“တန်ရာတန်ရာကို ကိုင်မှ ပေါ့….ကိုယ်အဆင့်ကိုယ် ဘယ်မှာမှန်းကို မသိဘူး”
ရုတ်တရက်ထွက်လာသော စကားကြောင့် မေသူတို့ ၄ ယောက်သား ထမင်းစားနေရာမှ ပြိုင်တူလိုလိုမော့ကြည့်လိုက်မိသည်။ ထမင်းစားပွဲပေါ်သို့ ထမင်းချိုင့်ကို တင်လိုက်ပြီး ရေနွေးသွားထည့်နေသော ဒေါ်ခင်မမသည် ဘေစင်တွင် ပန်းကန်ဆေးနေသော သန့်ရှင်းရေး ကောင်မလေးကိုပဲ ဦးတည်ပြောလိုက်သလား။ သို့မဟုတ် မေသူတို့အုပ်စုကိုပဲ ပြောလိုက်သလားမသိ။ မေသူတို့ကို ကြည့်နေတာ မဟုတ်သော်လည်း သူမတို့ကို ပြောတာ ပိုဖြစ်နိုင်သည်။
“မေသူရေ…နင့်ဘွားတော်တော့..နင့်ကို တွယ်နေပီနော်”
မအိက လေသံနှင့် ပြောတော့ ခေါင်းတချက်သာ ငြိမ့်ပြလိုက်ပြီး ထမင်းဆက်စားနေလိုက်သည်။ မြန်မြန်ထမင်းကုန်သွားရင် ထမင်းစားခန်းထဲက မြန်မြန်ထွက်သွားလို့ရမည်။ ဒေါ်ခင်မမနှင့် သိပ်ပြီးတော့ မျက်နှာချင်းမဆိုင်ချင်။ ဒေါ်ခင်မမသည်လည်း မေသူ့ကို တွေ့ချင်၊ မြင်ချင်လိမ့်မည်မဟုတ်မှန်းကို မေသူလည်း သိနေသည်။
“မေသူနဲ့ အိ အပေါ်ကို ပြန်တက်နှင့်မယ် မမိုး။”
“ပြီးပြီလား။ ရှင်တို့ကလည်း ထမင်းစားတာ မြန်လိုက်တာ”
ရင်ပြည့်နေတယ် မမိုး ဟု တခွန်းသာ ပြောပြီး ထမင်းစားခန်းထဲက ထွက်လာလိုက်သည်။
“နင့် အိတ်ကို ပြောတာဖြစ်မယ် မေသူ။ မနက်တည်းက ဖယ်ရီပေါ်မှာ ငါတို့ဝိုင်းပြောနေကတည်းက သူ့မျက်နှာ စူပုပ်နေတာ”
“မသိပါဘူး။ ဘာတွေဖြစ်နေမှန်းကို မသိဘူး။ မေသူ့အိတ်က သူ့ဘာလုပ်နေလို့လဲ”
ထိုအိတ်သည် ရန်ကုန်မှာ ၀ယ်သောအိတ်မဟုတ်။ မေသူတို့အိမ်နားက ဒေါ်ကျင်တီ ယိုးဒယားကို သွားရင်းနှင့် ၀ယ်လာခဲ့သော အိတ်ဖြစ်သည်။ သားရေအစစ်ဖြစ်သောကြောင့် အိတ်၏ အရောင်သည် တောက်ပြောင်နေသည်။ ဘက်ငွေ 1500 ပေးရသည်။ ရန်ကုန်မှာ ဆိုရင် အနည်းဆုံး 7 သောင်း၊ 8သောင်းလောက်တော့ ပေးရမည်။ ပြီးတော့လည်း ဆိုင်တိုင်းမှာ ရှိမည်မဟုတ်။ မေသူတို့ ဖယ်ရီကားပေါ်ကိုရောက်တော့ မိန်းကလေးတို့၏ သဘာဝအတိုင်း မေသူ့အိတ်ကို စပ်စုကြသည်။ ဟိုလူက ယူလွယ်ကြည့်၊ ဒီလူက ယူလွယ်ကြည့်ကြသည်။ ဒေါ်ခင်မမကို ဘယ်သူ့ကမှ ဂရုမစိုက်မိကြ။ အရင်နေ့တွေဆိုလျှင် သူမတို့အိမ်တွင် ဟင်းတွေကို ဘယ်လိုချက်တာ၊ သားကြီးက ပိုက်ဆံဘယ်လောက်ပို့ပေးတာ၊ သမီးငယ်က ဘယ်လိုဆိုသော