမီးလေးထိုင်လိုက်သည်။ ဘေးဝိုင်းမှ သမီးငယ်လေးကတော့ ကြည့်နေဆဲပင်။ သူကြည့်နေသည်က သမီးလေး၏ ခြေထောက်မှပန်းနုရောင်ဒေါက်မြင့်ဖိနပ်လေးပင်ဖြစ်သည်။ သို့ဖြင့် အဖေလုပ်သူက သူ၏သမီးလေးကို တိုးတိုးလေးကပ်ကာပြောလိုက်သည်။
“သမီးဟိုဖက်က ညီမလေးက သမီးလေးရဲ့ဖိနပ်လေးကိုကြည့်ပြီး သဘောကျနေတယ်။ သမီးက ဖိနပ်လေးကို သူ့ကိုချွတ်ပေးလိုက်ရင် သူသိပ်ပျော်သွားလိမ့်မယ်။ သွားပေးလိုက်ပါလား။ အပြန်မှဖေဖေ အသစ်တစ်ရံထပ်ဝယ်ပေးမယ်”
သမီးလေးသည် တွေတွေဝေေ၀ဖြင့် အဖေလုပ်သူကို တစ်ခဏတော့ ကြည့်လိုက်၏။
ထို့နောက်ဖိနပ်ကလေးကို ချွတ်၍ လက်ကကိုင်ပြီး ညီမငယ်လေးကိုသွားပေးလိုက်သည်။ ထိုညီမငယ်လေး၏ အမေက အားနာစွာဖြင့် ငြင်းဆန်နေသည်။ သမီးလေးက ဇွတ်အတင်းပေးပြီး အဖေ့ဆီကိုခြေဗလာဖြင့် ပြေးလာခဲ့သည်။ အဖေလုပ်သူကသူ့သမီးလေး၏ မွေးနေ့၌တခြားသောသူအားပျော်ရွှင်မှုလေးတစ်ခုကို သူ၏သမီးလေးကိုယ်တိုင်ဖန်တီးပေးစေချင်သောကြောင့် ဤသို့လုပ်ရန်သူကပင် တိုက်တွန်းခဲ့ကြောင်း အားနာနေသည့် မိခင်ကို အကျိုးအကြောင်းပြောပြ၍ ဆိုင်ထဲမှထွက်ခွာလာခဲ့ကြသည်။
ပန်းနုရောင်ဒေါက်မြင့် ဖိနပ်လှလှလေးတစ်ရံကို မမျှော်လင့်ဘဲ ရလိုက်သော သမီးငယ်လေးသည်အံသြပျော်ရွှင်စွာဖြင့် သူတို့မိသားစုလေးကို ငေးမောကြည့်ရှုနေသည်။ထို့အတူ ဖိနပ်မပါဘဲ ခြေဗလာဖြင့် ဆိုင်ကယ်ရှေ့မှ သမီးလေးသည်လည်း မြူးတူးစွာ တေးသီချင်းသီဆိုရင်း။
တမင်တကာ ဖန်တီးပြခဲ့သော ဇာတ်လမ်းဇာတ်ကွက်များမဟုတ်ပါ။
ကျွန်တော်၏ အနီးဝန်းကျင်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်။ သို့သော်ထိုသို့သောဖခင်မျိုးသည် အရေအတွက်အားဖြင့်အတော်ပင် နည်းပေလိမ့်မည်။ ဆိုရသော်ခင်ဗျားတို့ကျွန်တော်တို့၏ကလေးငယ်များအဖို့ ဖွံဖြိုးမှုအတွက် ပတ်ဝန်းကျင်ကောင်းဟူသည်အမှန်ပင်လိုအပ်လှပါ၏။
ဖွံဖြိုးမှုအတွက် ပတ်ဝန်းကျင်ကောင်းဟုဆိုလိုက်လျှင် မိဘအများစုသည် စာသင်ခန်းကိုပြေး၍ မြင်လိုက်ကြသည်။ စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် ဖြေဆိုနိုင်အောင်ကျူရှင်တွေပို့ပြီး၊ သားသမီးဆုရရေးကိုသာရှေ့ရှု့တတ်ကြသည်။ ထို့ထက်ဆိုးရွားသည်ကအရက်သောက်တတ်သော ဖခင်များစွာရှိတတ်သည်။ နုနွယ်လွန်းသော သားသမီးငယ်၏ ခေါင်းထဲ၌ ဘာသာ၊ ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော မကောင်းမှုတစ်ခုအားဖခင်ကလုပ်သူ ကျူးလွန်သည်ကိုကြည့်၍ မည်ကာမတ္တအမူအကျင့်တစ်ခုအဖြစ် စွဲထင်သွားစေပါသည်။
စိတ်ပညာဝေါဟာရ အနေဖြင့် Sublimialတစ်ခုပင်ဖြစ်သည်။ မြင်တွေ့ဖန်များပြီးကလေး၏မသိစိတ်ထဲတွင် စွဲဝင်ငုပ်လျှိုးသွား၍ ပြန်လည်လွှမ်းမိုးတတ်သည့် သဘောပင်ဖြစ်သည်။
ယနေ့ ကလေးငယ်များသည် လူငယ်လူရွယ်များဖြစ်လာကာ နောင်အနာဂတ်တွင် တိုင်းပြည်၏ သားကောင်းရတနာများဖြစ်ကြရပါလိမ့်မည်။ ထိုကလေးငယ်များ၏ အနာဂတ်ကိုပင် မိဘများ၏ အမှုမဲ့အမှတ်မဲ့အပြုအမှုများက သင်္ဂြုဟ်ပစ်လိုက်နိုင်ပါသည်။ကလေးငယ်တို့အတွက် မအပ်စပ်သော အပြောအဆို အမူအရာများကို ခင်ဗျားတို့ကျွန်တော်တို့သတိထားပြီး ဆင်ခြင်မှုများရှိခဲ့ကြပါပြီလား။ မအပ်စပ်သော လူမှုဝန်းကျင်ကွန်ရက်ထဲ၌ ခင်ဗျားတို့ ကျွန်တော်တို့၏ကလေးငယ်များကိုထည့်လှောင်ခဲ့သည်မှာ မည်မျှရှည်ကြာ ခဲ့ပါပြီလဲ။ခင်ဗျားတို့ ကျွန်တော်တို့၏ကလေးငယ်များအတွက် နိစ္စဓူဝကိစ္စရပ်များတွင် ဖွံဖြိုးမှုပတ်ဝန်းကျင်ကောင်းကို ဘယ်နှကြိမ်လောက်ဖန်တီးပေးနိုင်ခဲ့ကြဖူးပါသလဲ။
(knaing877@gmail.com မှ ရရှိသော မေးလ်ကို ရှယ်ပါသည်။)
--
ပျော်ရွှင်ချမ်းမြေ့ပါစေ....
**yaminn.**....
ကြီးကျယ်ခမ်းနားမှုတွေဆိုတာသေးသေးလေး

No comments:
Post a Comment