**(အောက်တိုဘာ ၁၅ ၊ မြတ်ညို-အလွတ်သတင်းထောက်)**
ဘန်ကောက်မြို့စန္ဒမလုံစောင် ထ၀ီဝတ်ဌနာ ၁၉/၁ မူဘန်း ခွန်ထ၀ီ အလုပ်ရုံ အိမ်အမှတ် ၁၆ ရှိ ဥဒုံဆတ်
အထည်ချုပ် စက်ချုပ်ရုံမှ အလုပ်သမား ၁၂၇ ဦးတို့ ရရှိရန်ရှိသော စက်တင်ဘာလ လုပ်အားခများ
အနက်မှ ထက်ဝက်တိတိ ဘတ်ငွေ နှစ်ဆယ့် ကိုးသိန်းကျော် အား ယမန်နေ့က ရရှိလိုက်ပြီးဖြစ်သည်။
အောက်တိုဘာလ ၁၂ ရက်နေ့က အလုပ်သမား များအထဲမှ ဦးဆောင်သူ ဖြစ်သော ကိုဝင်းနိုင်က
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်း BAT ရုံးသို့ အကူအညီ
တောင်းခံခဲ့သည်။
BAT က ထိုင်းအင်ဂျီအို ၂ဖွဲ့နှင့်အတူ မြန်မာသံရုံးမှ “မြန်မာနိုင်သားများကူညီစောင့်ရှောက်ရေးအသင်း’’
တို့သို့ သတင်းပို့ခဲ့ပြီး အလုပ်သမားများ ရှိရာသို့ သွားရောက်ခဲ့ကြသည်။ လုပ်ငန်းရှင်မှ အလုပ်မဆင်းပါက
အလုပ်ဖြုတ်ပစ်မည်ဖြစ်ကြောင်း စာကပ်ထားသဖြင့် BAT အဖွဲ့ က ထိုင်းအင်ဂျီအိုများနှင့်တိုင်ပင်ကာ အလုပ်
သမားများအလုပ် ဆင်းကြရန် မေတ္တာရပ်ခံခဲ့ပြီး ကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
ကိုဝင်းနိုင်က “ ဘန်ကောက်မှာ ရေကြီးမယ်လို့ ထိုင်းအစိုးရက ကြေညာနေတော့ မြန်မာအလုပ်သမားတွေ
စိုးရိမ်နေကြတယ်လေ။ လက်ထဲမှာ ပိုက်ဆံတပြားမှ မရှိဘူး။ အရေးအကြောင်းဆိုရင် ကျနော်တို့ ဘာနဲ့ စား
မလဲ၊ဘာနဲ့ ပြေးမလဲ။ အချို့ မိဘတွေက ပြန်ခေါ်နေကြတယ်။ အဲဒါကို လုပ်ငန်းရှင် က ဒီလကုန်မှ ထုတ်
ပေးမယ် ပဲပြောနေတော့ BAT အဖွဲ့ကို အကူအညီတောင်းခဲ့တယ်။ စက်တင်ဘာလ အတွက်လုပ်အားခ
ထဲက ထက်ဝက်တိတိကို မနေ့ က အလုပ်သမားတစ်ယောက်ကို ဘတ်တစ်သောင်းခွဲစီ ထုတ်ပေးပါ တယ်၊ကူညီပေးကြတဲ့အတွက်အားလုံးးကို ကျေးဇူးတင်ပါတယ်။’’ ဟုပြောသည်။
စက်တင်ဘာလ လုပ်အားခ ကျန်ငွေ ထက်ဝက်ကို အောက်တိုဘာလ ၂၇ ရက်နေ့ တွင် ထုတ်ပေးမည်
ဖြစ်ကြောင်း အလုပ်သမားများက ပြောသည်။ အဆိုပါ အလုပ်ရုံတွင် တစ်လစာ ရက်ပေါင်းထားရ
သည်။ လုပ်အားခ ငွေအချို့ရရှိသွားခဲ့ကြသဖြင့် အလုပ်သမား ၇၀ဦး ထက်မနည်း မိဘများ နေရပ်ရင်း
မြန်မာနိုင်ငံသို့ ယနေ့ နံနက်က ခေတ္တပြန်သွားနိုင်ခဲ့ကြပြီးဖြစ်သည်။
BAT တာဝန်ခံ ဦးကျော်သောင်းက “ အလုပ်သမားတွေဆီကို သွားပြီးတော့ အချက်အလက်တွေ ကိုယူ တယ်။
ပြီးတော့ လုပ်ဖေါ်ကိုင်ဖက် ထိုင်းအဖွဲ့၂ ခုကို အီးမေးပို့တယ်။ တပြိုင်တည်းမှာပဲ မြန်မာသံရုံးမှာ ဖွဲ့စည်းထား
ပြီးဖြစ်တဲ့ မြန်မာနိုင်ငံသား ကူညီစောင့် ရှောက်ရေးအသင်း ကို အကြောင်းကြားခဲ့တယ်၊ ဘာဖြစ်ဖြစ်
မြန်မာအစိုးရက ထိုင်းမှာရှိတဲ့ အလုပ်သမားတွေအတွက် ကူညီဖို့လုပ်တာကိုတော့ ကြိုဆို ပါတယ်၊
ကျနော်တို့အတွက် အားလည်းရှိတာပေါ့’’ ဟုပြောသည်။
လုပ်ငန်းရှင်က အထည်များပျက်သည်ဟု အကြောင်းပြပြီး ဘတ်ငွေ နှစ်သောင်းကျော်စီ ဖြတ်တောက်
ခံထား သည့်အလုပ်သမား ၆ဦးနှင့် အခြားသော အလုပ်သမားအခွင့်အရေး ချိုးဖေါက်မှုများစွာ ရှိသေးသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းက ဘန်ကောက်မြို့ မြန်မာသံရုံးတွင် မြန်မာအစိုးရ
အလုပ်သမားဒုဝန်ကြီး နှင့် ဘန်ကောက် မြန်မာသံရုံး သံမှူးတို့ ဦးဆောင်းဖွဲ့ စည်းခဲ့သော “ မြန်မာနိုင်ငံ
သားများ ကူညီစောင့်ရေး အသင်း’’ ဖွဲ့စည်းခြင်းအစည်းဝေးသို့ နိုင်ငံတကာအင်ဂျီအိုများ နှင့် အတူ BAT
အဖွဲ့ လည်း တက်ရောက်ခွင့်ရရှိခဲ့သည်။ ယခုအောင်မြင်မှုမှာ ထိုင်းအင်ဂျီအို မြန်မာသံရုံးနှင့် BAT အဖွဲ့တို့၏ တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ခြင်း၏ အောင်မြင်မှုရလဒ် ဖြစ်ကြောင်း မြန်မာသံရုံးမှ မြန်မာနိုင်ငံသား
များကူညီ စောင့်ရှောက်ရေးအသင်းတာဝန်ရှိသူ ကပြောသည်။

No comments:
Post a Comment