သာမန်ကြွားလုံးတွေလှိုင်နေတတ်သော ဒေါ်ခင်မမသည် ယနေ့ကားပေါ်တွင် စကားတစ်ခွန်းမျှ ၀င်မပြော။ သူမ၏ ဘုတ်ထိုင်းထိုင်း ကိုယ်ခန္ဓာကြီးနှင့် လိုက်အောင် နှုတ်ခမ်းကို စူပွထားပြီး လမ်းဘေးဆိုင်းဘုတ်များကိုသာ သဲကြီးမဲကြီးလိုက်ကြည့်နေသည်။ ရုံးပေါက်ဝသို့ရောက်၍ ဖယ်ရီပေါ်မှ ဆင်းသော အချိန်ကိုရောက်မှ
“မေသူ ..နင်အပေါ်တက်ရင် ငါ့စားပွဲပေါ်မှာ လချုပ်ဖိုင်ရှိတယ်။ အဲဒါတွေ ငွေအမောင့် ကိုက်မကိုက်စစ်ရမယ်၊ ကြိုကြည့်ထားဦး”
မေသူနားမလည်ဆုံးသော မိန်းမများထဲတွင် ဒေါ်ခင်မမ တစ်ယောက်လည်းပါသည်။ တချိန်က ဒေါ်ခင်မမသည် မေသူ့အပေါ်တွင် တကယ့်ကို ကောင်းခဲ့ပါသည်။ အလုပ်စ၀င်ခါစက မေသူသည် ဘာကိုမျှ သိသေးသည်မဟုတ်။ ကျောင်းပြီးခါစတွင် LCCI သင်တန်းကို level II အထိပဲ ပြီးသေးသော မေသူသည် စာရင်းအင်းကို ကောင်းကောင်း ကိုင်တတ်သေးသည်မဟုတ်။ ရရာ အလုပ်ကို အရင်လုပ်ထားနှင့်မယ်ဟု စိတ်ကူးပြီး အလုပ်လိုက်လျှောက်ရာမှ ယခု ATM ကုမ္ပဏီရှိ Reception တွင် အလုပ်ရခဲ့ခြင်းဖြစ်သည်။ ဖုန်းအမေးအဖြေ၊ ပစ္စည်းအော်ဒါ အမှာ အပို့ကို မှတ်သားရသည်။
ထိုအချိန်တည်းက ဒေါ်ခင်မမသည် ကုမ္ပဏီ၏ အဓိက Chief Accountant ဖြစ်သည်။ သူအောက်တွင်မှ စာရင်းကိုင် ၄ ယောက်လည်း ရှိသေးသည်။ အိမ်တွင် စီးပွားရေး အတန်ငယ် ကြွယ်ဝပုံရကာ ရာထူးလည်း ကြီးသော ဒေါ်ခင်မမတွင် ကြွားဝါတတ်သော စရိုက်ရှိသည်။ ရုံးရှိ တခြားသူများအကြောင်းကို ပြောသည့်အခါတိုင်းတွင် “ငါ့သမီးသိအောင်လို့သာ ပြောပြတာပါ၊ အန်တီက သူများမကောင်းကြောင်းကို ထုတ်ပြောချင်တာ မဟုတ်ဘူး” ဆိုသော စကားများနှင့် ကာဗာယူတတ်သည်။ မေသူ့ကိုလည်း သူမ၏ ကျွေးတာစား၊ ပေးတာယူ အခိုင်း အစေပုံစံမျိုးနှင့် ဆက်ဆံတတ်သည်။ သူမတွင် ဘယ်လောက်အထိ လုပ်ပိုင်ခွင့် ရှိသည်ဆိုသော အရှိန်အ၀ါကို ပြချင်နေသည်။ အားလုံးနှင့် အဆင်ပြေချင်သော မေသူသည် အပန်းမကြီးဟု ထင်ရသော ဒေါ်ခင်မမ၏ ကိစ္စတိုင်းကို ကူညီလုပ်ကိုင်ပေးမြဲဖြစ်သည်။ အားလုံးက အချဉ်ထုပ်သဖွယ် သဘောထားခြင်းခံရသော ဒေါ်ခင်မမကလည်း သူ့စကားကို တလေးတစားနားထောင်ပေးသည့်အတွက် မေသူ့ကို အရေးပေးခဲ့ဖူးသည်။
“သမီးရေ…အန်တီကို ဟိုဘက်ရုံးကို ဖုန်းခေါ်ပေးပါဦး”
