တကယ်လို့.....
တစ်နေ့နေ့မှာ အီးမေးလ်နဲ့ မဆက်သွယ်ကြတော့ဘူးဆိုရင် ကျွန်မတို့ အထီးကျန်၊ အဖော်မဲ့တယ်လို့ ခံစားရမလား?
ကွန်ပြူတာရှေ့မှာ ထိုင်ရတာကို ကျွန်မနှစ်သက်တယ်။
ကော်ဖီတစ်ခွက်.. ရနံ့သင်းသင်းက အခန်းတစ်ခုလုံးကို လွှမ်းခြုံလို့...
ကွန်ပြူတာကိုဖွင့် အင်တာနက်ကိုချိတ်ပြီး အဝေးကလာတဲ့ အီးမေးလ်အစောင်စောင်ကို ဖွင့်ကြည့်မိတယ်။ အီးမေးလ်ထဲက စာသားတွေက ကော်ဖီစီးကြောင်းလို အသွေးအသားထဲ နွေးထွေးစွာ စီးဆင်းလို့.....
အီးမေးလ်ပို့တဲ့ သူငယ်ချင်းတွေက ညအမှောင်မှာ အလင်းဖြာတဲ့ “ပိုးစုန်းကြူး” နဲ့တူတယ်လို့ ကျွန်မထင်တယ်။ ခင်မင်မှုလမ်းကို အလင်းနဲ့ ထွန်းညှိဖောက်ပြီး အားအင်ဖြစ်စေတဲ့ မေးလ်တွေကို ကျွန်မဆီ အရောက်ပို့ပေးခဲ့ကြတယ်။ သူတို့ရဲ့ အလင်းကြောင့် လူလူချင်းကြားက နွေးထွေးတဲ့ ခင်မင်မှုမေတ္တာကို ကျွန်မ တွေ့ခွင့်ရခဲ့တယ်။
တွေ့ခွင့်၊ မြင်ခွင့် မရခဲ့တဲ့ နေ့ရက်တွေမှာ ဒီလို အီးမေးလ်နဲ့ ဆက်သွယ်ရတာကို ကျွန်မကြိုက်တယ်။ အီးမေးလ်တွေ ဖတ်နေရရင် အဖော်မဲ့တယ်လို့ ကျွန်မ မခံစားရတော့ဘူး။ ကွန်ပြူတာရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်းတွေရော? ဒီနေ့ ဘယ်လိုခံစားရပါသလဲ?

အင်ဘောက်စ်ထဲမှာ အီးမေးလ်မရှိလို့ အဖော်မဲ့နေပါသလား?
အားမငယ်ပါနဲ့.... အခြားတစ်ဖက်ရဲ့ ကွန်ပြူတာရှေ့မှာ သူငယ်ချင်းရဲ့ စိတ်ပျက်အားငယ်မှုတွေ၊ ဝမ်းနည်း ပျော်ရွှင်မှုတွေကို မျှဝေခံစားပေးမယ့်သူ ရှိနေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မလည်း နွေးထွေးတဲ့ အလင်းကိုဖြာတဲ့ ပိုးစုန်းကြူးတစ်ကောင် ဖြစ်ချင်ပါတယ်။
(ကျွန်မဆီ အီးမေးလ်ပို့တတ်သော သူငယ်ချင်းများ အားလုံးသို့)
**နိုင်းနိုင်းစနေ**
--
Be Happy ,
**From-Moe Moe.**

No comments:
Post a Comment