“သမီးရေ….ဒီမှာ မေသူ့အတွက် အန်တီ မုန့်ဟင်းခါးတွေပိုထည့်လာတယ်”
“ဟောဒီအဆင်လေးကလေ…သမီးနဲ့လိုက်မယ်ထင်လို့ အန်တီပိုဖြတ်လာတယ်။ တ၀တ်စာလေး လေးပဲ”
ဒေါ်ခင်မမတစ်ယောက် အပြင်ထွက်ရမည့်ကိစ္စရှိပါက မေသူပါ အဖော်လိုက်သွားပေးရသည်။ တခြားရုံးခွဲများသို့ စာရင်းစစ်သွားမည့်အခါမျိုးတွင်လည်း မေသူ ပါရသည်။ တခြားရုံးမှသူများက မေသူတို့ကို သားအမိတွေ ဟုခေါ်လျှင် ဒေါ်ခင်မမက ပြုံးပြုံးကြီးနှင့် ငါ့သမီးလေးက အားကိုးရတယ်ဟေ့ ဟု ပြန်ပြောတတ်သည်။ အပြင်လိုက်ရ၍ အပြန်မိုးချုပ်လျှင်လည်း ကားငှားသွား ဟု ဆိုကာ တက္ကစီခကိုပေးသည်။ ထိုအခြေအနေသည် ပြီးခဲ့သော ဒီဇင်ဘာလမှ စပြီး ပြောင်းလဲသွားခဲ့သည်။
စာရင်းကိုင် လေးယောက်ထဲက မဇင်ဆိုသော အစ်မက အလုပ်ထွက်သွားချိန်တွင် မေသူ Level III သင်တန်းအောင်သော အချိန်နှင့်တိုးလေသည်။ ထို့အတွက် နောက်ထပ် စာရင်းကိုင်အသစ်ကို မခန့်ဘဲ မေသူ့ကိုသာ အလုပ်သင်သဘောမျိုးနှင့် ၀င်လုပ်စေ ခဲ့သည်။ မန်နေဂျာကတော့ ဒေါ်ခင်မမနှင့် မေသူ တပူးတွဲတွဲဖြစ်နေသည့်အတွက် မေသူ့ကို ပြန်လည်သင်ပြပေးနိုင်သည်ဟု ထင်နေသည်။ ဒေါ်ခင်မမသည် မေသူ့ကို လက်တိုလက်တောင်းခိုင်း၊ ဟိုဟိုဒီဒီခေါ်သွားလိုသော်လည်း စာရင်းအင်းနှင့် ပတ်သက်သော ကိစ္စများကို တစွန်းတစမှ မညွှန်ပြ။
မေသူထိုင်ရသော စားပွဲသည် ဒေါ်ခင်မမ၏ ရှေ့တည့်တည့်တွင် ဖြစ်သော်လည်း တခါတလေတွင် စကား တစ်ခွန်းမှ မပြောဘဲ နေတတ်သည်။ စားပွဲပေါ်သို့ ဘောင်ချစာရွက်တွေ တထပ်ကြီး လာချပေးပြီး
“ဒါကို စာရင်းသွင်းလိုက်”
“ဒါတွေ ကိုက်၊ မကိုက် ပြန်စစ်လိုက်” ဆိုသော စကားမျိုးကိုသာ ကြားရတော့သည်။ မေသူ့ကို သမီး ဟု ခေါ်သော အသံသည် အတိတ်တွင်သာ ကျန်ခဲ့သည်။
ပြောင်းလဲသွားသော ဒေါ်ခင်မမ၏ ဆက်ဆံရေးကို အားလုံးက အောချကြရသည်။ ယခုအချိန်တွင် တွေ့ဆုံနေရသည့် မေသူနှင့် ဒေါ်ခင်မမသည် မနေ့၊ တနေ့ကမှ တွေ့ကြသူများဖြစ်သွားသည်။ မေသူဘက်က ဘယ်လောက်ကြီးပဲ ခေါ်ပြောချင်နေပါစေ တစ်ဘက်က တုံ့ပြန်မှုရှိမလာသောအခါတွင် ရှိန်လာသည်။ သူတစ်ခွန်းမှ ကိုယ်တစ်ခွန်းဖြစ်လာသည်။ အားလုံးထဲတွင် အသက်ငယ်သော မေသူ့ကို တခြားအမများက ၀ိုင်းဝန်းသင်ပြပေးလျှင်လည်း ရှုံ့ရှုံ့မဲ့မဲ့နှင့်ပင် မကျေနပ်ဟန် အသံပြုသည်။ စာအုပ်များကို ပစ်ချသည်။
“သင်တန်းအောင်လာပြီးတော့ ဒါလောက်လေးတောင် မတတ်ဘူးလား”
“သူ့ကိုပြန်သင်နေရတော့ တခြားသူတွေ အလုပ်ချိန်ထိခိုက်တာပေါ့” ဆိုသောစကားများကို မေသူ မကြားကြားအောင် ပြောတတ်သည်။
အပေါ်ထပ် စာရင်းကိုင်အခန်းတွင် အလုပ်စ ၀င်သောနေ့က အဖြစ်အပျက်ကို ယနေ့အထိ မမေ့သေးပေ။ ထိုနေ့တွင် မေသူ့ကို အမေက ရွှေဆွဲကြိုး မျှင်မျှင်လေးနှင့် ပန်းခက်ပုံဆွဲပြားလေးကို ဆင်ပေးသည်။ မေသူ့သဘောကတော့ ဘယ်မှာပဲလုပ်လုပ် သူမ၀တ်ဆင်နေကြ ဖန်စီကြိုးလှလှလေးတွေကိုသာ ၀တ်ချင်သည်။ သို့သော် မေမေက လူကြီးတွေနဲ့ အလုပ်လုပ်တဲ့အခါ လူရိုသေရုံလောက်လေးတော့ ၀တ်မှ ပေါ့ ဟုဆိုသောကြောင့် ၀တ်လာရသည်။
“မေသူ့ ကြိုးလေးက လှလိုက်တာနော်။ အ၇င်နေ့တွေတုန်းကတော့ ဆွဲတာ မတွေ့မိဘူး”
“ဘယ်က ၀ယ်လာတာလဲ”

ရုံးအ၀င် လက်မှတ်ထိုးချိန်တွင် အရင်က reception တွင်လုပ်နေကြ သူငယ်ချင်းများက မေးမြန်းကြသည်။ အနောက်တွင် လက်မှတ်ထိုးရန် စောင့်နေသော ဒေါ်ခင်မမရှိနေသည်ကို အမူမဲ့အမှတ်မဲ့ပင် ပြောဆိုနေကြသည်။
“ကဲ…ငါက နင်တို့ ပြောလို့ဆိုလို့ပြီးတဲ့အထိ စောင့်ရဦးမှာလား။ ရွှေဆိုတာကို တခါမှ မမြင်ဖူးကြဘူးလား။ အဲဒါပြောတာပေါ့။ မျောက်ကို ပလ္လင်ပေါ်တင်တော့ ရှင်ဘုရင့်သွေးကြွတယ်ဆိုတာမျိုး။”
မေသူ့တို့ပြောနေသော စကားနှင့် ဆက်စပ်မှုမရှိသော စကားကို ပြောပြီး အပေါ်ထပ်သို့ တဒိုင်းဒိုင်းနှင့် တက်သွားခဲ့သည်။ ကျန်ခဲ့သော မေသူတို့မှာသာ သူ့ကို ငေးကြည့်ရင်း စကားဆက်မဆိုမိ။ အတန်ကြာတော့မှသာ မတိုင်ပင်ဘဲ ရယ်ချမိကြသည်။ ထိုမျှလောက်အထိ အပြောင်းအလဲမြန်သူမျိုးကို မေသူ ယခုမှ တွေ့ဖူးခြင်းဖြစ်သည်။ သူ မနာလို မုန်းတီးဖြစ်ရလောက်အောင် မေသူကတော် နေသည်မဟုတ်ဘဲနှင့် အလိုလို အမြင်ကတ်နေသည်။ သူလက်တိုလက်တောင်းခိုင်းလို့ရမည့် မေသူ မဟုတ်တော့သောကြောင့်သာ ဖြစ်လိမ့်မည်။
“မေသူရေ…ငါ ဖတ်ဖူးတာ တစ်ခုရှိတယ်ဟ။ မိန်းကလေးတွေမှာ ပစ္စည်းတစ်မျိုးက ပိုပါတယ်လို့ပြောတယ်”
ဘောင်ချာစာရွက်များကို မအိက စစ်ပေးပြီး မေသူက စာရင်းသွင်းနေချိန်တွင် အခန်းထဲတွင် ဒေါ်မမကြီး ရှိမနေ။ တခြားသူများကလည်း ရုံးခွဲသို့သွားနေသောကြောင့် မေသူတို့ ၂ ယောက်တည်း ဖြစ်နေသည်။
“ဟင်…ဘာပစ္စည်းလဲ။ မအိကလည်း အရင်းမရှိ၊ အဖျားမရှိ”
“ငါတို့ မိန်းမတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုမှာ Oestrogen လို့ခေါ်တဲ့ ဟော်မုန်းပစ္စည်းတွေရှိတယ်။ အဲဒီ ဟော်မုန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာတွေ ပေါ်လာတာ။ နူးညံ့တာတွေ၊ အသံချိုချိုလေး တွေပေါ့ဟာ။ မိန်းမပီသအောင်ပေါ့ဟာ။ ယောက်ျားလေးတွေမှာတော့ သိပ်မပါဘူး။ ”
“အင်း..အဲဒါဘာဖြစ်လဲမအိ”
“အဲဒီအမျိုးသမီး ဟော်မုန်းက မနာလိုဖြစ်တတ်တယ်ဟ”
“ဟင်..ဟုတ်လို့လား”
“အေး..ဟုတ်တယ်။ အဲဒီဟော်မုန်းများလွန်းနေတဲ့ မိန်းမတစ်ယောက်က တအားမိန်းမပီသလွန်းသွားတယ်။ ကိုယ့်ထက်နိမ့်ကျနေတဲ့ အချိန်မှာတော့ ကူညီချင်တယ်ဟ။ ဖော်ရွေပေးချင်တယ်။ ပေးကမ်းတယ်။ ကြင်နာတယ်။ သနားတယ်ပေါ့ဟာ”
“အင်း”
“အေး…ဒါပေမယ့် ကိုယ်နဲ့ level တူဖြစ်လာပြီ။ အလုပ်ချင်းဆက်စပ်လာပြီဆိုရင်တော့ သနားတတ်တဲ့ စိတ်၊ ကရုဏာစိတ် လေးက ပျောက်သွားရောတဲ့ဟ။ မုဒိတာလည်း မထားနိုင်တော့ဘူးတဲ့။ သူအရင်တုန်းက မေတ္တာထားခဲ့တဲ့သူ ကောင်းစား နေရင်တောင်မှ ငါမွေးတဲ့မျောက်က ငါ့ပြန်ခြောက်ချင်နေပီ။ ကောင်မကိုက ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့ဟာ…အခု ဒေါ်ခင်မမလိုပေါ့”
“အဟုတ်လား”
“မယုံရင် ဒေါ်ခင်မမကို သွားမေးကြည့်ပါလား။ အန်တီအခုလို ပြောင်းလဲသွားတာ ဟော်မုန်းကြောင့်လားလို့..”
ပြောပြီးတော့ မအိက ဟက်ဟက်ပက်ပက်ရယ်တော့ မေသူပါ လိုက်ရယ်လိုက်မိသည်။ မမေးတော့ပါဘူး။ အကောင်လိုက်ကြီးမြင်နေရဲ့နဲ့ အရိပ်ကို လိုက်ရှာမနေချင်တော့။ မေသူသည် ဒေါ်ခင်မမအပေါ်တွင် ယနေ့အထိ မကောင်းသောစိတ်၊ မကောင်းသောအကြံမျိုး မဖြစ်ပေါ်ခဲ့။ သူမတို့ ၂ ယောက်ကြားတွင် ယခင်ကရှိခဲ့ဖူးသော ရိုးသားမှုသည် ပျောက်ဆုံးသွားပြီ။ ဘာကြောင့်များလဲ။ မိန်းမချင်း တူသော် လည်း မေသူတွင် အဲဒီဟော်မုန်းနည်းနေပြီး ဒေါ်ခင်မမတွင် ပိုများနေတာလား။ ဒါကိုတော့ ဘယ်သူက သိနိုင်မှာလဲ။ အမေ ဆုံးမဖူးသလို
“ပင်လယ်ထဲကို ဘာပဲပစ်ချချ ပင်လယ်က ကိုယ့်ကို ပြန်ပေးတယ်။ ကိုယ်ပေးသမျှ အရာထင်မှာပါ”
ဆိုသော စကားသည် ဒေါ်ခင်မမအတွက် ခြွင်းချက်ဖြစ်ပါလိမ့်မည်။
အင်းလေ….ဒေါ်ခင်မမက ပင်လယ်မှ မဟုတ်တာကိုး။
**နှင်းနုလွင်**

No comments:
Post a Comment